menu

"တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်" ( ၂၉ . ၄ . ၂၀၂၄ မှ ၃ . ၅ . ၂၀၂၄ )

🫘🌽🫛🌶️🫛🫘🫛🌶️🫛🌽🫘

🫘မတ်ပဲ🫘

မတ်ပဲကတော့ ဆက်တိုက်ဈေးကျဆင်းနေခဲ့ပါတယ်။ ပြည်တွင်း ပဲတင်ပို့မယ့်ကွန်တင်နာတွေမရှိတဲ့ အပြင် အိန္ဒိယနိုင်ငံတွင်းမှာပါ ပဲဈေးတွေကျဆင်းနေတာဖြစ်လို့ ပြည်တွင်းပဲဈေးတွေ ကျဆင်းနေတာလို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြထားပါတယ်။ လက်ရှိ မတ်ပဲဈေးဟာကျဆင်းနေတယ်ဆိုပေမယ့် ဈေး အများကြီးကျဆင်းသွားတာမျိုးမဟုတ်ပဲ နေ့စဉ်အရောင်းအဝယ်ပေါ်မူတည်ပြီး ထိန်းရောင်းထိန်းဝယ် အခြေအနေဖြစ်နေတယ်လို့ ကုန်သည်အချို့ကဆိုပါတယ်။ အိန္ဒိယနိုင်ငံတွင်း မတ်ပဲ ထွက်နှုန်းလျော့နည်းနေပေမယ့် မပြီးသေးတဲ့ရွေးကောက်ပွဲကြောင့် ပဲဈေးကို ထိန်းပြီးရောင်းနေရတဲ့အခြေအနေရှိနေတာဖြစ်လို့ မတ်ပဲဈေးဟာ လက်တလောကာလအတွင်းမှာတော့ အတက်အကျအနည်းငယ်နဲ့သာ အရောင်းအဝယ်ရှိနိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း မတ်ပဲက သင်္ကြန်အပြီးမှာသာ ဈေးပြန်လည်မြင့်တက်ခဲ့တာဖြစ်လို့ အိန္ဒိယရွေးကောက်ပွဲကာလအပြီး အိန္ဒိယပဲ ဝယ်ယူမှုပြန်လည်မြင့်တက်လာနိုင်ခြေရှိတယ်လို့ ကုန်သည်ကြီးအချို့က ဆိုပါတယ်။ လက်ရှိမှာလည်း အိန္ဒိယပဲလိုအပ်ချက်ကြောင့် ပြည်တွင်းပဲလှောင်သူအချို့က ပဲတွေကို ဆက်လှောင်ထားဖို့ တာဆူနေကြပါတယ်။ ရွေးကောက်ပွဲကာလအပြီး မတ်ပဲဈေးဆက်တက်ဖို့ အခြေအနေကတော့ အချိန်မရွေးပြောင်းလဲနိုင်တဲ့မူဝါဒတွေကြောင့် ခန့်မှန်းရခက်တဲ့အခြေအနေပါ။ အိန္ဒိယနိုင်ငံမှာ ဒီတစ်ပတ် မြန်မာမတ်ပဲက တစ်တန်ကို ရူပီး ၈,၉၅၀ ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် ၂၅၀ ရူပီး ဈေးကျဆင်းသွားပါတယ်။ 

ရန်ကုန်ဈေးကွက်မှာ မတ်ပဲ(FAQ/RC)က တစ်တန်ကို ၃,၁၂၇,၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင်တေ့ာ တစ်တန်ကို ၆၀,၀၀၀ နီးပါး ဈေးကျဆင်းသွားပါတယ်။ (SQ/RC)ကတော့ တစ်တန်ကို ၃,၃၈၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၈၀,၀၀၀ ကျော် ဈေးကျဆင်းသွားပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅,၁၀၅ မှ ၅,၁၄၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးကျဆင်းပါတယ်။ မတ်ပဲက လက်ရှိဈေးကျဆင်းနေတယ်ဆိုပေမယ့် ပြီးခဲ့တဲ့လနဲ့ နှိုင်းယှဉ်ရင်တော့ လက်ရှိအချိန်ထိ အတက်ဈေးနဲ့ပဲ ရှိနေတာဖြစ်ပါတယ်။

🌽ပြောင်းဆံ🌽

ပြောင်းဆံကတော့ ပြီးခဲ့တဲ့အပတ်က ဈေးမြင့်တက်နေခဲ့တာဖြစ်ပြီး ဒီတစ်ပတ်မှာလည်း ဆက်ပြီး ဈေးမြင့်တက်လာပါတယ်။ မြဝတီကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်ပြီး တင်ပို့မှုရှိနေပြီဖြစ်လို့ ဈေးပြန်လည် မြင့်တက်နေတာလို့ သိရပါတယ်။ ဈေးကွက်အတွင်း ဈေးမြင့်တက်နေပေမယ့် တောင်သူ့လက်ထဲမှာတော့ ပြောင်းတွေမရှိတော့ဘူးလို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပြောင်းဆံတစ်ပိဿာကို ၁,၀၇၀ မှ ၁,၀၉၀ ကြား ရှိပြီး တစ်ပိဿာကို ၃၀ ကျပ် ဈေးမြင့်တက်လာပါတယ်။ မန္တလေးဈေးကွက်မှာလည်း ပြောင်းစီပီ တစ်အိတ်ကို ၅၁,၅၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ရှမ်းပြောင်းတွေကလည်း တစ်အိတ်ကို ၅၁,၅၀၀ ကျပ် ရှိပြီး တစ်အိတ်ကို ၅၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။

