menu

စပါးဈေး ၃၀ ရာခိုင်နှုန်းထိ ကျဆင်းနေ


🌾🌾🌾🌾🌾🌾🌾🌾🌾🌾

🔘လက်ရှိ မိုးစပါးများပေါ်စပြုချိန်ဖြစ်သော်လည်း စပါးဈေးများ ဈေးကောင်းမရကြောင်း တောင်သူများ ထံမှ သိရသည်။ ပြီခဲ့သည့်နှစ် စပါးပေါ်ချိန်ဖြင့်နှိုင်းယှဉ်ပါက စပါးဈေးမှာ ၃၀ရာခိုင်နှုန်းခန့်ထိ ကျဆင်း သွားပြီး ဈေးကျနေသော်လည်း အရောင်းအဝယ်မှာလျော့ကျနေကာ ပြီးခဲ့သည့်နှစ်ထက် ၅၀ ရာခိုင်နှုန်း အထိ ကျဆင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်များက မိုးစပါးပေါ်ချိန်များတွင် ၅ သိန်းခွဲ မှ ၆သိန်းခွဲ ထိရရှိခဲ့ပြီး ယခုနှစ်စပါး အစို ( ၅၅ ပေါင် ) လျှင် ၄သိန်းခွဲခန့်သာ လက်ရှိပေးဝယ်လျက်ရှိကြောင်း သိရသည်။

🔘“ရာသီဥတုအခြေအနေရယ်၊ ကျန်းမာရေး၊ ငွေရေး၊ ကြေးရေးကိစ္စတွေကြောင့် အခုချိန်မှာ အင်မတန် စိုးရိမ်စရာ ဖြစ်တယ်။ ၄သိန်းခွဲဈေးကို ဝယ်သူလှိုင်လှိုင်မရှိဘူး။ ဒါကအခုမှ ပေါ်ခါစရှိသေးတယ်။ နောက် ၁၄ ၊ ၁၅ ရက် ဆိုရင် အလုံးအရင်းနဲ့ပေါ်လာမယ်။ ပေါ်ရင် အန္တရာယ်ရှိသွားပြီ။ ၄သိန်း ခွဲဈေးနဲ့သာ ဆက်သွားမယ်ဆိုရင်တောင်သူတွေ ဘဝပျက်တဲ့အထိ ဖြစ်မယ်။ နောက်မှရတဲ့ ဈေးက တောင်သူ မရပါဘူး၊ လှောင်နိုင်တဲ့သူတွေရတာ။ စပေါ်တဲ့ ဈေးကသာ တောင်သူတွေ ခံစားရတာ” ဟု ဧရာဝတီတိုင်း ဒေသကြီးမှ စပါးစိုက်တောင်သူ ဦးအောင်သိန်း ကပြောသည်။

🔘လက်ရှိ ပြည်တွင်း၌ မြန်အောင်၊ ကြံခင်း၊ ဇလွန်၊ ကျုံပျော်၊ ပန်းတနော်၊ ဟင်္သာတ၊ ဓနုဖြူ နှင့် အိမ်မဲ စသည့် ဒေသများတွင် မိုးစပါးများ ပေါ်စပြုနေပြီဖြစ်ပြီး အောက်တိုဘာလဆန်းပိုင်းရောက်ပါက မိုးစပါးများ အလုံးအရင်းပေါ်လာမည်ဖြစ်ကြောင်း တောင်သူများထံမှသိရသည်။ စပါးလှိုင်လှိုင် ပေါ်ချိန်တွင် ဈေးများ ထပ်မံနှိမ်ခံရမည် ဖြစ်ပြီး ယခုကဲ့သို့သာ ဆက်ဖြစ်နေမည်ဆိုပါက နွေစပါး စိုက်မည့် တောင်သူများလည်းစိုက်ပျိုးမူ မလုပ်ရန်စဉ်းစားလာမည်ဖြစ်ကြောင်းသိရသည်။

