menu

စိုးရိမ်ရန်မလိုသော်လည်း သတိတော့ထားရမည့် "ကော်ဖီနှံကောင်"



♦️စိုးရိမ်ရန်မလိုသော်လည်း သတိတော့ထားရမည့် "ကော်ဖီနှံကောင်"♦️
 🌿🦗🌿🦗🌿🦗🌿🦗🌿🦗🌿🦗🌿

 ☑️ပြည်ပနိုင်ငံများတွင် ကျရောက်ပြီး အိမ်နီးချင်းအိန္ဒိယနိုင်ငံအထိ ခြေဆန့်လာသည့် ဖျက်အားပြင်း ကန္တာရကျိုင်းကောင်(နှံကောင်) များ မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိလာနိုင်သည်ဆိုသည့် သတင်းဆိုးထွက်ပေါ်လာချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင် ပြည်တွင်းရှိ ကျိုင်းကောင်မျိုးစိတ်တစ်ခုက ဒေသအချို့တွင် ထွက်ပေါ်လာသည်။ ကန္တာရကျိုင်းကောင်များ ဝင်ရောက်မည့်အရေး စိုးရိမ်ထိတ်လန့်နေကြသည့်အချိန်တွင် ယခင်က သိပ်မတွေ့ရတတ်သည့် ပြည်တွင်းမျိုးစိတ်ကျိုင်းကောင်များက ဒေသအချို့တွင် ထွက်ပေါ်လာခဲ့ရာ ကန္တာရကျိုင်းများ ပြည်တွင်းရောက်နေပြီလားဟူသည့် စိုးရိမ်စိတ်များ ဖြစ်ခဲ့ရသည်။  

☑️အဆိုပါကျိုင်းကောင်များကို စိုက်ပျိုးရေးဦးစီးဌာနနှင့် သီးနှံကာကွယ်ရေးဌာနခွဲတို့ရှိ ပညာရှင်များက ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကန္တာရကျိုင်းကောင်မဟုတ်ကြောင်း၊ ပြည်တွင်း၌ ယခင်ကတည်းကရှိသည့် ကော်ဖီနှံကောင်များသာဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံများကို ဖျက်ဆီးတတ်သည့် မျိုးစိတ်မဟုတ်သဖြင့် စိုးရိမ်ရန်မလိုကြောင်း ရှင်းလင်းထုတ်ပြန်ခဲ့ရသည်။ဇူလိုင်လကုန်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းနှင့် ဝန်းသိုမြို့နယ်တို့တွင် ကော်ဖီနှံကောင်များ စတင်ကျရောက်ခဲ့သည်။ လက်ရှိအချိန်အထိ မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူး၊ ကချင်၊ ကရင်၊ ရခိုင်၊ ကယား၊ ရှမ်းစသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုတွင် ကော်ဖီနှံကောင်များ ကျရောက်ခဲ့ကြောင်း သီးနှံကာကွယ်ရေးဌာနခွဲ ပိုးမွှားဗေဒဌာနစု လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်မာလာမြင့်က ပြောသည်။ 

☑️ယခင်ကတည်းက ပြည်တွင်း၌ရှိနေပြီး သစ်တောကြီးများတွင် နေထိုင်သည့် ကော်ဖီနှံကောင်များ လူမြင်ကွင်းသို့ အများအပြားရောက်ရှိလာခဲ့ခြင်းမှာလည်း ထူးခြားမှုတစ်ခုဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုနှင့် သစ်တောများ ပြုန်းတီးမှုများက ကော်ဖီနှံကောင်များ ထွက်ပေါ်လာသည့် အကြောင်းရင်းများဖြစ်နိုင်ကြောင်း ပညာရှင်များက ပြောသည်။“ရာသီဥတုပြောင်းလဲလာတာ၊ သစ်တော်ပြုန်းတီးတာ၊ မိုးခေါင်တာ၊ လူတွေကနေတဲ့နေရာတွေ ချဲ့ထွင်လာတယ်။ နဂိုကသစ်တောတွေပဲရှိတော့ သူတို့နေကြတယ်။ အခုက လူတွေက နေအိမ်ဆောက်လာတော့ ပိုးကောင်လေးတွေဟာ နေစရာနေရာမရှိတော့ နေရာတစ်ခုကို ပြောင်းသွားတဲ့သဘောပါ“ဟု ဒေါက်တာခင်ခင်မာလာမြင့်က ပြောသည်။ 

