menu

"တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်" (၂၉.၁၁.၂၀၂၁ မှ ၃.၁၂.၂၀၂၁)


🌿🍅🍀🍅☘️🍅☘️🍅🍀🍅🌿

မတ်ပဲ
-----
မတ်ပဲကတော့ လက်တလောမှာဈေးတက်လာတယ်လို့ပြောလို့ရပေမယ့် တစ်ပတ်အတွင်းမှာတော့ အတက်အကျကမငြိမ်ပါဘူး။ ပြီးခဲ့တဲ့ နိုဝင်ဘာတစ်လလုံး အကျဈေးနဲ့ရှိနေခဲ့ပြီး နိုဝင်ဘာ နောက်ဆုံးအပတ်မှာ တစ်တန်ကို ၁,၄၃၀,၀၀၀ အထိ ပေါက်ဈေးရှိခဲ့ပြီး တစ်တန်ကို ၄ သောင်းနီးပါးလောက် ဈေးတက်လာခဲ့ပါတယ်။ စက်တင်ဘာလလောက်မှာ တစ်တန်ကို ငွေကျပ် သိန်း ၂၀ ကျော်အထိ ငွေကြေးပြောင်းလဲမှုနဲ့အတူ ဈေးတွေတက်ခဲ့ချိန်နဲ့နှိုင်းယှဉ်ရင်တော့ လက်ရှိပေါက်ဈေးက ကျတယ်လို့ဆိုလို့ရပါတယ်။ အဓိက ဒေါ်လာပေါက်ဈေးလျော့နည်းသွားလို့လည်းဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာလည်းဈေးအနည်းငယ်ပြန်တက်လာလို့ပြည်တွင်းပေါက်ဈေးအနည်းငယ်တက်လာပေမယ့် ပဲကုန်သည်တွေ ထိန်းဝယ်ယူနေလို့အတက်အကျကတော့အများကြီး မရှိပါဘူး။ လက်ရှိ ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲကတစ်တန်ကို ၁,၄၁၅,၀၀၀ ပေါက်ဈေးရှိပြီး အနည်းငယ်ကျဆင်းပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၃၅,၀၀၀ ကနေ ၁၃၇,၀၀၀ ကြားပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ အများကြီးမရှိပါဘူး။ အောင်လံဈေးကွက်မှာ လည်း တစ်တင်းကို ၄၄,၅၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၅,၅၀၀ ကနေ ၄၆,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပဲစင်းငုံနီ
-------
ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့အပတ်က ဈေးတက်လာပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးကပြန်ကျဆင်းသွား ပါတယ်။ အိန္ဒိယမှာ ဈေးတွေတက်လို့ ပဲဈေးကတက်လာခဲ့ပေမယ့် အိန္ဒိယမှာပဲအသစ်တွေ ပေါ်နေ ပြီဖြစ်တဲ့အတွက် ဝယ်ယူမှုလျော့နည်းသွားလို့ စက်တင်ဘာလနဲ့နှိုင်းယှဉ်ရင်ဈေးက တော်တော်ကျဆင်းသွားခဲ့ပါတယ်။ ဒါပေမယ့်မိုးအဆမတန်ရွာသွန်းမှုတွေကြောင့် ပဲအထွက်နှုန်းကလည်း လျော့နည်းနိုင်တယ်လို့ကြေညာထားတဲ့အတွက် ပဲစင်းငုံနီဈေးကတော့လက်တလောမှာ မှန်းဆရခက်နေပါတယ်။ မြန်မာပြည်တွင်းမှာတော့လက်ကျန်မရှိတဲ့အတွက်နေရာအများစုမှာ ဈေးအဖွင့်မရှိတော့ပဲ တင်ပို့မှုပဲ ရှိနေတာ ဖြစ်တယ်လို့ကုန်သည်တွေထံကနေသိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၁,၁၅၀,၀၀၀ ကျော် ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို၃၀,၀၀၀နီးပါးဈေးပြန်ကျဆင်းသွားပါတယ်။မန္တလေးမှာတော့လက်ရှိအချိန်ထိဈေးဖွင့်ခြင်းမရှိသေးပါဘူး။ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၅,၀၀၀ ပေါက်ဈေးရှိပြီးဈေးအပြောင်းအလဲ မရှိပါဘူး။

စားတော်ပဲ
---------
စားတော်ပဲကတော့ လက်ရှိမှာအမြင့်ဆုံးရောက်ရှိနေပါတယ်။ ပြည်ပကနေပဲအဝင်မရှိတဲ့အတွက် ပြည်တွင်းစားသုံးမှု အများဆုံးဖြစ်တဲ့ စားတော်ပဲက အပတ်စဉ်ဈေးတက်နေခဲ့တာဖြစ်ပါတယ်။ရန်ကုန်ဈေးကွက်မှာ စားတော်ပဲက တစ်ပိဿာကို ၄,၀၈၀ ကနေ ၄,၆၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၃၅ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၄၀,၀၀၀ ကနေ ၂၂၀,၀၀၀ပေါက်ဈေးရှိပြီးဈေးငြိမ်ပါတယ်။ ပဲလက်ကျန်မရှိတဲ့အတွက်အတက်ဈေးနဲ့ ဈေးငြိမ်နေခဲ့ပါတယ်။ ဆင်ဖြူကျွန်းမှာတော့တစ်တင်းကို ၈၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅,၀၀၀ ကျပ်ဈေး တက်လာပါတယ်။ ဈေးဖွင့်ပေမယ့် လက်ကျန်မရှိလို့ အရောင်းအဝယ်မရှိဘူးလို့သိရပါတယ်။ ပြည်ဈေးကွက်မှာလည်းတစ်တင်းကို ၈၀,၀၀၀ပေါက်ဈေးရှိပြီး တစ်တင်းကို ၅,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ စားတော်ပဲက တစ်လအတွင်း တစ်ပိဿာကို ၁,၀၀၀ နီးပါးဈေးတက်လာခဲ့တာဖြစ်ပြီးတော့ လက်ရှိ ပဲမျိုးစုံထဲ မှာ အမြင့်ဆုံးဈေးရရှိနေတဲ့ပဲလည်း ဖြစ်ပါတယ်။

