menu

စစ်ကိုင်းတိုင်းစိုက်ပျိုးရေးဦးစီးဌာနက တိုင်းအတွင်း ကြံအခမဲ့စိုက်ပျိုးပေးမည်



 🔘လာမည့်ကြံစိုက်ရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနက တိုင်းအတွင်း အခမဲ့ ကြံ လိုက်လံစိုက်ပျိုးပေးမည်ဖြစ်ကြောင်း အဆိုပါဌာန ဦးစီးမှုး ဦးဝင်းလှိုင်ဦးကပြောသည်။

 🔘ပြည်တွင်းသကြား လက်ကျန်များနေခြင်း၊ ကြံဈေးနှုန်းကျဆင်းခြင်းတို့ကြောင့်ကြံစိုက်ပျိုးသူများအထိနာ နေခြင်းကို ကုစားရန်နှင့် ကြံစိုက်ဧကလျော့ကျခြင်းကိုကာကွယ်နိုင်ရေးအတွက်ဖြစ်ကြောင်းသိရသည်။ “ထီးချိုင့်၊ ကသာဘက်မှာကြံစိုက်ပျိုးမှု ကျတယ်။ ကြံဈေးနှုန်းတွေနည်းတာနဲ့သကြားစက်တွေကလည်း သကြားလက်ကျန်တွေများနေတဲ့အတွက် အရင်လိုမဝယ်တော့တာကြောင့် စိုက်ဧကကိုအသစ်မတိုးတော့ သလို တွက်ခြေကိုက်တဲ့သီးနှံတွေကိုပြောင်းလဲစိုက်တဲ့အတွက်ကြံစိုက်ဧကတွေ‌ လျော့ကျသွားတယ်။ အဲဒါကြောင့် ဒီနှစ်ကစတင်ပြီးတော့စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ ကြံစိုက်စက်နဲ့အခမဲ့လိုက်လံစိုက်ပေး သွားမှာဖြစ်ပါတယ်”ဟု၎င်းကပြောသည်။

 🔘ကြံစိုက်စက်များကို အိန္ဒိယနိုင်ငံကတင်သွင်းထားခြင်းဖြစ်ပြီး ထီချိုင့်မြို့နယ်သို့ပို့ဆောင်ထားကာ လက်ရှိတွင်အစမ်းစိုက်ပျိုးလေ့ကျင့်နေပြီဖြစ်ကြောင်း၊ စက်ကိုအသုံးပြုလျှင်စိုက်ပျိုးစရိတ်နှင့်လုပ်သား လိုအပ်ချက်ကို လျှော့ချနိုင်မည်ဖြစ်ကြောင်းသိရသည်။ “ကြံစိုက်စက်နဲ့ဆိုရင်တညီတည်းအားလုံးကို စိုက်လို့ရတယ်။ အချိန်ကုန်သက်သာတယ်၊ လုပ်သားလိုအပ်ချက်နည်းမယ်။အခုကကြံစိုက်ပျိုးရာမှာ တညီတညာတည်းမစိုက်ပျိုးနိုင်ဘူး” ဟုပြောသည်။

 🔘ယခုနှစ်တွင်စစ်ကိုင်းတိုင်းဒေသကြီး၌ မိုးရွာသွန်းမှုနည်းပါးကာ မြေအစိုဓာတ်ရရှိမှုလျော့နည်းခဲ့ခြင်း ကြောင့်ကြံဧက ၁၇၀,၀၀၀ ကျော်စိုက်ပျိုးရန်လျာထားခဲ့သော်လည်း ဧက ၁၅၀,၀၀၀ကျော်သာစိုက်ပျိုး နိုင်ခဲ့သည်။ “ကြံဈေးကွက်ကမငြိမ်တဲ့အတွက် စိုက်ပျိုးသူတချို့က တခြားသီးနှံကိုစိုက်ကြတာတွေရှိ တယ်။ အားလုံးကတော့ပြောင်းလဲမစိုက်ကြပါဘူး။ ဒီနှစ်ဈေးကွက်မကောင်းရင် နောင်နှစ်ဈေးကွက် ကောင်းကိုမျှော်လင့်ပြီးတော့ဆက်လုပ်နေကြတာပါဘဲ” ဟု ကသာမြို့နယ်မှကြံစိုက်တောင်သူတစ်ဦးက ပြောသည်။

 🔘စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ဒေသကြံမျိုး Co-775 ၊ F-8471 တို့ကိုအဓိကစိုက်ပျိုးကြပြီး အထွက် ကောင်းမျိုးများဖြစ်သည့် နေပြည်တော်- ၁ ၊ နဝဒေး-၀၄ ၊ ဆင်းရွှေလီမျိုး၊ Dar – 4 စသည်တို့ကို အဓိကထားစိုက်ပျိုးကြကြောင်းသိရသည်။ 

မျိုးသန့် 
မြန်မာတောင်သူကြီးများဂျာနယ် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၁၉-၂၅)ရက်။