menu

စားအုန်းဆီစျေး ဆက်တိုက်ကျဆင်းနေ


🎋🎋🎋🎋🎋🎋🎋🎋🎋🎋

⏹စျေးမြင့်တက်နေသည့် စားအုန်းဆီစျေး ဆက်တိုက်ကျဆင်းသွားကြောင်း ဆီလက်လီလက်ကား ရောင်းချနေသည့် လုပ်ငန်းရှင်များနှင့်စားသုံးသူများထံမှ သိရသည်။ ပြည်ပမှ တင်သွင်းနေသည့် စားသုံးဆီအမျိုးမျိုးမှာ နိုင်ငံခြား ငွေလဲလှယ် နှုန်းပေါ်မူတည်နေသည့်အတွက် စျေးမငြိမ်ဖြစ်နေခြင်းဖြစ်ပြီး လက်ရှိတွင် ဒေါ်လာစျေးမှာ အနည်းငယ်ကျဆင်းသည့်အတွက်ကြောင့် စျေးကျသွားခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်တစ်ချို့က ဆိုသည်။

⏹ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက ဆီတစ်ပိဿာလျှင် ၉,၀၀၀ ကျပ်အထက် အထိမြင့်တက်ခဲ့ပြီး အောက်တိုဘာလလယ်တွင် တစ်ပိဿာ ၆,၅၀၀ အထိ ပြန်ကျဆင်းခဲ့ကြောင်းသိရသည်။ ထိုမှ တစ်ဖြည်းဖြည်း ဆက်တိုက်ဆိုသလိုကျဆင်းလာကာ တစ်ပိဿာလျှင် ၅,၈၀၀ မှ ၆,၀၀၀ ကြားအထိ ပေါက်စျေးတွင်အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ ထိုကဲ့သို့ စျေးကျဆင်းနေသည့်အတွက် စျေးကွက်တွင် အရောင်းအဝယ်အေးနေကြောင်းလည်းသိရသည်။

⏹“ဆီစျေးတွေတက်သွားရင် စားသုံးသူတွေက လုပြီးဝယ်ကြတယ်။ အခုစျေးကျတော့ ဝယ်သူနည်းနေတယ်။ စျေးကျနေတယ်ပြောတာကိုအရေးမလုပ်ကြဘူး။ စျေးကကျလာတာ တစ်ပိဿာကို ၅,၈၀၀၊ ၆,၀၀၀ ကျပ်အထိ ဖြစ်နေပြီး ထပ်ကျဖို့လဲရှိနေတယ်ကြားတယ်။ ဒေါ်လာစျေး ကျသွားတာနဲ့လဲဆိုင်တယ်” ဟု ဘုရင့်နောင်ပွဲရုံတွင်ရောင်းချနေသည့် ဆီလုပ်ငန်းရှင်တစ်ဉီးက ပြောသည်။

⏹လက်ရှိ အသင်းအနေဖြင့် စားသုံးသူပြည်သူများစျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက်ရန်ကုန်တိုင်း တွင် စားသုံးဆီတစ်ပိသာလျှင် ၄,၆၀၀ကျပ် နှုန်းဖြင့် လိုက်လံရောင်းချပေးနေကြောင်းသိရသည်။ “ဆီစျေးတွေက အောက်တိုဘာလလယ်တုန်းကတည်းကကျနေတာ ၆,၅၀၀ ဝယ်ရတယ်။ အခု သင်္ဃန်ကျွန်းမြို့နယ်က အောင်မြန်မာ ဆီဆိုင်မှာ တစ်ပိဿာ ၆,၀၀၀ နဲ့ ဝယ်ရတယ်။ မရှိမဖြစ် စားသုံးကုန်မှန်သမျှ စျေးအကုန်ကျစေချင်တယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်မှ စားသုံးသူ ဒေါ်ကြည်ကြည် ကပြောသည်။

⏹လက်ရှိတွင် လျှပ်စစ်မီးပြတ်တောက်မှုတွေကြောင့် ဆီစက်များပုံမှန်လည်ပတ်နိုင်ရန် အခက်အခဲများ ရှိ ခြင်း၊ စက်သုံဆီစျေးများမြင့်တက်ခြင်း စသည့် အခက်အခဲများကြုံတွေ့နေရကြောင်း ဆီစက် လုပ်ငန်းရှင်များထံမှ သိရသည်။ ထို့ကြောင့် ကြိတ်ဆီများဖြစ်သည့် ပဲဆီ နှင့် နှမ်းဆီ မှာတော့ စျေး အတက်အကျနည်းကြောင်း သိရပြီး ရန်ကုန်စျေး ပဲဆီရှယ်တစ်ပိဿာလျှင် ၁၃,၀၀၀ ကျပ်အထိ ရှိပြီး နှမ်းဆီတစ်ပိဿာလျှင် ၉,၅၀၀ အထိ ပေါက်စျေးရှိကြောင်းသိရသည်။

⏹“လျှပ်စစ်မီးလဲမရ စက်သုံးဆီကလဲ စျေးတွေတက်နေတော့ ပဲဆီ နှမ်းဆီ စတဲ့ ကြိတ်ဆီတွေက စျေးရှိတယ်။ ကုန်ကြမ်းရှိမရှိပေါ်မှာလည်း မူတည်တယ်” ဟု ပခုက္ကူမြို့မှ မြေပဲခွဲစက်နှင့်ဆီစက်လုပ်ငန်း မှ ကိုအောင်မျိုး က ပြောထားသည်။ ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမူမှာ တစ်နှစ်လျှင် တန်ချိန် ၁၀သိန်းကျော်အထိ ရှိသောကြောင့် နှစ်စဥ် တန်ချိန် ၆သိန်း မှ ၇သိန်ကြားအား မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံများမှ စားအုန်းဆီများကို အဓိကထား၍ တင်သွင်းနေရကြောင်းသိရသည်။ 

⏹စားအုန်းဆီများကို အဓိက မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံများမှ တင်သွင်းနေရခြင်းဖြစ်ပြီး အင်ဒိုနီးရှားသည် ဧပြီလကုန်မှစတင်ကာ စားအုန်းဆီကို ပြည်ပတင်ပို့မှုတားမြစ်ထားခဲ့ရာမှ ဆီစျေးများ မြင့်တက်ခဲ့ကြောင်းသိရသည်။ ထို့နောက် ပြန်လည်တင်ပို့ခွင်ပြုလာခဲ့ရာ ပြည်ပစားအုန်းဆီဈေးများ ဆက်လက်ပြီး သိသိသာသာကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်း ဆီလုပ်ငန်းရှင်တစ်ချို့ထံမှသိရသည်။

⏹သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ဖိုးချဲ(AMIA)