menu

“တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်” ( ၃ . ၆ . ၂၀၂၄ မှ ၇ . ၆ . ၂၀၂၄ )

🫘🌽🫛🧅🫛🌽🫛🧅🫛🌽🫘 

🫘မတ်ပဲ🫘 

ပြီးခဲ့တဲ့တစ်လလုံး ဆက်တိုက်ဈေးမြင့်တက်လာခဲ့တဲ့ မတ်ပဲက မေလပထမပတ်မှာ စတင်ဈေးကျဆင်း သွားပါတယ်။ ငွေကြေးလဲလှယ်နှုန်းကြောင့် ဈေးမြင့်တက်ခဲ့ပြီးနောက် အစိုးရက ဒေါ်လာဈေးကို ထိန်းချုပ်ခဲ့ပြီး တစ်ပတ်အတွင်း ပဲဈေးတွေ ဈေးပြန်ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ ဈေးကွက်အတွင်း အရောင်းအဝယ်ရှိနေပေမယ့် ငွေကြေးဈေးအခြေအနေကြောင့် လှောင်ထားပြီးစောင့်ကြည့်နေတဲ့ အခြေအနေရှိနေတယ်လို့လည်း ကုန်သည်အချို့ထံကနေ သိရပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း ရွေးကောက်ပွဲပြီးဆုံးသွားပြီဖြစ်လို့ တက်လာမယ့်အစိုးရက ပဲဈေးမြင့်တက် နေတာတွေနဲ့ပတ်သတ်ပြီး ဘယ်လိုထိန်းချုပ်မလဲဆိုတာ စောင့်ကြည့်ရမယ့်အခြေအနေလည်းဖြစ် နေပါတယ်။ 

ဒါပေမယ့် အိန္ဒိယအစိုးရကထုတ်ပြန်လိုက်တဲ့ ၂၀၂၃/၂၀၂၄ ကောက်ပဲသီးနှံအထွက်နှုန်း တတိယအကြို ခန့်မှန်းချက်ကတော့ ပြီးခဲ့တဲ့ရာသီနဲ့စာရင် ပဲမျိုးစုံထွက်ရှိမှုနှုန်းက ၆ ရာခိုင်နှုန်းခန့် အထွက်နှုန်းလျော့ခဲ့ပြီး မတ်ပဲက ပြီးခဲ့တဲ့ရာသီက ၂.၉၁ သန်းရှိခဲ့ရာမှ အခုခန့်မှန်းချက်အရ ၂.၆၃သန်းသာ ရှိတယ်လို့ အိန္ဒိယသတင်းစာတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။ အိန္ဒိယလိုအပ်ချက်က ဆက်ရှိနေမှာဖြစ်ပေမယ့် မတ်ပဲကိုမြန်မာအပြင်အခြား ဘရာဇီးနိုင်ငံ၊ အာဂျင်တီးနားနိုင်ငံတို့ကပါ တင်သွင်းဖို့လုပ်နေတာဖြစ်ပါတယ်။ လက်ရှိ အခြေအနေအရကတော့ မြန်မာနည်းတူအိန္ဒိယနိုင်ငံမှာပါ ဈေးနှုန်းတွေကျဆင်းနေတာဖြစ်ပြီးတော့ အိန္ဒိယနိုင်ငံ ချန်နိုင်းဈေးကွက်မှာ မြန်မာမတ်ပဲ FAQ က တစ်တန်ကို ရူပီး ၉,၁၅၀ ရှိပြီး ပြီးခဲ့တဲ့အပတ်ယှဉ်ရင် တစ်တန်ကို ၇၅ ရူပီး ဈေးကျဆင်းသွားပါတယ်။ 

ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲ(FAQ/RC)က တစ်တန်ကို ၃,၃၈၉,၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင်တစ်တန်ကို ၂၀,၀၀၀ ကျော် ဈေးကျဆင်းသွားပါတယ်။ (SQ/RC)ကတော့ တစ်တန်ကို ၃,၆၇၉,၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၂၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅,၅၅၀ မှ ၅,၅၈၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ လောက် ဈေးကျဆင်းပါတယ်။ မတ်ပဲ FOB ဈေးနှုန်းကလည်း တစ်တန်ကို ၁,၀၂၅ မှ ၁,၀၄၅ ဒေါ်လာ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲမရှိပါဘူး။ 