🔘“နောက်၅သိန်းအထိ တက်မယ်ဆိုရင်တောင်မှ တောင်သူတွေအဖို့မှာရှုံးတယ်။ မြေဩဇာဈေးက အရင်ငါး သောင်းဝန်းကျင်ကနေ ခြောက်သောင်းဈေး ဖြစ်နေပြီ။ ဒီဇယ်ဈေး၊ မှိုသတ်ဆေး၊ ပိုးသတ်ဈေးအားလုံး ဈေးတွေ ကြီးနေတာ။ ဒါ့ပြင်ကောက်ရိပ်စက်ခကလည်း ဈေးတွေကြီးတယ်။ အဲ့တာတွေအကုန် စိုက်ထုတ်ထားတဲ့ စပါးကျမှ ဈေးနှုန်းကဒီလောက်ထိဖြစ်တယ်ဆိုတော့ တောင်သူတွေကအထိနာတယ်။ ဟိုအရင်က ကုန်ကျစရိတ်က အဲ့လောက်ထိမရှိဘူး။ စပါးဈေးလဲမကျဘူး။ အခုက နှစ်ဆလောက်ထိ များတယ်။ ဒါကြောင့်စပါးဈေးအောက်ဆုံး အထိမရောက်အောင် တာဝန်ရှိသူတွေကလုပ်ပေးဖို့ လိုအပ်တယ်” ဟု စပါးစိုက်တောင်သူတစ်ဦးကပြောသည်။

🔘ယခုနှစ်မိုးစပါးကို အခြေခံရည်ညွန်းဈေးသတ်မှတ်ရန် စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နှင့်ဆန်စပါးအသင်းချုပ်တို့ ဆွေးနွေးညှိနှိုင်းမူများပြုလုပ်နေပြီး အကြမ်းအားဖြင့် ၄၆ပေါင်လျှင် ငါးသိန်းခြောက်သောင်း သတ်မှတ်ထားကြောင်းသိရသည်။ ထို့ကြောင့် တစ်ဧကလျှင် စပါးတင်း၄၀ကို အဆိုပါဈေးဖြင့်တွက်ချက်ကာ ကြိုတင်စာချုပ်ချုပ်ဆိုဝယ်ယူထားပြီး စပါးခြောက်မှ လာပို့သည်ဖြစ်စေ၊ လာသိမ်းသည်ဖြစ်စေ စပါးကြိုရောင်းစနစ်ဖြင့် ဝယ်ယူပေးသင့်ကြောင်း တောင်သူများမှ တောင်းဆိုကြသည်။

🔘ဆန်စပါးအသင်းချုပ်အနေဖြင့် ၂၀၂၁ -၂၀၂၂ မိုးစပါးစိုက်ပျိုးထုတ်လုပ်သည့် ရာသီအတွက် covid ရောဂါကြောင့်လည်းကောင်း၊ ဓာတ်မြေဩဇာနှင့် သွင်းအားစုများ ဈေးနှုန်းကြီးမြင့်ခြင်းကြောင့် လည်းကောင်း၊ စိုက်ဧကနှင့် အထွက်နှုန်းများ လျော့နည်းမှုဖြစ်နိုင်သည့် အခြေအနေများကြောင့် လည်းကောင်း ဈေးနှုန်းတည်ငြိမ်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နေကြောင်းသိရသည်။

🔘မိုးစပါးတွင် ရတနာတိုး၊ ဆင်းသုခနှင့် GW မျိုးဟူ၍ အမျိုးစားသုံးမျိုးကို အဓိကထားအများဆုံး စိုက်ပျိုးကြကြောင်း တောင်သူများထံမှ သိရသည်။ စပါးစိုက်ပျိုးစရိတ်ကြီးနေသောကြောင့် ယခုနှစ် မိုးစပါးအား အစေ့ချစနစ်ဖြင့် အများဆုံးစိုက်ပျိုးခဲ့ကြောင်းသိရပြီး မြန်မာနိုင်ငံတွင် နှစ်စဉ်မိုးစပါးနှင့် နွေစပါး စိုက်ဧကခန့်မှန်းခြေ ဧက၁၆ သန်းကျော်ထိ ရှိကြောင်းလည်း စာရင်းများအရသိရသည်။

🔘လက်ရှိပြည်တွင်းဒေသအချို့တွင် မိုးကြီးကာမြစ်ရေမြင့်တက်နေခြင်းကြောင့် မိုးစပါးများပျက်စီး ဆုံးရှုံမှုများ ရှိနေပြီး အရည်အသွေးပိုင်းဆိုင်ရာ အားနည်းချက်များ ရှိလာနိုင်သည်ဟု ကုန်သည်အချို့က မှတ်ချက်ပြုကြသည်။

🔘စပါးဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

Credit to : အက္ခရာ (AMIA)