☑️နှံကောင်(ကျိုင်းကောင်) များ၏ ပေါက်ဖွားနှုန်းမှာ ရာသီဥတုအပေါ်မူတည်ပြီး အနည်း၊အများဖြစ်နိုင်ကြောင်း၊ နှစ်စဉ်ဆက်တိုက် ပေါက်ဖွားနှုန်းများမည်ဟု မပြောနိုင်ကြောင်း သီးနှံကာကွယ်ရေးဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီနီထိန်က ပြောသည်။ “လက်ရှိ ရာသီဥတုအခြေအနေကြောင့် အကောင်ပေါက်ဖွားနှုန်းက အများကြီးဖြစ်နိုင်တယ်။ ရာသီဥတုပေါ်မှီပြီးတော့ ပေါက်ဖွားနှုန်းက တက်လာနိုင်သလိုကျလာနိုင်တယ်။ နောက်ပြီးတော့ ကမ္ဘာကြီးရဲ့ ပြောင်းလဲနေတဲ့ ရာသီဥတုကြောင့် ဒီအကောင်တွေက ပေါက်ဖွားနှုန်းများလာတာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် နှစ်တိုင်း ဆက်တိုက်ကြီး များချင်မှလည်းများမယ်။ ဒီတစ်နှစ် များလာပြီးတဲ့အခါမှာ အကောင်တွေရဲ့ သဘာဝအရ သုံးလေးနှစ်နေပြီး နည်းသွားတတ်တယ်။ နောက်ဘယ်အချိန်မှာ ပေါက်ဖွားနှုန်းများလာမလဲဆိုတာ ပြောလို့မရဘူး။ သဘာဝ၊ ရာသီဥတုအခြေအနေနဲ့ဆိုင်သလို သူ့အပေါ်မှာ မှီခိုနေတဲ့ မိတ်ဆွေ ပိုးတွေ နည်းသွားတဲ့အပေါ်မှာလည်း မူတည်နေပါတယ်”ဟု ဒေါ်နီနီထိန်က ပြောသည်။

 ☑️ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ရှိ ကမ်းခြေများတွင် ဇူလိုင်လ တတိယပတ်က ကော်ဖီနှံကောင်ကျရောက်ပြီး အုန်းရွက်များကို ကိုက်ဖြတ်ဖျက်ဆီးခဲ့သည်။ အုန်းပင်များရှိ အုန်းရွက်များကို လုံးဝစားသောက်ဖျက်ဆီးခဲ့သဖြင့် အုန်းပင်သေဆုံးမည်ကို စိုးရိမ်ခဲ့ရကြောင်း ဒေသခံများကပြောသည်။ အဆိုပါ နှံကောင်ကျရောက်သည့် နေရာများကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဒေသခံများကို ပညာပေးဆွေးနွေးခဲ့ရသည်။ 

☑️“ကော်ဖီနှံကောင်တွေက အုန်းတောတွေမှာ ရှင်သန်တဲ့မျိုးစိတ်တွေ ဖြစ်ပါတယ်။ အုန်းတောတွေမှာတော့ အရွက်တွေ တော်တော်များများကို ကိုက်ဖြတ်ပစ်တာတွေ ရှိနေပါတယ်။ တော်တော်များများ အုပ်စုလိုက်တွေ ကျရောက်နေတာဖြစ်ပါတယ်။ အုန်းပင်တွေမှာဆို အရွက်တွေကို ပြောင်နေအောင်ကိုက်ဖြတ်ထားတာ တွေ့ရပါတယ်။ အပင်တွေက သေတော့ မသေနိုင်ပါဘူး”ဟု ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးဇော်က ပြောသည်။