ပဲကြီး
----
ပဲကြီးကဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာဈေးတက်လာပေမယ့် နယ်ဈေးကွက်မှာတော့ ဈေးအနည်းငယ်ပြန်ကျဆင်းသွားပါတယ်။လက်ကျန်မရှိတော့တဲ့အတွက် ဈေးက ပြန်ပြီးငြိမ်သွားတယ်လို့ လည်းကုန်သည်တွေက ဆိုပါတယ်။ ရန်ကုန်ဈေးကွက်မျာ ပဲကြီး (ရွှေကျွန်း)က တစ်ပိဿာကို ၃,၈၉၀ ကနေ ၃,၉၈၅ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။ ပဲကြီး(ကုန်း)ကတော့ ဆက်တိုက်ဈေးတက်လာပြီး ဒီတစ်ပတ်မှာတော့ တစ်ပိဿာကို ၄,၂၄၅ မှ ၄,၄၂၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၅၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲကြီး(က၊လ၊သ)က သုံးတင်းဝင်တစ်အိတ်ကို ၂၂၀,၀၀၀ ကနေ ၂၄၀,၀၀၀ ထိပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ဆင်ဖြူကျွန်းဈေးကွက်မှာလည်း တစ်တင်းကို ၇၅,၀၀၀ ကနေ ၈၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာလည်း တစ်တင်းကို ၇၅,၀၀၀ ကနေ ၈၀,၀၀၀ ပေါက်ဈေးရှိပြီး ဒီတစ်ပတ်မှာတော့ ဈေးငြိမ်ပါတယ်။

နှမ်းနက်(စမုံ)
-----------
နှမ်းနက်(စမုံ)က ဒီတစ်ပတ်မှာတော့ဈေးပြန်ကျဆင်းပါတယ်။ တင်ပို့ရောင်းချမှုလျော့နည်းသွားလို့ ဈေးတွေပြန်ကျဆင်းသွားတာဖြစ်ပါတယ်။ အသစ်တွေကလည်း ဆက်တိုက်ဈေးကွက်ထဲ ဝင်နေတဲ့အတွက် ဈေးက ဆက်တိုက်ကျဆင်းနေခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၃၅,၀၀၀ ကနေ ၂၂၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ အောင်လံဈေးကွက်မှာတော့ ၁၆၅,၀၀၀ ကနေ ၁၈၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်အိတ်ကို ၁၉၀,၀၀၀ ‌ပေါက်ဈေးရှိပြီး ၁၀,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ထန်းလျက်
---------
ထန်းလျက်ကတော့ ဒီတစ်ပတ်မှာဈေးတက်လာပါတယ်။ ပြီးခဲ့တဲ့လ ကတည်းက ဈေးက တစ်ဖြေးဖြေးတက်နေတာဖြစ်ပါတယ်။ ကုန်ကြမ်းရှားပါးနေပြီး အဝင်လည်းနည်းတဲ့အတွက် ဈေးတွေ တက်နေတာဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ထန်းလျက်(မလိုင်)ဒုံးက တစ်ပိဿာကို ၂,၁၀၀ ကနေ ၂,၂၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။ ရေစကြိုချော ကတော့ တစ်ပိဿာကို ၂,၅၂၅ မှ ၂,၆၂၅ ပေါက်ဈေးရှိပြီးတစ်ပိဿာကို ၂၅ ကျပ်ဈေးတက်လာပါတယ်။

ခရမ်းချဉ်သီး
----------
ခရမ်းချဉ်သီးက ဒီတစ်ပတ်မှာဈေးတွေကျဆင်းသွားပါတယ်။ ပစ္စည်းအဝင်တွေများလာလို့ဈေးတွေ ကျဆင်းသွားတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့အပတ်က အထိ ဈေးကတက်နေခဲ့ပါတယ်။ အောင်ပန်းဈေးကွက်မှာ ခရမ်းချဉ်သီးက တစ်ပိဿာကို ၁,၈၀၀ ပေါက်ဈေးရှိပြီး ဒီတစ်ပတ်မှာတော့ ဈေးငြိမ်ပါတယ်။ သီရိမင်္ဂလာဈေးမှာတော့ တစ်သေတ္တာကို ၆,၀၀၀ ကနေ ၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်သေတ္တာကို ၂,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

Sources : AMIA (Farmer Digital TV)