🫛ပဲကြီး၊ ထောပတ်ပဲ🫛

ပဲကြီး နဲ့ ထောပတ်ပဲကတော့ နေ့စဉ်အဝင်ပေါ်မူတည်ပြီး ဈေးအပြောင်းအလဲရှိပေမယ့် အနည်းငယ်သာ အတက်အကျ ရှိနေပါတယ်။ အသေးစတွေ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ် နေပြီး ခြုံကြည့်ရင်တော့ တစ်ပတ်တာလုံးဈေးငြိမ်နေတဲ့ အခြေအနေဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲကြီး(ရွှေကျွန်း)က တစ်ပိဿာကို ၅,၄၈၅ မှ ၅,၆၆၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၈၀ ကျပ် ဈေးမြင့်တက်လာပေမယ့် ပဲကြီး(ကုန်း)ကတော့ တစ်ပိဿာကို ၄,၇၈၀ မှ ၄,၉၆၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ် ဈေးကျဆင်းပါတယ်။ ထောပတ်ပဲကတော့ တစ်ပိဿာကို ၅,၁၃၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ် ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲကြီး(က၊လ၊သ)က တစ်အိတ်ကို ၂၃၀,၀၀၀ မှ ၂၆၅,၀၀၀ ရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် အကြီးက ၅,၀၀၀ လောက် ဈေးကျဆင်းပေမယ့် အသေးဆိုဒ်ကတော့ တစ်အိတ်ကို ၁၀,၀၀၀ လောက် ဈေးမြင့်တက်လာခဲ့ပါတယ်။ ထောပတ်ပဲကလည်း တစ်အိတ်ကို ၂၉၅,၀၀၀ မှ ၃၄၅,၀၀၀ ရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် အကြီးဈေးက ၅,၀၀၀ ကျပ် ဈေးကျဆင်းပေမယ့် အသေးဆိုဒ်ကတော့ တစ်အိတ်ကို ၁၅,၀၀၀ လောက် ဈေးမြင့် တက်လာခဲ့ပါတယ်။ 

🫛စားတော်ပဲ🫛

ပြည်တွင်းစားတော်ပဲကတော့ ဈေးကွက်အတွင်းအနည်းငယ်မြင့်တက်ပေမယ့် ပြည်ပကနေတင်သွင်းတဲ့ စားတော်ပဲ ကနေဒါကတော့ ဈေးကျဆင်းနေပါတယ်။ ဈေးကွက်ထဲ ပြည်တွင်းပဲရော ပြည်ပပဲက ပုံမှန် အဝင်ရှိနေတဲ့အတွက် စားတော်ပဲဈေးက လက်ရှိကာလအတွင်း အကျဈေးနဲ့ပဲ အရောင်းအဝယ်ရှိနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ဈေးကောင်းရရှိတဲ့ ပဲလည်း ဖြစ်ပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ စားတော်ပဲက တစ်ပိဿာကို ၅,၁၆၅ မှ ၅,၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ စားတော်ပဲ(ကျွန်း)က တစ်အိတ်ကို ၂၆၀,၀၀၀ မှ ၂၇၀,၀၀၀ ကျပ် ရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။ စား‌တော်ပဲ(ကနေဒါ)ကတော့ တစ်အိတ်ကို ၂၆၅,၀၀၀ မှ ၂၇၀,၀၀၀ ကျပ် ရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

🌶️ငရုတ်🌶️

ဝယ်ယူမယ့်သူမရှိလို့ စိုက်စရိတ်ပါရှုံးနေတဲ့ငရုတ်က ဒီတစ်ပတ်ဈေးအနည်းငယ်ပြန်မြင့် တက်လာပါတယ်။ မြဝတီကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်လို့ အဝယ်အနည်းငယ်ရှိပြီး ဈေးပြန်လည်မြင့်တက်လာတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် အကျဈေးနဲ့ အခြောက်အမှုန့်လုပ်သူတွေက ဝယ်ယူမှုတွေရှိနေလို့ ဈေးပြန်လည်လှုပ်ခတ်လာတာလို့လည်း ဆိုကြပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ငရုတ်ဆင်ဖြူကျွန်းက တစ်ပိဿာကို ၁၀,၀၀၀ မှ ၁၁,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂,၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။ မြှားနီကတော့တစ်ပိဿာကို ၄,၀၀၀ မှ ၄,၅၀၀ ကျပ် ရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ ငရုတ်ပန်းရဲကတော့ တစ်ပိဿာကို ၄,၀၀၀ မှ ၄,၅၀၀ ကျပ်ရှိပြီး ၃၀၀ ကျပ်ဈေးကျဆင်းပါတယ်။

Sources : AMIA (Farmer Digital TV)