menu

တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက် ( ၁ . ၇ . ၂၀၂၄ မှ ၅ . ၇ . ၂၀၂၄ )

🫛🫘🌽🧅🧄🫛🧄🧅🌽🫘🫛 

ပဲတီစိမ်း 
------ 
ပဲတီစိမ်းကတော့ ဈေးဆက်ပြီးမြင့်တက်နေတဲ့အခြေအနေပါ။ ပြည်ပတင်ပို့ဖို့အတွက် ပုံမှန်အဝယ်ရှိ နေတယ်လို့သိရပါတယ်။ အခြားပဲတွေနဲ့ယှဉ်ရင် ပုံမှန်အရောင်းအဝယ်ရှိနေပြီး ဈေးငြိမ်နေပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၄,၂၅၀ ကျပ်၊ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၄,၀၀၀ ကျပ် ပေါက်ဈေးနဲ့ဈေးငြိမ်နေပြီး ပဲတီစိမ်းဝါးခယ်မ ကတော့ တစ်ပိဿာကို ၃,၅၀၀ မှ ၄,၇၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၀ ကျပ် ဈေးမြင့်တက်လာပါတယ်။မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က သုံးတင်းဝင်တစ်အိတ်ကို ၁၆၈,၀၀၀ မှ ၂၀၆,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ 

ကုလားပဲ 
-------- 
ကုလားပဲကတော့ အစ်ပွဲတော် ပြီးတဲ့နေ့ကတည်းက အကျဈေးနဲ့ရှိနေတာဖြစ်ပြီး ဆက်တိုက် ဈေးကျဆင်းနေခဲ့ပါတယ်။ ဈေးကွက်ထဲ ပဲအဝင်ရှိနေပေမယ့် ဈေးချဝယ်ယူတာတွေကြောင့် ဈေးကျဆင်းနေတာလို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံးဈေးကွက်က မဖွင့်ပါဘူး။ ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၅,၅၀၀ မှ ၅,၇၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ် ဈေးကျဆင်းပါတယ်။ မန္တလေးဈေးကွက်မှာတော့ကုလားပဲလုံး V2 က တစ်အိတ်ကို ၂၄၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၆,၀၀၀ ကျပ်၊ ကုလားပဲ 929 က တစ်အိတ်ကို ၂၃၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ်က တစ်အိတ်ကို ၂၃၃,၀၀၀ မှ ၂၃၄,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃,၀၀၀ ကျပ် အသီးသီးဈေးပြန်ကျဆင်းပါတယ်။ နယ်ဈေးကွက်တွေမှာလည်း ကုလားပဲတစ်တင်းကို ၁,၀၀၀ ကနေ ၃,၀၀၀ ကြား ဈေးကျဆင်းပါတယ်။ 

ပြောင်းဆံ 
-------- 
ပြောင်းကတော့ တစ်ပတ်အတွင်း ဈေးအတက်အကျရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် နယ်ဈေးကွက်မှာ ဈေးပြန်တက်လာပါတယ်။ နေ့စဉ် အရောင်းအဝယ်နဲ့ပစ္စည်းအဝင်ပေါ် မူတည်နေတာဖြစ်ပါတယ်။ လက်ရှိ‌ ဈေးကွက်အတွင်းမှာတော့ ပြောင်းတစ်အိတ်ကို အမြင့်ဆုံးဈေး ၇၀,၀၀၀ သာ ဖော်ပြထားပေ မယ့် ကြိုက်ရောင်းကြိုက်ဝယ် အခြေအနေသာရှိနေတယ်လို့ သိရပါတယ်။ လာမယ့် ဩဂုတ်လမှာ ထိုင်းကို အခွန်လွတ်ပြောင်းတင်သွင်းခွင့်ကာလ ပြီးဆုံးတော့မှာမို့ ဈေးကွက်ထဲအဝယ်ရှိနေပေမယ့် လမ်းခရီးအခြေအနေကြောင့် အဆင်မပြေမှုတွေရှိတယ်လို့လည်း သိရပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပြောင်းဆံတစ်ပိဿာကို ၁,၄၀၀ မှ ၁,၄၂၀ ကျပ် ရှိပြီး ဈေးငြိမ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ စီပီပြောင်းတစ်အိတ်ကို ၆၈,၀၀၀ မှ ၇၀,၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ သောကြာနဲ့နှိုင်းယှဉ်လိုက်ရင်တော့ တစ်အိတ်ကို ၂,၀၀၀ ကျပ် ရှမ်းပြောင်းကတော့ တစ်အိတ်ကို ၆၈,၀၀၀ မှ ၇၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ ကျပ် ဈေးပြန်တက်လာပါတယ်။ 

