menu

စိုက်ပျိုးရေးတွင် ဆားခါး၏အသုံးဝင်ပုံ


🌱🌱🌱🌱🌱🌱🌱🌱🌱🌱 

↗️ ဆားခါး၏ ဓာတုဗေဒအမည်မှာ မဂ္ဂနီဆီယမ် ဆာလ်ဖိတ် Magnesium Sulphate (MgSo4)ဖြစ်သည်။ ဆားခါးကို ဝမ်းနှုတ်ဆေးတစ်မျိုးအဖြစ် အသုံးပြုကြသော်လည်း မြေသြဇာအဖြစ် အသုံးပြုရန် သတိမထားမိကြပေ။ ဆားခါးတွင် အပင်များအတွက် မရှိမဖြစ်လိုအပ်သော ဒြပ်စင်နှစ်မျိုးဖြစ်သည့် မဂ္ဂနီဆီယမ် Magnesium နှင့် ဆာလ်ဖာ Sulpha ခေါ် ကန့်ဓာတ် ပါဝင်နေသည်။ 

↗️ အပင်များ အလင်းမှီအစာဖွဲ့ခြင်း Photosynthesis ဖြစ်စဉ်မှာ နေရောင်ခြည်မှ အလင်းစွမ်းအင်ကို အပင်အတွင်း ဇီဝစွမ်းအင်၊ ဓာတုစွမ်းအင်အဖြစ် ပြောင်းလဲခြင်းဖြစ်စဉ်ဖြစ်သည်။ ထိုဖြစ်စဉ် ဖြစ်မြောက်ရန် အဓိကလိုအပ်သော အစိမ်းရောင်ချယ် ကလိုရိုဖီးလ်၏ အဓိကဓာတ်စင်မှာ မဂ္ဂနီဆီယမ် ဖြစ်သည်။ မဂ္ဂနီဆီယမ် ကြောင့်သာ အစိမ်းရောင်ချယ် ကလိုရိုဖီးလ် ဖြစ်ပေါ်နိုင်သဖြင့် အပင်များစိမ်းစေရန် မဂ္ဂနီဆီယမ်မြေသြဇာကို အသုံးပြုရန်လိုအပ်ပေသည်။ အပင်များမှာ ကလိုရိုဖီးလ်ကြောင့် စိမ်းပြီးနေပါမှ ကျန်းမာကြမည်ဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးသူများအနေနှင့် အပင်များကျန်းမာနိုင်ရန် စိမ်းစိုနိုင်ရန် မဂ္ဂနီဆီယမ်မြေသြဇာကျွေးကြသည်။ 

↗️ ဆာလ်ဖာ ခေါ် ကန့်ဓာတ်မှာ အပင်များအတွက် အဓိက အများလိုဓာတ်စင် (၃) မျိုးဖြစ်သော နိုက်ထရိုဂျင် (N)၊ ဖေါ့ဖရပ်(စ်) ခေါ် မီးစုန်းဓာတ် (P) နှင့် ပိုတက်စီယမ် ခေါ် ပြာဓာတ် (K) တို့မှလွဲလျင် အရေးအပါဆုံးဓာတ်စင်ဖြစ်သည်။ အဓိကအားဖြင့် အပင်များအတွက် မရှိမဖြစ်လိုအပ်သော အမိုင်နိုအက်ဆစ်များအနက် (၃) မျိုးမှာ ဆာလ်ဖာ ပါဝင်နေသည်။ အပင်တိုင်း အနေနှင့် ဆာလ်ဖာကို မရှိမဖြစ် လိုအပ်သော်လည်း အထူးသဖြင့် ကြက်သွန်ဖြူ၊ ကြက်သွန်နီကဲ့သို့ အပင်များ၊ ဆီထွက်သီးနှံများနှင့် ပဲအမျိုးမျိုးတို့တွင် ပိုမိုလိုအပ်သည်။ ဆာလ်ဖာ လိုအပ်မှုများသော အမိုးနီးယမ်း ဆာလ်ဖိတ်ကို အသုံးများသည်။ မဂ္ဂနီဆီယမ်ဆာလ်ဖိတ် ခေါ် ဆားခါး ကိုကား မဂ္ဂနီဆီယမ် မြေသြဇာ အဖြစ်သာ အဓိကထားအသုံးပြုကြသည်။ ထိုမြေသြဇာမှာ ရေတွင်ကောင်းစွာပျော်ဝင်သောကြောင့် မြေသြဇာအဖြစ်သာမက အရွက်ဖျန်းမြေသြဇာအဖြစ်ပါ ကောင်းစွာအသုံးပြုနိုင်ကြသည်။ 

↗️ ဆားခါး၏ အခြားထူးခြားသော ဂုဏ်သတ္တိများမှာ အစေ့များ အညှောင့်ပေါက်ခြင်းကို ကောင်းမွန်စေခြင်း ဖြစ်သည်။ ထို့ကြောင့် သီးနှံပင်များ၏ အစေ့များအညှောင့်ပေါက်သောအခါ ပိုတက်စီယမ်နိုက်ထရိတ် အရည်ထဲ ခေတ္တစိမ်ပြီးမှအညှောင့်ပေါက်သကဲ့သို့ မဂ္ဂနီဆီယမ်ဆာလ်ဖိတ်(ဆားခါး) ကိုလည်း အလားတူ အသုံးပြုနိုင်သည်။ အစေ့များအညှောင့်ပေါက်ခြင်းကိုသာမက ပင်ပေါက်ငယ်များ ဆက်လက်ကြီးထွားခြင်းကိုလည်းအားပေးသည်။ 

