menu

“တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်” ( ၂၂ . ၄ . ၂၀၂၄ မှ ၂၆ . ၄ . ၂၀၂၄ )

🫛🫘🧅🧄🥔🫛🥔🧄🧅🫘🫛

🫛ပဲတီစိမ်း🫛

ပဲတီစိမ်းက ထိပ်စဈေးတွေငြိမ်နေပေမယ့် ဝါးခယ်မကတော့ ပိတ်ရက်အပြီးမှာ ဈေးတွေမြင့်တက်လာပါ တယ်။ နယ်ဈေးကွက်တွေမှာလည်း အဝင်ပြန်ရှိနေခဲ့ပြီး အမြင့်ဈေးနဲ့ရှိနေပါတယ်။ ပဲတီစိမ်းက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလောက်ကနေစပြီး ဆက်တိုက် ဈေးကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။ တရုတ်ဝယ်လက်တွေ မရှိခဲ့တဲ့အတွက် ဈေးကွက်အတွင်းကျဆင်းနေခဲ့ပေမယ့် ပိတ်ရက်ကာလအပြီးမှာတေ့ာ ဈေးရလာတာလည်း ဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်‌ဈေးကွက်မှာတော့ ပဲတီစိမ်း (ပဲခူးရွှေဝါ)က တစ်ပိဿာကို ၃,၆၆၅ကျပ်၊ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃,၈၃၀ ကျပ် နဲ့ ဈေးငြိမ်နေပြီး ပဲတိစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၃,၀၀၀ မှ ၃,၆၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၃၅ ကျပ် ဈေးမြင့်တက်လာပါတယ်။ မန္တလေးဈေးကွက်မှာလည်း ပဲတီစိမ်း(အညာ)က ဖေဖော်ဝါရီနောက်ဆုံးအပတ်ကတည်းက တစ်အိတ်ကို ၁၄၅,၀၀၀ မှ ၁၈၀,၀၀၀ ကြားနဲ့ ဈေးပိတ်ခဲ့တာဖြစ်ပြီး မတ်လတစ်လလုံး ဈေးအဖွင့်မရှိခဲ့ပါဘူး။ ပိတ်ရက် အပြီးမှသာ တစ်အိတ်ကို ၁၄၅,၀၀၀ ကနေ ၁၅၅,၀၀၀ နဲ့ ဈေးပြန်ဖွင့်ခဲ့တာဖြစ်ပါတယ်။ ပဲတီစိမ်း ခွဲပဲ ကတော့ တစ်အိတ်ကို ၁၂၅,၀၀၀ မှ ၁၃၅,၀၀၀ ပေါက်ဈေးရှိပြီး ပိတ်ရက်မတိုင်ခင်ကာလနဲ့ယှဉ်ရင်တော့ တစ်အိတ်ကို ၁၀,၀၀၀ လောက် ဈေးမြင့်တက်လာပါတယ်။

🫘ကုလားပဲ🫘

ကုလားပဲကတော့ ပိတ်ရက်အပြီး ရန်ကုန်ဈေးကွက်မှာဈေးအနည်းငယ်မြင့်တက်လာခဲ့ပေမယ့် မန္တလေး ဈေးကွက်မှာတော့ ဈေးအနည်းငယ်ကျဆင်းသွားပါတယ်။ ပိတ်ရက်မတိုင်မီ အစ္စလာမ်ပွဲတော်ကြောင့် ဝယ်ယူမှုများပြီး ဈေးမြင့်တက်ခဲ့ပေမယ့် ပွဲတော်အပြီးဈေးကွက်ထဲဝယ်ယူမှုနည်းသွားလို့ ဈေးတွေ ပြန်ကျဆင်းသွားတာဖြစ်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ဒါပေမယ့် သင်္ကြန်ပိတ်ရက်ကာလ အတွင်း ငွေကြေးဈေးမြင့်တက်လာတာနဲ့အတူ သယ်ယူပို့ဆောင်စရိတ်တွေကာမိအောင် အမြင့်ဈေးနဲ့ ဈေးဖွင့်တာတွေကြောင့် ပဲဈေးက တည်ငြိမ်မှုမရှိဘူးလို့လည်းဆိုပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၄,၁၆၅ မှ ၄,၃၃၅ ကျပ် ရှိပြီး ပိတ်ရက်မတိုင်မီကာလနဲ့ယှဉ်ရင် တစ်ပိဿာကို ၈၅ ကျပ်၊ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၄,၃၃၀ မှ ၄,၅၀၀ ရှိပြီး တစ်ပိဿာကို ၈၅ ကျပ် ဈေးမြင့်တက်လာပါတယ်။ ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၅,၆၅၀ မှ ၆,၀၀၀ ရှိပြီး ၅၀ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ ကုလားပဲ V2 က တစ်အိတ်ကို ၂၄၅,၀၀၀ ကျပ် ရှိပြီး တစ်အိတ်ကို ၃,၀၀၀ ကျပ်၊ ကုလားပဲ 929က တစ်အိတ်ကို ၂၃၃,၀၀၀ ကျပ် ရှိပြီး တစ်အိတ်ကို ၁၀,၀၀၀ ကျပ်၊ ကုလားပဲ(ထိုင်ဝမ်) က တစ်အိတ်ကို ၂၂၈,၀၀၀ ကျပ် မှ ၂၃၀,၀၀၀ ကျပ် ရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်၊ ကုလားပဲ V7 ကတော့ တစ်အိတ်ကို ၂၅၀,၀၀၀ ကျပ် ရှိပြီး ၅,၀၀၀ ကျပ် အသီးသီးဈေးကျ ဆင်းသွားပါတယ်။ 

