menu

စျေးကွက်အတွင်း ဆန်စျေးများ ဆက်တိုက်မြင့်တက်နေ .....


🌾🌾🌾🌾🌾🌾🌾🌾🌾🌾

↗️ စျေးတင်ရောင်းချရန်အတွက် အချို့ဆန်ကုန်သည်များမှ ဝယ်ယူသိုလှောင်သူများရှိနေသောကြောင့် ဆန်စျေး အမြင့်စျေးတွင်ဆက်ရှိနေကြောင်း ဆန်ဈေးကွက်မှသိရသည်။ ထို့အပြင်မုန်တိုင်းဖြစ်ပေါ်လာသည့်အပေါ် စိုးရိမ်စိတ်ဖြင့် ဆန်ဝယ်ယူစုဆောင်းနေကြသည့် စာသုံးသူ များလည်းရှိသောကြောင့် ဆန်စျေးမှာ တစ်အိတ်လျှင်ဆန်အမျိုးစားပေါ်မူတည်ကာ ၃၀ ရာခိုင်နှုန်း မှ ၇၀ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်းသိရသည်။

↗️ “ဆန်စျေးကတော့ အတက်စျေးနဲ့ပဲ ငြိမ်နေတာကြာပြီ၊ အဓိကက လှောင်လက်တွေများလာတယ်။ လူမှုကွန်ရက်တွေကနေပြီးတော့ လွဲမှားနေတဲ့သတင်းတွေနဲ့စျေးကို တက်အောင်လုပ်ပြီးမှ ထုတ်ရောင်းကြတာပါ။ ဝယ်နိုင်တဲ့လူတွေက မုန်တိုင်းကြောင့် စိုးရိမ်ပြီးလိုတာထက် ပိုဝယ်ကြတော့ စျေးက မကျဘူးဖြစ်နေတာ။ သိရသလောက်တော့ စျေးကွက်မှာစပါးတွေလည်း လုံလောက်မှုရှိတယ်” ဟု ဆန်ကုန်သည်တစ်ဦးက ပြောသည်။

↗️ ထို့အပြင် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် အချို့ဆန်စက်များ လည်ပတ်မှု အားနည်းလာခြင်း ဖြစ်ကြောင်း စျေးကွက်သို့ ဆန်ဝင်ရောက်မှုနည်းနေခြင်းလည်းဖြစ်ကြောင်း ဆန်စက်လုပ်ငန်းရှင်များက ဆိုသည်။ အဆိုပါဆန်အဝင်နည်းနေသည့် သတင်းများကြောင့် ရန်ကုန်လက်လီဈေးကွက်တွင် ပုံမှန်ထက် ဆန်တစ်အိတ်လျှင် ငွေကျပ် တစ်သောင်းခွဲအထိ မြင့်တက်သွားကြောင်း ရန်ကုန်မြို့သင်္ဃန်းကျွန်း မြို့နယ်နေသူ တစ်ဦးကပြောသည်။

↗️ "ဆန်စျေးက ဆက်တိုက်ဆိုသလို တက်လာတာ။ တခါဝယ် တစ်ခါတက်နေတယ်။ အရင်က ရက်(၉၀) ဆန်ကြမ်း ၇၂,၀၀၀ ဝယ်ရတယ်။ အခု ၈၄,၀၀၀ ဖြစ်သွားတယ်” ပြောသည်။ အဆိုပါ ဆန်ဈေးများ မြင့်တက်နေမှုနှင့်ပတ်သတ်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ဆန်စက်၊ ဆန်ကုန်သည်များ နှင့် ဆန်အရောင်းဆိုင်များ ဆန်တန်ချိန် ၅၀၊ စပါးတင်း ၅၀၀၀ ထက်ပိုမိုသိုလှောင်မည်ဆိုပါက သိုလှောင်ရုံမှတ်ပုံတင်စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောထားသည်။ ထိုကဲ့သို့ မှတ်ပုံတင်ခြင်း ရှိ၊ မရှိကို ကြပ်မတ်သွားမည်ဖြစ်ပြီး မှတ်ပုံမတင်ပါက ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်းလည်းသိရသည်။

↗️ လက်ရှိ ပြည်တွင်းဆန်ဖူလုံမှု၊ ပိုလျှံမှုကအမှန်တကယ်ရှိသောကြောင့် ပြည်သူများစိုးရိမ်ဖို့ မလိုအပ်ကြောင်း၊ ပြည်သူတွေအနေဖြင့် ဆန်စပါးဝယ်ယူစုဆောင်းခြင်းများမလုပ်ကြရန် နှင့် လိုအပ်သည့်ပမာဏကိုသာဝယ်ကြရန် ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။ ပြည်တွင်းဆန်ဖူလုံမှုရှိမှသာ ပြည်ပသို့ ဆန်တင်ပို့နေခြင်းဖြစ်ပြီး ယခု၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန်၂ ဒဿမ ၅ သန်း တင်ပို့နိုင်ရန်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

↗️ လာမည့် မိုးစပါးအတွက် အစေ့ချစနစ်ဖြင့် အများဆုံးစိုက်ပျိုးနေကြပြီးဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ် မိုးစပါးနှင့် နွေစပါး စိုက်ဧက ခန့်မှန်းခြေ ဧက ၁၆ သန်းကျော်အထိ ထွက်ရှိကြောင်းသိရသည်။

↗️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ဖိုးချဲ (AMIA)