ကြက်သွန်နီ 
---------- 
ကြက်သွန်နီကတော့ ဈေးကွက်ထဲ အနည်းငယ်ဈေးကျဆင်းပါတယ်။ ဈေးကွက်ထဲနေ့စဉ်အဝင် တစ်သိန်း အထက်ရှိပေမယ့် အရည်အသွေးပိုင်းကြောင့် အနည်းငယ်ဈေးကျဆင်းတာ လို့ သိရပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ (ဆိပ်ဖြူ)က ပုံမှန်အဝင်ရှိနေပြီး တစ်ပိဿာကို ၁,၆၀၀ မှ ၂,၁၀၀ ရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ် ဈေးကျဆင်းပါတယ်။ အခြား မြင်းခြံ၊ ပခုက္ကူ၊ ရွှေဘို၊ တောင်သာ၊ မုံရွာတို့ကလည်း ရက်ခြားဈေးကွက်ထဲကို အဝင်ရှိနေပြီး တစ်ပိဿာကို ၁,၅၅၀ မှ ၂,၃၀၀ ကြား ပေါက်ဈေးရှိပါတယ်။ 

ကြက်သွန်ဖြူ 
----------- 
ကြက်သွန်ဖြူ(ရှမ်း)ကတော့ ဈေးကျဆင်းပေမယ့် ကြူကုတ်ကတော့ ဈေးအနည်းငယ်ပြန် မြင့်တက်လာပါတယ်။ ရှမ်းဈေးက ဈေးကွက်အတွင်း မြင့်နေတာဖြစ်လို့ ၁၀,၀၀၀ အောက်ရှိတဲ့ ကြူကုတ်တွေ ပြန်လည်ဝယ်ယူလာလို့ ဈေးမြင့်တက်လာတာလို့လည်း သိရပါတယ်။ လမ်းခရီး အခြေအနေကြောင့်လည်း ဈေးကွက်ထဲအဝင်နည်းတယ်လို့ သိရပါတယ်။ ကြက်သွန်ဖြူက လာမယ့် ဩဂုတ်လပိုင်းအတွင်း ဈေးမြင့်တက်နိုင်တယ်လို့ ကြက်သွန်ဖြူကုန်သည်တွေက သုံးသပ်ထားပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကြက်သွန်ဖြူရှမ်းက တစ်ပိဿာကို ၉,၀၀၀ မှ ၁၀,၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးကျဆင်းပါတယ်။ ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ တစ်ပိဿာကို ၉,၈၀၀ မှ ၉,၉၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၀၀ ကျပ် ဈေးပြန်တက်လာပါတယ်။ 

အာလူး 
------ 
အာလူးဈေးတွေကတော့ ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ တရုတ်ဘက်ကအာလူးတွေ ဈေးကွက် ထဲ အဝင်နည်းနေတဲ့အတွက် ဈေးမြင့်တက်လာတာလည်းဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ အာလူး(ဟဲဟိုး)က တစ်ပိဿာကို ၂,၇၀၀ နဲ့ ဈေးစဖွင့်ခဲ့ပြီး ရက်ပိုင်းအတွင်း တစ်ပိဿာကို ၃,၁၀၀ ကျပ် ပေါက်ဈေးရှိကာ ၄၀၀ လောက် ဈေးမြင့်တက်လာပါတယ်။ တရုတ်အာလူးကလည်း တစ်ပိဿာကို ၃,၅၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်ပိဿာကို ၁,၀၀၀ နီးပါး‌ ဈေးမြင့်တက်လာတာလည်း ဖြစ်ပါတယ်။ 

Sources : AMIA (Farmer Digital TV)