menu

စျေးတက်နေဆဲ “မတ်ပဲ”


🍃🌱🍃🌱🍃🌱🍃🌱🍃🌱🍃

⏩မတ်ပဲအပါအဝင်ပဲမျိုးစုံတို့၏စျေးနှုန်းများသည် ဝယ်လိုအားကောင်းနေခြင်း၊ မြန်မာငွေကြေးစျေးနှုန်း ကျဆင်းခြင်းတို့ကြောင့် စျေးတန်းအမာဘက်တွင်ရပ်တည်နေသည်မှာ (၂) လနီးပါးခန့်ရှိလာပြီဖြစ်သည်။

⏩တရိပ်ရိပ်ဆက်တက်လာနေသော မတ်ပဲစျေးနှုန်းသည် အချို့ရက်များတွင် ငွေကြေးစျေးနှုန်းကြောင့် အနည်း ယ်ကျဆင်းသွားသည်မှလွဲ၍ တက်မြဲတက်လျှက်ရှိသည်။ ယခင်သီတင်းပတ်တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၄၉,၂၀၀ ဖြစ်ခဲ့ပြီး စက်တင်ဘာလ (၁၀) ရက်နေ့တွင် ကျပ် ၅၀,၀၀၀၊ (၁၁) ရက်နေ့တွင် ကျပ် ၅၀,၇၀၀၊ (၁၂) ရက်နေ့တွင် ကျပ်၅၀,၈၀၀၊(၁၃) ရက်နေ့တွင် ကျပ်၅၀,၃၀၀၊ (၁၄) ရက်နေ့တွင် ကျပ်၄၇,၇၀၀ သို့ပြန်လည်ကျဆင်းသွားပြီး (၁၅) ရက်နေ့တွင် ၄၉,၈၀၀၊ (၁၆) ရက်နေ့တွင် ကျပ်၅၁,၅၀၀ နှင့် (၁၇) ရက်နေ့တွင် ကျပ်၅၂,၀၀၀ စသည်ဖြင့်အသီးသီး ဖြစ်ခဲ့ပါသည်။

⏩အိန္ဒိယနိုင်ငံအစိုးရက မတ်ပဲနှင့် ပဲစင်းငုံတင်သွင်းခွင့်ကို ယခင်က ၂၀၂၁ အောက်တိုဘာလ (၃၁)ရက် အထိနောက်ဆုံးတင်သွင်းရန် သတ်မှတ်ထားပြီး ယခုအခါ ဒီဇင်ဘာလ (၃၁)ရက်အထိ တိုးမြှင့်သတ်မှတ် ပေးလိုက်သည်။ အိန္ဒိယနိုင်ငံ၏ ပြည်တွင်းပဲစျေးကွက်သို့ မတ်ပဲအသစ်များစတင်ဝင်ရောက်လာချိန်တွင် ပြည်ပမှတင်သွင်းသည့်ပဲများအလုံးအရင်းဖြင့်ဝင်ရောက်ပြီး ပဲစျေးကျဆင်းခြင်းကို ထိန်းသိမ်းရန်လည်း ရည်ရွယ်ရင်းဖြစ်နိုင်သည်။

⏩မြန်မာမတ်ပဲသည်လည်း လက်ကျန်နည်းပါးလာပြီဖြစ်ပြီး ထိုကဲ့သို့ တင်သွင်းခွင့်ကာလထပ်တိုးပေးလိုက် သဖြင့် မြန်မာဘက်မှအလျင်စလိုတင်ပို့ရောင်းချရန်မလိုတော့ပဲ အချိန်ပိုရခြင်းကြောင့် မြန်မာကုန်သည် များအနေဖြင့် ပဲစျေးလျှော့ရောင်းရန်အလားအလာမရှိနိုင်ကြောင်း ၎င်းတို့ဘက်မှသုံးသပ်ပါသည်။ ထို့ကြောင့် မြန်မာဘက်မှတင်ပို့ရောင်းချနေသည့် ပဲမျိုးစုံတို့၏စျေးနှုန်းများအဆောတလျင် ကျဆင်းသွားဖွယ်ရာမရှိနိုင်ကြောင်းသုံးသပ်ရပါသည်။ အိန္ဒိယနိုင်ငံသည် အာဖရိကမှပင် ပဲဝယ်ယူ တင်သွင်းရန်ကြိုးစားလာသည်ကိုကြည့်ခြင်းဖြင့် နိုင်ငံတွင်းပဲလိုအပ်ချက်မြင့်မားနေကြောင်း ခန့်မှန်းရနိုင်သည်။

⏩တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ယခုလ လလယ်တွင်ပြန်လည်ဖွင့်လှစ်မည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ယခုအခါ တရုတ်နိုင်ငံတွင်ကျင်းပမည့် Covid- 19 ကူးစက်ရောဂါ နှင့်ဆက်စပ်သော အစည်းအဝေးကို နိုင်ငံတကာကိုယ်စားလှယ်များတက်ရောက်မည်ဖြစ်သောကြောင့် လုံခြုံရေးအရ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ဆက်လက်ပိတ်ထားမည်ဖြစ်ပြီး ထိုအစည်းအဝေးပြီးမှသာ ကုန်သွယ်ရေးလမ်းကြောင်းများပြန်လည်ဖွင့်လှစ်မည်ဟု ခန့်မှန်းရကြောင်း သိရှိရသည်။

⏩သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန်တင်ပြအပ်ပါသည်။

Credit to : ဧရာကုန်သွယ်မှုဗဟိုဌာန 

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

17-9-2021