menu

စပါးမျိုးညှောက်မပေါက်သည့်ပြဿနာ အဖြေရှာသည့်နည်းပညာ



♦️စပါးမျိုးညှောက်မပေါက်သည့်ပြဿနာ အဖြေရှာသည့်နည်းပညာ ♦️ 
🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾  

လယ်သမားတော်တော်များများ မျိုးညှောက်ကောင်းကောင်းမပေါက်တဲ့ပြဿနာ ကြုံနေကြရတယ်။ စပါးမျိုးညှောက်မထွက်သေးတဲ့ စပါးစေ့တွေဟာ လယ်ကွက်ထဲကြဲလိုက်ရင် တဖြည်းဖြည်းတော့ ပေါက်လာမှာပဲ။ ဒါပေမယ့် တစ်ခင်းလုံး စပါးအပင်ပေါက်မညီတော့တဲ့အတွက် ရင့်မှည့်တဲ့အချိန်ကျရင်လည်း အမှည့်မညီ ရိတ်သိမ်းရခက်သွားပြီပေါ့။မိုးစပါးမှာ အစိုတမန်းမှာပဲ ကြဲကြဲ၊ပျိုးထောင်ဖို့ပဲဖြစ်ဖြစ်၊ မျိုးစေ့ချကိရိယာနဲ့ စိုက်လို့ပဲဖြစ်ဖြစ် စပါးမျိုးစေ့ကို စာပါးစပ်ပြူအဆင့်ရအောင် မျိုးညှောက်ဖောက်ရတဲ့လုပ်ငန်းစဉ်ကတော့ မဖြစ်မနေ မလွဲမသွေလုပ်ကြရာမှာ အသေအချာပါပဲ။ ဒီလိုမျိုးညှောက်ဖောက်တဲ့အခါ စပါးစေ့တိုင်း မျိုးညှောက်မထွက်ရင်တော့ အပင်ပေါက်မစုံ၊ အပင်ပေါက်မညီ၊ မပေါက်ဘဲလည်းနေချင်နေမယ်ဆိုတဲ့ ပြဿနာ ကြုံကြရမှာအမှန်ပါပဲ။  

စပါးမျိုးညှောက် မထွက်တာဟာ အချက်နှစ်ချက်ကြောင့် ဖြစ်ပါတယ်။ (၁) စပါးမျိုးကိုကညံ့ပြီး အပင်ပေါက်နှုန်းမကောင်းတဲ့မျိုး ဖြစ်နေလို့၊ (၂) စပါးမျိုးညှောက်ဖောက်တဲ့အချိန်မှာ ပတ်ဝန်းကျင်ရာသီဥတုအေးနေလို့ ဖြစ်ပါတယ်။ အပင်ပေါက် ၈၅ ရာခိုင်နှုန်းအထက် မျိုးကောင်းမျိုးသန့်မျိုးစေ့ကိုသာ အသုံးပြုဖို့လိုပါတယ်။ နောက်တစ်ချက်ကတော့ ပတ်ဝန်းကျင်လေထုစိုထိုင်းဆနဲ့ အပူချိန်ဟာ စပါးစေ့အညှောက်ထွက်ဖို့ကို လွှမ်းမိုးနေတယ်။ အပူချိန် ၁၀ ဒီဂရီစင်တီဂရိတ်အောက်ရောက်ရင် စပါးစေ့အညှောက်ပေါက်တာ နှေးကွေးစေတယ်။ ၃၅ ဒီဂရီစင်တီဂရိတ်အောက်ရှိရင် အမြစ်စွဲအားကောင်းပြီး နေ့အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်ရှိပြီး ညအပူချိန် ၁၅ ဒီဂရီစင်တီဂရိတ်ရှိနေရင် အပင်ပွားစီးအားကောင်းတယ်လို့ ဆိုပါတယ်။ 