🧅ကြက်သွန်နီ🧅

ကြက်သွန်နီကတော့ ဈေးကွက်ထဲ နယ်ပေါင်းစုံကနေအဝင်များနေပေမယ့် ပိတ်ရက်အပြီးမှာတော့ အမြင့်ဈေးနဲ့ရှိနေခဲ့ပါတယ်။ အရည်အသွေးပေါ်မူတည်ပြီး အတက်အကျရှိနေပေမယ့် ဈေးကွက်ထဲ ဈေးကောင်းတဲ့ ဆိပ်ဖြူဈေးကတော့ ဈေးမြင့်တက်ပါတယ်။ နေ့စဉ် ရန်ကုန်ဘုရင့်နောင်ဈေးကွက်ကို အဝင်ကလည်း ပိဿာချိန် ၂ သိန်း ပတ်ချာလည်း အဝင်ရှိနေတာဖြစ်ပြီး ပွဲတော်ကာလဖြစ်တဲ့အတွက် အရောင်းအဝယ်ကလည်းသွက်နေပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ ဆိပ်ဖြူကတော့ တစ်ပိဿာကို ၁,၇၀၀ မှ ၂,၅၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၄၀၀ ကျပ်၊ တောင်တွင်းကတော့ တစ်ပိဿာကို ၁,၇၀၀ မှ ၂,၆၀၀ ကျပ် ရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

🧄ကြက်သွန်ဖြူ🧄

ကြက်သွန်ဖြူကတော့ ပိတ်ရက်အပြီး အမြင့်ဈေးနဲ့ရှိနေပါတယ်။ ဈေးကွက်ထဲ အဝင်ကတော့ ပုံမှန်ထက် ၃ဆနီးပါး အဝင်ရှိပေမယ့် ပိတ်ရက်အပြီး လက်လီလက်ကားဝယ်ယူတာတွေကြောင့် ဈေးကွက်ထဲ အရောင်းအဝယ်သွက် ဈေးကောင်းရရှိနေတာလို့လည်း သိရပါတယ်။ ယခုရက်ပိုင်း ဘုရင့်နောင်ဈေးကွက်ထဲကို ကြက်သွန်ဖြူ ပိဿာချိန် ၅ သောင်းနီးပါးခန့် အဝင်ရှိနေပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်ဖြူ(ရှမ်း)က တစ်ပိဿာကို ၆,၅၀၀ မှ ၈,၀၀၀ ကြား ရှိနေပြီး တစ်ပိဿာကို ၃၀၀ ကျပ် ဈေးတက်လာပါတယ်။ ကြက်သွန်ဖြူ(ကြူကုတ်)ကလည်း တစ်ပိဿာကို ၁၂,၅၀၀ မှ ၁၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁,၅၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။

🥔အာလူး🥔

အာလူးကတော့ ဈေးကွက်ထဲအဝင်နည်းလို့ ဈေးမြင့်တက်ခဲ့ပေမယ့် ပွဲတော်ကာလအပြီး ဈေးကွက်ထဲ ပုံမှန်အဝင်ရှိလာပြီဖြစ်လို့ ဈေးပြန်ကျဆင်းသွားပါတယ်။ ပြည်တွင်းဝယ်ယူစားသုံးမှုကတော့ ပုံမှန် အတိုင်းရှိနေပြီး အရောင်းအဝယ်ကလည်းပုံမှန်ရှိနေတယ်လို့ သိရပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ အာလူး(ဟဲဟိုး)က တစ်ပိဿာကို ၁,၅၀၀ မှ ၂,၀၀၀ ကြား ရှိပြီး တစ်ပိဿာကို ၁၀၀ လောက် ဈေးကျဆင်းသွားပါတယ်။

Sources : AMIA (Farmer Digital TV)