 ☑️ကော်ဖီနှံကောင်များ ကျရောက်ခဲ့သည့် ပြည်နယ်နှင့် တိုင်း ၁၀ ခုတွင် လူများစိုက်ပျိုးထားသည့် သီးနှံစိုက်ခင်းများတွင် ကျရောက်သည်ကို တွေ့ရှိရသည့် ဒေသမှာ မကွေးတိုင်းဒေသကြီး ဖြစ်သည်။ မကွေး၊မြို့သစ်၊ မင်းဘူး၊ စလင်း၊ ပေါက်မြို့နယ်တို့နှင့် ဂန့်ဂေါမြို့နယ်တို့ရှိ နှမ်းစိုက်ခင်း ၃၃ဧကခန့်တွင် စိုက်ခင်းများ၏ အစိတ်အပိုင်းအချို့တွင် ကော်ဖီနံှကောင်များ ကျရောက်ပြီး တစ်ရာခိုင်နှုန်းခန့် ပျက်စီးကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီး ဌာန ဦးစီးမှူး ဦးလင်းမြတ်ကပြောသည်။ 

 ☑️မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြူချောင်းကျေးရွာမှ တောင်သူ ဦးဇော်လင်းက “နှမ်းခင်းကတော့ အခုလောလောဆယ် ပိုးလွတ်သွားလို့ နည်းနည်းတော့ ကြည့်ကောင်းသွားပါပြီ။ ပိုးတွေ(နှံကောင်) ကိုက်တုန်းကတော့ အကုန်လုံး ငုတ်တိုတွေဖြစ်သွားတာပေါ့ဗျာ”ဟု ပြောသည်။ ကော်ဖီနှံကောင်များမှာ စိုက်ခင်းများအတွင်း မကျရောက်တတ်သည့်အပြင် အချိန်ပိုင်းခဏသာကျရောက်ပြီး ပျောက်သွားတတ်သည့်အတွက် စိုးရိမ်ရန်မလိုဟုဆိုနိုင်သော်လည်း ကျရောက်ခဲ့သည့် နှမ်းစိုက်ခင်းများမှာ ထိခိုက်ပျက်စီးပြီး ထွက်နှုန်းကျဆင်းမှုနှင့်ရင်ဆိုင်နေရကြောင်း ကော်ဖီနှံကောင် ကျရောက်ခဲ့သည့် ကြူချောင်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးမြဦးကပြောသည်။“မိုးခေါင်တာလည်းဖြစ်တော့ အပွင့်များတဲ့အချိန်၊ အရွက်များတဲ့အချိန်မှာ အရည်ရွှမ်းတော့ စားတာများတယ်။ စားရုံတင်မဟုတ်ဘူး၊ အပင်တွေပါ ဇက်ကျိုးကုန်တယ်။ ဒီအကောင်တွေ (ကော်ဖီနှံကောင်)က ပိုးများခဲ့ရင် နှမ်းခင်းပိုပြီးပျက်စီးမှုများနိုင်တယ်။ နှမ်းခင်တင် မဟုတ်ဘဲ မြေပဲခင်းအရွက်တွေပါ စားတယ်။ အရင်နှစ်က ကျတာလည်းမရှိခဲ့ဘူး။ ဒီနှစ်က ပျက်စီးမှုအများဆုံးဖြစ်တာပဲ”ဟု ပြောသည်။ 

 ☑️နှံကောင်များ စားသောက်သွား၍ အရွက်များမရှိတော့သည့် အပင်များတွင် အရွက်သစ်များ ပြန်ထွက်လာပြီး အပင်မသေသော်လည်း နှမ်းအထွက်နှုန်းမှာမူ သုံးပုံနှစ်ပုံအထိ ကျဆင်းသွားနိုင်သည်ဟု ခန့်မှန်းထားကြောင်း ၎င်းင်းကပြောသည်။ ယခင်နှစ်က ပုံမှန်နှမ်းပင်တစ်ပင်တွင် သီးသည့် အသီးတောင့်အရေအတွက်ထက် နှံကောင်ကျအပြီး နှမ်းအသီးတောင့်အရေအတွက်မှာ သုံးပုံနှစ်ပုံခန့် ကျသွားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ယခင်နှစ်က နှမ်းတစ်ဧကလျှင် ၂၅ တင်းထွက်ရှိရာမှ ယခုနှစ်တွင် ၁၀ တင်းခန့်သာ ထွက်နိုင်ကြောင်း ၎င်းကပြောသည်။ 

