menu

စမုန်နှမ်းနက် ပေါ်ချိန်ဖြစ်၍ ဈေးနှုန်းကျဆင်းလာ ပဲစင်းငုံနှင့်မတ်ပဲဈေးနှုန်းများလည်း ကျဆင်း

 
မန္တလေးပဲမျိုးစုံဈေးကွက်အတွင်း၌ အိန္ဒိယနိုင်ငံသို့တင်ပို့သည့် ပဲစင်းငုံ၊ မတ်ပဲဈေးနှုန်းကျဆင်းလာ သကဲ့သို့ တရုတ်ဝယ်ယူနေသည့် စမုန်နှမ်းနက်ဈေးနှုန်းများမှာလည်း သိသိသာသာကျဆင်းလာကြောင်း မန္တလေး ပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းက သိရသည်။  

🔸ပဲစင်းငုံ🔸  

အိန္ဒိယနိုင်ငံသို့ တင်ပို့ရန်ရှိသော်လည်း ဝယ်လက်များ လက်ရှိအချိန်အထိ ဝယ်ယူမှုမရှိသဖြင့် နိုဝင်ဘာ ၁၃ ရက်တွင် ပဲစင်းငုံ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၈၇,၀၀၀ ရှိရာမှ နိုဝင်ဘာ ၂၀ ရက်တွင် ကျပ် ၈၁,၀၀၀ သို့ ကျဆင်းလာကြောင်း သိရသည်။ သ‌င်္ဘောတင်ရန် ဝယ်ယူမှုမရှိသဖြင့် ဈေးကွက်အတွင်း ဝယ်လိုအားနည်းသွားခြင်းနှင့် ရန်ကုန်ဝယ်လက်များမှာလည်း လက်ရှိပေါက်ဈေးထက် လျှော့ချဝယ်ယူ နေသဖြင့် ယခုကဲ့သို့ဈေးနှုန်းများ ကျဆင်းလာခြင်းဖြစ်သည်။ ယခုအခြေအနေအရဈေးနှုန်းအနည်းငယ် ကျဆင်းနိုင်သေးကြောင်း ကုန်သည်များက သုံးသပ်သည်။  

🔸မတ်ပဲ🔸  

ပဲစင်းငုံနည်းတူ အိန္ဒိယနိုင်ငံက ဝယ်ယူရန်ရှိသော်လည်း လက်ရှိအချိန်အထိ ဝယ်ယူမည့်အခြေအနေ မရှိခြင်းနှင့် ပြည်တွင်း ပဲခွဲစက်များက ကိုဗစ်ကြောင့် အချို့လုပ်ငန်းများ ရပ်နားနေရသဖြင့် ဝယ်ယူမှု တဖြည်းဖြည်းကျဆင်းလာခြင်းတို့ကြောင့် အကျဘက်သို့ဦးတည်လာနေခြင်းဖြစ်သည်။ နိုဝင်ဘာ ၁၃ ရက်တွင် သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၁၅,၀၀၀ မှ ကျပ် ၁၂၀,၀၀၀ ကြားရှိရာမှ နိုဝင်ဘာ ၂၀ ရက်တွင် ကျပ် ၁၁၃,၀၀၀ သို့ ကျဆင်းလာသည်။  

🔸ကုလားပဲ🔸  

ပြည်တွင်းစားသောက်ကုန်များအတွက်သာ ဝယ်ယူနေခြင်းကြောင့် ဝယ်လိုအားထက်ရောင်းလို အားများ နေသဖြင့် ဈေးနှုန်း သိသိသာသာ မကျဆင်းသော်လည်း အရောင်းအဝယ်အေးနေသည်။ နိုဝင်ဘာ ၁၃ ရက်တွင် ကုလားပဲ (ထိုင်ဝမ်) သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၈၃,၀၀၀ ရှိရာမှ နိုဝင်ဘာ ၂၀ ရက်တွင် ကျပ် ၈၀,၀၀၀ မှ ကျပ် ၈၁,၀၀၀ ကြားသာ ရှိတော့သည်။ ကုလားပဲ(နိုင်းတူးနိုင်း) မှာလည်း ယခင် တစ်ပတ်က ကျပ် ၉၁,၀၀၀ ရှိရာမှ လက်ရှိတွင် ကျပ်၉၀,၀၀၀ သို့ ကျဆင်းလာသည်။ ကုန်သည်များက လက်ရှိဈေးနှုန်းထက် လျှော့ချရောင်းနိုင်မည်မဟုတ်သဖြင့် ဈေးနှုန်းကျဆင်းနိုင်ခြေနည်းပါးသည်။  

🔸နှမ်း🔸  

ပြည်တွင်း စမုန်နှမ်းနက်များ နယ်ပေါင်းစုံက ထွက်ရှိနေခြင်းနှင့် တရုတ်နိုင်ငံကဈေးနှုန်းလျှော့ချဝယ်ယူ နေခြင်းကြောင့် ဈေးနှုန်းသိသိသာသာကျဆင်းလာသည်။ နိုဝင်ဘာ ၁၃ ရက်တွင် နှမ်းနက် (စမုန်) သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၉၀,၀၀၀ မှ ကျပ် ၂၀၀,၀၀၀ ကြားရှိရာမှ နိုဝင်ဘာ ၂၀ ရက်တွင် ကျပ် ၁၇၀,၀၀၀ မှ ကျပ် ၁၇၅,၀၀၀ကြားသို့ ကျဆင်းသွားသည်။ စမုန်နှမ်းနက်ဈေးနှုန်း ကျဆင်းသော်လည်း နှမ်းဖြူ၊ နှမ်းညိုတို့မှာ ထွက်နှုန်းသိသိသာသာများပြားခြင်းမရှိသဖြင့် ဈေးနှုန်းအတက်၊အကျမရှိဘဲ ငြိမ်နေသည်။  

🔸ပဲတီစိမ်း🔸  

တရုတ်နိုင်ငံက ပုံမှန်ဝယ်ယူနေသဖြင့် အရောင်းအဝယ်ပုံမှန်ဖြစ်ကာ ပဲတီစိမ်းထိပ်စသုံးတင်းဝင်တစ်အိတ် လျှင် ကျပ် ၁၂၃,၀၀၀ဖြင့် ဈေးနှုန်းငြိမ်နေသည်။ ရက်ပိုင်းအတွင်း ဈေးနှုန်းအတက်အကျပြောင်းလဲနိုင် ခြေနည်းပါးကြောင်း ကုန်သည်များ သုံးသပ်သည်။

🔸မြေပဲ🔸  

ပြည်ပက မြေပဲဆန်များကို တင်သွင်းခြင်းကြောင့် ပြည်တွင်းဈေးကွက်အတွင်း၌ မြေပဲအဖြူလုံးဆန်မှာ တစ်ပိဿာလျှင် ယခင်က ကျပ် ၃,၂၀၀ မှ လက်ရှိတွင် ကျပ် ၂,၉၀၀ သို့ ရောက်ရှိကာ ကျပ် ၃၀၀ဝန်းကျင် ကျဆင်းလာနေသည်။ ယခုအနေအထားအရ ပြည်ပမှ တန်ချိန် ၂၀၀၀ အထိ ပြည်တွင်းသို့တင်သွင်းထားပြီးဖြစ်သဖြင့်ဈေးနှုန်းမှာ ဆက်လက်ကျဆင်းနိုင်ခြေရှိကြောင်း သိရသည်။  

မျိုးသန့်  

မြန်မာတောင်သူကြီးများဂျာနယ်  

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၂၃-၂၉)ရက်။