 မိမိရဲ့ပတ်ဝန်းကျင်ရာသီဥတုကို လေ့လာပြီး ရာသီဥတုအေးနေမယ်ဆိုရင် စပါးမျိုးညှောက်ဖောက်တဲ့စနစ်ကို သတိပြုဖို့လိုတာပေါ့။ ရာသီဥတုအေးနေတဲ့အချိန် မျိုးညှောက်ဖောက်တဲ့စနစ် အားနည်းရင် သေချာပေါက် မျိုးညှောက်ပေါက်ညံ့မှာပါပဲ။ ဒီတော့ အေးနေတဲ့ရာသီမှာဆိုရင် မျိုးညှောက်ဖောက်တဲ့နည်းစနစ် အကြံပြုချင်ပါတယ်။  

အနံရှစ်ပေ၊ အနက်သုံးပေခွဲ-လေးပေ၊အလျား ၁၂ ပေရှိတဲ့ ကျင်းတစ်ကျင်းတူးပါ။တူးလို့ရတဲ့ မြေစာတွေကို ကျင်းပတ်ပတ်လည်မှာ စနစ်တကျပုံပါ။ သတိပြုရမှာကတော့ ကျင်းဟာ ခြောက်သွေ့နေစေရမယ်။ ရေထွက်တာ၊ ရေဝင်တာမရှိအောင် ဂရုပြုရမှာဖြစ်တယ်။ အဲဒီကျင်းထဲကို ကောက်ရိုး၊ မြက်ခြောက်၊ သစ်ရွက်ခြောက်ထည့်ပြီး မီးရှို့ရပါမယ်။ မီးရှို့လိုက်ရင် မြေအောက်မှာရှိတဲ့ မြေပူငွေ့ဟာ ကျင်းပေါ်တက်လာပါလိမ့်မယ်။ကျင်းရဲ့အောက်ခြေမှာ ကောက်ရိုးခြောက်၊မြက်ခြောက်၊ သစ်ရွက်ခြောက် ခြောက်လက်မ ထုရအောင် ခင်းပါ။  

ရေတစ်ညစိမ်ထားတဲ့ စပါးအိတ်တွေကို ရေကုန်အောင် စစ်ထားပြီး ကျင်းထဲရှိ ကောက်ရိုး၊မြက်ခြောက်နဲ့ သစ်ရွက်ခြောက်တွေပေါ်မှာ စီထပ်ထားပါ။ ပြီးရင် စပါးအိတ်တွေအပေါ်မှာ ကောက်ရိုးခြောက်၊ မြက်ခြောက်၊ သစ်ရွက်ခြောက် ထူထူ လုံနေအာင်ပြန်ဖုံးပေးပါ။ ပြီးရင်အပေါ်က တာလပတ် (သို့) ပီနံအိတ်စတွေကို လုံအောင်ဖုံးအုပ်ပြီး အပေါ်က အုတ်ခဲကျိုး၊ သစ်သားတုံး စတဲ့ လေးတဲ့အရာတွေနဲ့ ပတ်ပတ်လည်ဖိပေးထားပါ။ ကျင်းတစ်ကျင်းဆိုရင် စပါး ၁၀ အိတ်၊ ၁၅ အိတ် ဝင်ဆံ့ပါတယ်။ နှစ်ညအုပ်ပြီးရင် စပါးအိတ်တွေကို ပြန်ဖော်ပါ။ တစ်ရက်စိမ်၊ နှစ်ညအုပ်စနစ်ပေါ့ဗျာ။ အဲဒီအချိန်မှာ ဖွေးနေအောင်စာပါးစပ်ပြူအဆင့် အညှောက်ထွက်နေတဲ့မျိုးစပါးစေ့တွေကို ရပါလိမ့်မယ်။ 

အောင်ဆန်း(စိုက်ပျိုးရေး) 
မြန်မာတောင်သူကြီးများဂျာနယ် 
၂၀၂၀ပြည့်နှစ် ဩဂုတ်လ (၃)ရက်။