menu

စျေးကွက်အတွင်း ထောပတ်သီးများစျေးကောင်းရနေ .....


🥑🥑🥑🥑🥑🥑🥑🥑🥑🥑

➡️ စျေးကွက်တွင် ရာသီလွန်သီးများသာကျန်သောကြောင့် ပြည်တွင်း၌ ထောပတ်သီးစျေးကောင်းရနေ ကြောင်းသိရသည်။ ထောပတ်သီးရာသီမှာ ကုန်သွားပြီးဖြစ်၍ စျေးကွက်တွင် ရာသီလွန်သီးများသာ အနည်းငယ်ထွက်ရှိနေသည့်အတွက် စျေးကွက်တွင်ထောပတ်သီးရှားလာကာ စျေးရရှိနေခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံထောပတ်သီးတင်ပို့ရောင်းချသူများအသင်းမှ သိရသည်။ 

➡️ “ဒီချိန်မှာ အများကြီးမထွက်ဘူး၊ ရာသီကျော်အသီးလေးတွေပဲ ကျန်တော့တာ။ အခုလက်ရှိက နည်းနည်းပဲထွက်တော့ ရှားပြီးစျေးကောင်းရတာပါ။ မနှစ်ကဒီချိန် ထောပတ်သီးမထွက်ဘူး၊ ဒီနှစ်မှ အပင်တွေကြီးလာလို့ နည်းနည်းလေးပဲထွက်တာ၊ တန်ချိန်နည်းတယ်” ဟု မြန်မာနိုင်ငံ ထောပတ်သီးတင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးကျော်စိုးမင်းက ပြောသည်။ 

➡️ လက်ရှိ ပြည်တွင်း၌ ရာသီလွန်ထောပတ်သီး တစ်ကီလိုလျှင် ခြံထိုင်စျေး ၆,၀၀၀ မှ ၈,၀၀၀ ကြားထိ ပေါက်စျေးရှိကြောင်းသိရသည်။ ထောပတ်သီးလှိုင်လှိုင်ပေါ်သောရာသီကုန်သွားချိန် တချို့ သီးရန်ကျန်ရှိနေခဲ့သည့် လက်ကျန်အပင်များမှထွက်သည့်အသီးများသာ လက်ရှိစျေးကွက်တွင်ရှိနေပြီး လက်ကျန်သီး မှ တန်ချိန်၅၀ခန့်သာထွက်ကြောင်း သိရသည်။

➡️ “လက်ရှိက နွေသီးတွေဖြစ်ဖြစ်မြောက်မြောက်မပို့ဘူး။ နွေသီးတွေဆိုတော့ သေးသေးလေးတွေ၊ ဟိုနားနည်းနည်းလက်ကျန်၊ ဒီနားနည်းနည်းလက်ကျန်တွေပေါ့၊ လက်ရှိ ထောပတ်သီးက ရာသီကုန်ချိန်ဆိုတော့ စျေးကွက်က သိပ်လှုပ်ရှားမူမရှိဘူး” ဟု ထောပတ်သီးလုပ်ငန်းရှင်တစ်ဦး ကပြောသည်။ 

➡️ ပြည်ပသို့ ထောပတ်သီး ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းအတိုင်း ပြန်လည်တင်ပို့နိုင်သော်လည်း စျေးမရရှိသေးသည့်အတွက် ထောပတ်သီးရာသီချိန်က ထိုင်းနိုင်ငံတခုသာ အဓိကထားတင်ပို့နေကြောင်း သိရသည်။ အချို့နိုင်ငံများမှ ဝယ်ယူရန်ကမ်းလှမ်းမှုများရှိသော်လည်း ပြည်တွင်း၌ ငွေစျေးနှုန်း ၂,၁၀၀ နှုန်းဖြင့်တွက်ချက်ခြင်း၊ ၃၅/ ၆၅ ရာခိုင်နှုန်း ကိစ္စများ စသည့်အခက်ခဲများကြောင့် စျေးနှုန်းရရှိမှုတွက်ခြေ မကိုက်သည့်အတွက် တင်ပို့နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

➡️ ပြီးခဲ့သည့် ထောပတ်သီးရာသီချိန်တွင် တောင်သူများဖြင့်ဖွဲ့စည်းထားသည့် Shan Avocado ကုမ္မဏီမှ 1kg လျှင် ၃.၇အမေရိကန် ဒေါ်လာတဆင့် မလေးရှား နှင့် ထိုင်းသို့ တင်ပို့ခဲ့ကြောင်းသိရသည်။ ထောပတ်သီးများကို ပြည်ပစျေးကွက်အပြင် ပြည်တွင်းစျေးကွက်အတွင်းပါ စားသုံးသူများက စျေးကွက် ရရှိနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း သုံးသပ်ကြသည်။ 

➡️ ထောပတ်သီးကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် မန္တလေးတိုင်းဒေသကြီး (ပြင်ဦးလွင်) တို့မှာ အများဆုံးစိုက်ပျိုးကြပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်း၊ ဖယ်ခုံ၊ လွိုင်လင်တို့တွင် လည်ကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုနှင့် မန္တလေးတိုင်းဒေသကြီး (ပြင်ဦးလွင်)တို့မှာ လည်ကောင်း စိုက်ပျိုးကြကြောင်းသိရသည်။

➡️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ဖိုးချဲ (AMIA)