🌽ပြောင်းဆံ🌽

ပဲမျိုးစုံက ဒေါ်လာပေါက်ဈေးနဲ့အတူ ကျဆင်းနေပေမယ့် ပြောင်းဈေးကတော့ မကျတဲ့အပြင် ထပ်ပါ မြင့်တက်လာပါတယ်။ ပြည်ပလိုအပ်ချက်ကြောင့် ဝယ်ယူမှုမြင့်နေတယ်လို့ သိရပါတယ်။ ပြောင်းဈေးမြင့်တက်နေပေမယ့်လည်း တောင်သူလက်ထဲမှာတော့ ပြောင်းမရှိသလောက်‌ဖြစ်နေပါပြီ။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပြောင်းဆံ တစ်ပိဿာကို ၁,၃၅၀ မှ ၁,၃၇၀ ကျပ် ရှိပြီး တစ်ပိဿာကို ၇၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ စီပီပြောင်းတစ်အိတ်ကို ၆၈,၀၀၀ မှ ၆၉,၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့သောကြာနဲ့နှိုင်းယှဉ်လိုက်ရင်တော့ တစ်အိတ်ကို ၄,၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။ ရှမ်းပြောင်းကလည်း တစ်အိတ်ကို ၆၉,၀၀၀ မှ ၇၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။ နှစ်ပတ်အတွင်း တစ်အိတ်ကို ၁၀,၀၀၀ နီးပါးဈေးမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ 

🫛ပဲပုပ်🫛

ပဲပုပ်ဈေးတွေလည်း မြင့်တက်လာပါတယ်။ ပြီးခဲ့တဲ့လလယ်လောက်ကတည်းက ဈေးမြင့်တက် နေခဲ့တာဖြစ်ပြီးတော့ လက်ရှိမှာတော့ အမြင့်ဈေးနဲ့ရှိနေတာဖြစ်ပါတယ်။ ဈေးကွက်ထဲကို အဝင်ရှိနေပြီး အဝင်ရှိသလောက်အဝယ်ရှိနေတယ်လို့လည်း သိရပါတယ်။ ဆီအတွက်အသုံးပြုတာဖြစ်လို့ ဈေးကွက်အတွင်း ဝယ်လိုအားကတော့ ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာလည်း ပဲပုပ်(အထွက်တိုး)က တစ်ပိဿာကို ၃,၆၆၅ မှ ၃,၇၅၀ ရှိပြီး တစ်ပိဿာကို ၈၅ကျပ် ဈေးမြင့်တက်လာပါတယ်။ မန္တလေးဈေးကွက်မှာ ပဲပုပ်(ရှမ်း/ဗမာ)က တစ်အိတ်ကို ၁၈၅,၀၀၀ မှ ၁၉၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃,၀၀၀ လောက် ဈေးမြင့်တက်လာပါတယ်။ 

🧅ကြက်သွန်နီ🧅 

ကြက်သွန်နီကတော့ ဈေးကွက်ထဲအဝင်လျော့သွားခဲ့ပြီး ဈေးကအနည်းငယ်ပြန်မြင့်တက်လာပါတယ်။ နယ်စုံကနေအဝင်ရှိပြီး လက်ရှိငွေဈေးအခြေအနေကြောင့် စောင့်ကြည့်ဝယ်ယူတာတွေ‌ကြောင့် ဈေးကွက်ထဲအဝင်နည်းသွားတယ်လို့လည်း သိရပါတယ်။ နေ့စဉ်ဈေးကွက်ထဲကို ပိဿာချိန် ၁၅၀၀၀၀ နီးပါး အဝင်ရှိနေပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ ဆိပ်ဖြူကတော့ တစ်ပိဿာကို ၁,၆၀၀ မှ ၂,၃၅၀ ကျပ်ရှိပြီး တစ်ပိဿာကို ၁၅၀ ကျပ် ဈေးတက်လာပါတယ်။ အခြားအမျိုးအစားဖြစ်တဲ့ မြင်းခြံ၊ တောင်တွင်း၊ မင်းဘူး၊ ရွှေဘို၊ မုံရွာတို့ကလည်း တစ်ပိဿာကို အနိမ့်ဆုံး ဈေး ၁,၂၀၀ ကနေ ၂,၄၀၀ ကြားရှိနေပြီး ၁၀၀ လောက် ဈေးတက်လာပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ တစ်ပိဿာကို ၁,၂၀၀ မှ ၂,၀၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ် ဈေးတက်လာပါတယ်။ ကြက်သွန်နီကတော့ ပြီးခဲ့တဲ့ လနဲ့ယှဉ်ရင် တစ်လအတွင်း တစ်ပိဿာကို ၅၀၀ နီးပါး‌ဈေးကျဆင်းသွားခဲ့ပါတယ်။ 

Sources : AMIA (Farmer Digital TV)