☑️နှံကောင်ကျသဖြင့် ဆေးသုံးကြိမ်ပက်ဖျန်းခဲ့ရပြီး ဆေးဖိုးနှင့် လုပ်သားခစုစုပေါင်း ကျပ်သုံးသိန်းအထိ ကုန်ကျစရိတ်ရှိသဖြင့် နှမ်းက အရှုံးပေါ်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။ ထို့ကြောင့် သဘာဝဘေးကြောင့် သီးနှံပျက်စီးမှုစာရင်းများ ကောက်ရာတွင် ထိခိုက်သည့် နှမ်းစိုက်ခင်းဧက ၃၀ ရှိကြောင်း စာရင်းပေးထားကြောင်း ၎င်းကပြောသည်။ရာသီဥတုအပေါ်မူတည်ပြီး ထွက်ပေါ်လာသော ကော်ဖီနှံကောင်များမှာ ရာသီဥတုက အခြေအနေပေးသော လာမည့်နှစ်များ၊ အချိန်အခါများတွင် ထပ်မံပေါ်ထွက်လာဦးမည်၊ မလာမည်ကို မသိရသေးသော်လည်း တစ်ခါကြုံဖူးပြီဖြစ်သည့် ဦးမြဦးက နှံကောက်ကျရောက်စဉ်က စိုက်ပျိုးရေးဦးစီးဌာနက ပေးထားသည့်ဆေးများကို အရန်သင့်ထားပြီး ကြိုတင်စောင့်ဆိုင်းကာကွယ်မည်ဖြစ်ကြောင်း ပြောသည်။

 ☑️ရာသီဥတုကြောင့် ပေါက်ဖွားနှုန်း များလာနိုင်ခြေလည်း ရှိနေသည့်အပြင် ၎င်းတို့ နေထိုင်ကျက်စားသည့် သစ်တော၊ သစ်ပင်ကြီးများ လျော့နည်းလာသည့်အတွက် စားကျက်သစ် ပြောင်းရွှေ့ခြင်းများလည်းရှိလာနိုင်သည့်အတွက် ကော်ဖီနှံကောင်များကို လတ်တလောတွင် စိုးရိမ်ရန်မလိုသည်မှာ မှန်သော်လည်း သတိထားစောင့်ကြည့်သင့်ကြောင်း ၎င်းကပြောသည်။သီးနှံကာကွယ်ရေးဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မာလာမြင့်ကမူ “သီးနှံတွေကိုစားတဲ့အကောင်မဟုတ်ပါဘူး။ သီးနှံစားပင်မဟုတ်တဲ့အပင်တွေမှာ ခဏနားခိုနေတာဖြစ်တယ်။ဒါပေမယ့် နည်းနည်းတော့စားနေတာတော့ရှိတယ်။ ငြိမ်နေပြီးတော့ စားစရာမရှိလို့စားနေတဲ့သဘောပါ။ အဲဒီတော့ သီးနှံတွေဖျက်ဆီးမယ့်အကောင်တွေ မဟုတ်တော့စိုရိမ်စရာမရှိဘူး။ သူ့ရဲ့သဘောတရားကခဏထွက်လာပြီး တစ်လလောက်ဆိုရင်မရှိတော့ဘူး။ နဂိုကတည်းကလည်း မြန်မာနိုင်ငံက ကော်ဖီနှံကောင်တွေ ရှိပြီးသားပါ။ရာသီဥတုအခြေအနေကြောင့် ခဏထွက်လာတဲ့သဘောပါ။ ကြေးမုံ၊ မြန်မာ့အလင်းသတင်းစာတွေထဲမှာလည်း ကော်ဖီနှံကောင်တွေအတွက် မစိုးရိမ်ဖို့ ကြေညာပြီးသားပါ။ နောက်ထပ်လည်း ဒီပိုးကောင်တွေနဲ့ပတ်သက်ပြီး သတင်းစာတွေထဲမှာ မစိုးရိမ်ဖို့ ထပ်ပြီးကြေညာပေးသွားပါမယ်”ဟု ပြောသည်။ 

ပံဆင့်အောင်၊ အောင်တင်ဝင်း၊ မြင့်ဇော်ထွန်း 
မြန်မာတောင်သူကြီးများဂျာနယ် ၂၀၂၀ပြည့်နှစ် ဩဂုတ်လ (၁၀)ရက်။