menu

"တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်" (၂၀.၁၂.၂၀၂၁ မှ ၂၄.၁၂.၂၀၂၁)


🌿🍃🧅🧄🥔🌿🥔🧄🧅🍃🌿

မတ်ပဲ 
-----

မတ်ပဲကတော့ ဒီတစ်ပတ်မှာ တစ်တန်ကို ၁၂ သိန်းထိဈေးကျဆင်းသွားခဲ့ပေမယ့် တင်ပို့မှုကို လာမယ့် မတ်လအထိ တိုးမြင့်လိုက်တဲ့အတွက်ဈေးက အနည်းငယ်ပြန်တက်လာခဲ့ပါတယ်။ ဒါပေမယ့် လာမယ့် လ မှာ မတ်ပဲအသစ်တွေဈေးကွက်ထဲ ဆက်တိုက်ထွက်လာတော့မှာဖြစ်လို့ အဟောင်းတွေကို ထုတ်ရောင်းနေမှုကြောင့် ပဲဈေးကပြန်ကျဆင်းသွားပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း မြန်မာ့မတ်ပဲဈေးတွေကသုံးပတ်ဆက်တိုက်ကျဆင်းနေတယ်လို့ အိန္ဒိယသတင်းတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း ပဲအသစ်တွေဝင်တော့မှာဖြစ်လို့ ဈေးတွေက ကျဆင်းနေပေမယ့် ပြီးခဲ့တဲ့လက အပျက်အစီးတွေရှိနေလို့ ပဲရှားပါးနိုင်တဲ့အခြေအနေကြောင့် ထိန်းဝယ်ယူမှုတွေက ပဲဈေးကို ဆိုးဝါးစွာမကျဆင်းခဲ့တာလည်း ဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို ၁၂ သိန်း ထိဈေးကျဆင်းသွားခဲ့ပြီး တစ်တန်ကို ၉ သောင်းနီးပါးဈေးကျဆင်းသွားခဲ့ပေမယ့် ရက်ပိုင်းအတွင်း ၅ သောင်းနီးပါး ပြန်တက်လာခဲ့ပြီး လက်ရှိ တစ်တန်ကို ၁၂ သိန်း ၅ သောင်း ပေါက်ဈေးရှိနေပါတယ်။ မန္တလေး ဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၁၅,၀၀၀ ကနေ ၁၁၇,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၈,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၈,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂,၅၀၀ ကျပ်ဈေးကျဆင်းသွား ပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၉,၅၀၀ ကနေ ၄၀,၀၀၀ ပေါက်ဈေးရှိပြီးတစ်တင်းကို ၂,၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပဲစင်းငုံနီ
-------

ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့အပတ်က ဈေးအနည်းငယ်သာကျဆင်းပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးက ကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယကလည်းအဝယ်နည်းသလို ပြည်တွင်းမှာလည်းအသစ်တွေ ဝင်လာပြီဖြစ်လို့‌ဈေးက ကျဆင်းသွားတာလည်းဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာပဲစင်းငုံနီက တစ်တန်ကို ၁၁သိန်း ပေါက်ဈေးရှိနေပြီး တစ်တန်ကို ၂ သောင်းကျော်ဈေးကျဆင်းသွားခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာတော့ အသစ်တွေဈေးကွက်ထဲဝင်နေပြီး တစ်အိတ်ကို ၇၈,၀၀၀ ကနေ ၁၀၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်လောက်ဈေးကျဆင်းသွားပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၄,၅၀၀ ပေါက်ဈေးရှိပြီးတစ်တင်းကို ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ကြက်သွန်ဖြူ(ကြူကုတ်)
----------------------

ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ဒီတစ်ပတ်မှာလည်း ဈေးကကျဆင်းသွားပါတယ်။ ဈေးကွက်ထဲ အဝင်များလာပြီး အဝယ်လျော့နည်းလို့ဈေးက ကျဆင်းသွားတာလည်းဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၅,၀၀၀ ကနေ ၅,၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မော်လမြိုင်မှာတော့ တစ်ပိဿာကို ၄,၈၀၀ ကျပ်ပေါက်ဈေးရှိပြီး ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ကြက်သွန်နီ
----------

ကြက်သွန်နီကတော့ ဒီတစ်ပတ်မှာလည်းဈေးကျဆင်းသွားပါတယ်။ ကားအဝင်ကလည်းများနေပြီး မိုးကြက်သွန်တွေဈေးကွက်ထဲကို ဆက်တိုက်ဝင်နေလို့ ဈေးကကျဆင်းသွားတာလည်း ဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်နီ (ဆိပ်ဖြူ၊မြင်းခြံ၊ပခုက္ကူ)တို့က တစ်ပိဿာကို ၁၅၀ ကနေ ၆၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၅၅၀ ကနေ ၇၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

အာလူး
------

အာလူးကတော့ လက်ရှိအဝင်အနည်းငယ်ရှိလို့ ဈေးတွေကကျဆင်းသွားပါတယ်။ ရန်ကုန်ဈေးကွက် မှာတော့ အာလူး(အောင်ပန်း)က တစ်ပိဿာကို ၁,၆၀၀ ကနေ ၂,၁၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၂,၀၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

Sources : AMIA (Farmer Digital TV)