↗️ မဂ္ဂနီဆီယမ်ဆာလ်ဖိတ်သည် အပင်များစိမ်းရန်အသုံးပြုရုံမက၊ ယင်းကိုအသုံးပြုခြင်းဖြင့် အဓိက အများလိုဓာတ်စင်များဖြစ်သော NPK ဓာတ်စင်များကိုစုပ်ယူရာတွင် ပိုအထောက်အကူဖြစ်စေသည်။ ထိုဓာတ်စင်(၃)မျိုးတို့၏ ဓာတ်မြေသြဇာများ၏အာနိသင်ကို ပို၍ကောင်းမွန်စေသည်။ နှစ်ကာလ ကြာရှည်စွာသီးနှံများစိုက်ပျိုးရာတွင် မြေဆီလွှာအတွင်း မဂ္ဂနီဆီယမ်ချို့တဲ့မှုဖြစ်ပေါ်မြဲဖြစ်သည်။ 

↗️ အပင်များကစုပ်ယူစားသုံးသောပမာဏကို ရေမပျော်သောပမာဏမှ ရေပျော်အသုံးပြုနိုင်သော ပမာဏအထိ မဖြစ်ပေါ်နိုင်သဖြင့် စိုက်ပျိုးသူများအနေနှင့် ဆားခါးကဲ့သို့ မဂ္ဂနီဆီယမ် မြေသြဇာများကို အသုံးပြုရန်လိုအပ်သည်။ မဂ္ဂနီဆီယမ် ဆာလ်ဖိတ်မှာ မြေဆီလွှာအတွင်း ကြာရှည်စွာရှိမနေဘဲ စိမ့်ယို ပျောက်ကွယ်နိုင်သဖြင့် ယင်းကို လိုအပ်သည်ထက် ပိုအသုံးမပြုသင့်ပေ။ အကယ်၍ လိုအပ်သည်ထက် ပိုအသုံးပြုပါက သီးနှံပင်များ မစားသုံးမှီ မြေဆီလွှာမှ ပျောက်ကွယ်မည် ဖြစ်သည်။ ယေဘူယျအားဖြင့် စိုက်ခင်း တစ်ဧကအတွက် တစ်နှစ်တာကာလအတွင်း ပေါင်ချိန် အနည်းငယ်သာ အသုံးပြုကြသည်။ 

↗️ ငရုတ်စိုက်ပျိုးရာတွင် အခြားသမရိုးကျမြေသြဇာများထက် ဤဆားခါးကို အသုံးပြုသောအခါ ငရုတ်ပင်၏ အထွက်နှုန်းနှင့် အရည်အသွေးပါ ပိုကောင်းလာသည်။ အိမ်အလှစိုက်အပင်များကိုကား ဆားခါး စားပွဲတင်ဇွန်း ၂ဇွန်း(၁၈-ဂရမ်) ကို ရေတစ်ဂါလံတွင်ဖျော်ပြီး တစ်လတစ်ကြိမ် တိုက်ကျွေးရန် လိုသည်။ ခရမ်းချဉ်ပင်များကို မြေတစ်စတုရန်းပေတွင် စားပွဲတင်ဇွန်းတစ်ဇွန်းကို ၂ပတ်တစ်ကြိမ် ကျွေးလို့ရသည်။ 

↗️ ပိုတက်စီယမ်မြေသြဇာများကို ကာလအတော်အသင့်အသုံးပြုခဲ့သောစိုက်ခင်းတွင် မဂ္ဂနီဆီယမ် ချို့တဲ့လာမြဲဖြစ်သည်။ ထို့ကြောင့် ထိုအခြေအနေမျိုးတွင် မဂ္ဂနီဆီယမ်ဆာလ်ဖိတ် (ဆားခါး) ကို အလေးထားအသုံးပြုခြင်းဖြင့် မဂ္ဂနီဆီယမ်ချို့တဲ့မှုကိုကာကွယ်နိုင်ပြီး သီးနှံအထွက်နှင့် အရည်အသွေးကို များစွာကောင်းမွန်စေမည်ဖြစ်သည်။ နှင်းဆီပင်များအတွက် စိုက်ပျိုးမြေတစ်ပေပတ်လည်တွင် ဆားခါး စားပွဲတင်ဇွန်းတစ်ဇွန်းကို နှစ်ပတ်တစ်ကြိမ်ကျွေးသင့်သည်။ မြေချမစိုက်ရသေးသော ပျိုးအိတ်များကိုကား ရေတစ်ဂါလံတွင် ဆားခါး စားပွဲတင်ဇွန်း တစ်ဇွန်းဖြင့်ကျွေးပါ။ အရွက်စိမ်းပင် များကိုကား စိုက်ပျိုးမြေ ၉ စတုရန်းပေတွင် ဆားခါး စားပွဲတင်ဇွန်း တစ်ဇွန်းနှုန်းဖြင့် နှစ်ပတ်မှလေးပတ် တစ်ကြိမ်ကျွေးရန်လိုသည်။ မြက်ခင်းများကိုကား ၁၂၅၀ စတုရန်းပေတွင် ဆားခါး ၃ပေါင်နှုန်း ကျွေးရန်လိုအပ်သည်။ သစ်ပင်များအတွက်ကား စိုက်မြေတစ်စတုရန်းပေတွင် ဆားခါး စားပွဲတင်ဇွန်း ၂ ဇွန်း ကျွေးရန်လိုသည်။ တစ်နှစ်တွင် ထိုသို့ ၃ကြိမ် ကျွေးရန်လိုသည်။ သစ်ပင်များမစိုက်မီ မြေ ၂၀၀ စတုရန်းပေအတွက် ဆားခါး စားပွဲတင်ဇွန်း ၂ ဇွန်းကို ရေဖျော်ပြီး ပက်ဖျန်းထားသင့်သည်။ 

Sources : ဆရာဦးဖရက်သိန်းဖေ