menu

"တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်" (၃၁.၁.၂၀၂၂ မှ ၄.၂.၂၀၂၂)


🌿🥜🌿🥔🌿🥜🌿🥔🌿🥜🌿

🌿မတ်ပဲ🌿

မတ်ပဲက ပြီးခဲ့တဲ့အပတ်က ဈေးကျဆင်းနေခဲ့တာဖြစ်ပြီးတော့ ဒီတစ်ပတ်မှာလည်း အကျဈေးနဲ့ပဲ ရှိနေပါတယ်။ တစ်ပတ်အတွင်းမှာတော့ အတက်အကျက ဝယ်ယူမှုပေါ်မူတည်ပြီး အနည်းငယ်ရှိနေပေမယ့် တစ်ပတ်အတွင်းခြုံကြည့်ရင် ဈေးကျဆင်းနေပါတယ်။ အိန္ဒိယဈေးကွက်မှာလည်း မြန်မာ့မတ်ပဲက ဈေး ကျဆင်းနေတာဖြစ်ပြီးတော့ မြန်မာပြည်တွင်းမှာလည်း အသစ်တွေထွက်ရှိနေပြီး ဈေးချဝယ်ယူမှုတွေကြောင့် ဈေးက (၂) ပတ်ဆက်တိုက်ကျဆင်းနေခဲ့ပါတယ်။

ရန်ကုန်ဈေးကွက်မှာ အသစ်တွေလည်းဝင်လာပြီး တစ်တန်ကို ၁,၂၂၅,၀၀၀ ပေါက်ဈေးရှိပြီး အဟောင်း ကတော့ ၁,၂၀၅,၀၀၀ ပေါက်ဈေးရှိပါတယ်။ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၈ သောင်းကျော်ဈေးကျ ဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၁၅,၀၀၀ ကနေ ၁၂၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ အသစ်က တစ်တင်းကို ၄၀,၀၀၀ ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ဈေးကွက်မှာလည်း တစ်တင်းကို ၄၁,၀၀၀ ပေါက်ဈေးရှိပြီး ၁,၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မတ်ပဲက လာမယ့် မတ်လ (၃၁)ရက်နေ့အထိ တန်ချိန် ၂ သိန်းခွဲ တင်သွင်းခွင့်ရှိနေပြီး လက်ရှိမှာ တန်ချိန် က ၃ သိန်းခွဲနီးပါး တင်ပို့ထားပြီး သတ်မှတ်ထားတဲ့ပမာဏထက် ပိုမိုတင်ပို့ထားကြောင်း စီးပွား/ကူးသန်းက ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။ ကုန်သည်များရဲ့ သုံးသပ်ချက်ကတော့ ရာသီချိန် က ပုံမှန်ဈေးကျဆင်းနေခဲ့တာဖြစ်ပြီးတော့ လက်ရှိပေါက်ဈေးထက်တော့ အနည်းငယ်ထပ် ကျဆင်းနိုင်မယ်လို့ ဆိုပါတယ်။

🌿ပဲစင်းငုံနီ🌿

ပဲစင်းငုံနီက ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးကျဆင်းသွားပြီး တစ်ပတ်အတွင်းမှာတော့ အတက်အကျက ရှိနေပါတယ်။ ဈေးတွေ တစ်ဖြေးဖြေး ပြန်ကျဆင်းနေတာကြောင့် လက်ရှိပေါက်ဈေးထက်ဈေး လျော့နည်းမှာကိုစိုးရိမ်ပြီး ထုတ်ရောင်းနေမှုတွေကြောင့်လည်း ဈေးကတည်ငြိမ်မှုမရှိပါဘူး။ အိန္ဒိယနိုင်ငံမှာတော့ ပဲပေါ်ချိန်မှာအချိန်အခါမဟုတ် မိုးရွာတဲ့အတွက် ပဲထွက်နှုန်းလျော့နည်းမယ်လို့ ခန့်မှန်းထားတဲ့အတွက်ကြောင့် ပဲစင်းငုံနီကလက်ရှိမှာ ထိန်းဝယ်မှုကြောင့် ဈေးကျဆင်းပေမယ့် လာမယ့် ကာလအနည်းငယ်မှာဈေးဆက် တက်မယ်လို့ သုံးသပ်ထားပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁,၃၂၅,၀၀၀ ပေါက်ဈေးရှိနေပြီး ၂ သောင်းကျော်ဈေး ကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၂၅,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၄၁,၇၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၈၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၄၂,၂၀၀ ပေါက်ဈေးရှိပြီး ၁,၅၀၀ ကျပ်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၁,၇၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၈၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

🥜မြေပဲဆံ🥜

မြေပဲဆံကတော့ ဈေးတွေဆက်တိုက်တက်နေခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ဈေးက အနည်းငယ်ပြန်ကျဆင်းသွားပါတယ်။ ဆီစက်တွေကအဝယ်များနေလို့ဆက်တိုက်တက်နေခဲ့ရာမှ ဒီတစ်ပတ်မှာ ပိတ်ရက်တွေကြောင့် အနည်းငယ်ပြန်အေးသွားတာလည်းဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာ အနီလုံးဆံက တစ်ပိဿာကို ၂,၇၅၀ ကနေ ၂,၉၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ အောင်လံဈေးကွက်မှာ မြေပဲလုံးဆံနီက တစ်ပိဿာကို ၂,၈၅၀ ကနေ ၂,၈၇၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၅ ကျပ်၊ မြေပဲလုံးဆံဖြူက တစ်ပိဿာကို ၃,၂၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ် အသီးသီးဈေးကျဆင်းပါတယ်။ ပြည်ဈေးကွက်မှာမြေပဲလုံးဆံက တစ်ပိဿာကို ၃,၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၂၅ ကျပ်၊ မြေပဲလုံးဆံနီကတော့ တစ်ပိဿာကို ၂,၉၀၀ ပေါက်ဈေးရှိပြီး ၂၅ ကျပ် ဈေးကျဆင်းသွားပါတယ်။

🌿ပဲလွန်း🌿

ပဲလွန်းရောင်စုံကတော့ ဈေးကဆက်တိုက်ကျဆင်းနေခဲ့ပါတယ်။ အသစ်တွေဈေးကွက်ထဲကို အဝင်များ နေလို့ ဈေးကျဆင်းနေတယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲလွန်းဖြူက တစ်ပိဿာကို ၁,၆၃၀ မှ ၂,၀၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးကျဆင်းနေပါတယ်။ ပဲလွန်းနီကတော့ တစ်ပိဿာကို ၂,၃၃၀ မှ ၂,၄၂၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲလွန်းဖြူက တစ်အိတ်ကို ၁၁၅,၀၀၀ ကနေ ၁၂၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၇,၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။ ပဲလွန်းပြာကတော့ တစ်အိတ်ကို ၁၀၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၄,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၃,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂,၅၀၀ ကျပ် ဈေးကျဆင်း သွားပါတယ်။

🥔အာလူး🥔

အာလူးဈေးကတော့ ဆက်တိုက်ဈေးကျဆင်းနေပါတယ်။ တရုတ်ဘက်က အာလူးတွေ အဝင်များနေလို့ ဈေးတွေကကျဆင်းနေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ အာလူးက တစ်ပိဿာကို ၁,၆၀၀ ကနေ ၁,၇၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၁,၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ် ဈေးတက်လာပါတယ်။

Sources : AMIA (Farmer Digital TV)