menu

"တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်" (၂၈ . ၂ . ၂၀၂၂ မှ ၄ . ၃ . ၂၀၂၂)


🌿🍀☘️🌽🧄🧅🌶☘️🍀🌿

🌿မတ်ပဲ🌿

မတ်ပဲကတော့ ပြီးခဲ့တဲ့အပတ်က အတက်အကျတည်ငြိမ်မှုမရှိပေမယ့် ဒီတစ်ပတ်မှာတော့ဈေးတွေ မြင့်တက်လာခဲ့ပါတယ်။ ရုရှားစစ်ပွဲအခြေအနေက အဓိက သီးနှံတွေဈေးမြင့်တက်လာပြီး အိန္ဒိယ ကလည်း ပြည်ပပဲတွေကို ဝယ်ယူမှုတွေ မြင့်လာတဲ့အတွက် မြန်မာ့မတ်ပဲက ဈေးမြင့်လာခဲ့တာပါ။ မြန်မာပြည်တွင်းမှာလည်း ငွေကြေးလဲလှယ်နှုန်းဈေးမြင့်တက်လာတာနဲ့အတူ ဝယ်ယူသိုလှောင်မှုတွေ ရှိ နေပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC) က တစ်တန်ကို ၁,၃၅၀,၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၇ သောင်းနီးပါးဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၃၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၈,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၄၂,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂,၅၀၀ကျပ်၊ အောင်လံ ဈေးကွက်မှာတော့ တစ်တင်းကို ၄၃,၅၀၀ ပေါက်ဈေးရှိပြီး ၂,၅၀၀ကျပ်၊ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၄၃,၀၀၀ ပေါက်ဈေးရှိပြီး ၂,၅၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။

🍀ပဲစင်းငုံနီ🍀

ပဲစင်းငုံနီကတော့ ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ အိန္ဒိယနိုင်ငံက ပဲစင်းငုံနီ အထွက်နည်းမယ်လို့ ခန့်မှန်းထားပြီး မြန်မာပြည်တွင်းမှာလည်း အထွက်နှုန်းလျော့နည်းမှုတွေကြောင့်ပဲစင်းငုံနီဟာ အကျဈေးနဲ့ ရက်အနည်းငယ်ရှိခဲ့ပေမယ့် အတက်ဈေးကိုစောင့်နေတာဖြစ်တဲ့အတွက် ဈေးကွက်အတွင်း မာနေတဲ့အခြေအနေပါ။ လက်ရှိငွေကြေးဈေးမြင့်တက်မှုတွေ၊ အိန္ဒိယဝယ်ယူမှုတွေ ဆက်တိုက်မြင့်တက်လာလို့ ဈေးစောင့်နေတဲ့တောင်သူတွေကတော့ ဈေးကောင်းရရှိနေပြီး ထပ်ပြီး တက်နိုင်ခြေရှိဦးမယ်လို့ သုံးသပ်ထားကြပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁,၃၈၅,၀၀၀ ပေါက်ဈေးရှိနေပြီး တစ်တန်ကို ၄၀,၀၀၀ နီးပါးဈေး တက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၂၉,၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၃,၀၀၀ ဈေးတက်လာပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၄၃,၁၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၇၀၀ကျပ်၊ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၄၃,၂၀၀ ပေါက်ဈေးရှိပြီး ၇၀၀ကျပ်၊ အောင်လံဈေးကွက်မှာတော့ ၄၃,၁၀၀ကျပ် ပေါက်ဈေးရှိပြီး ၆၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။

🌽ပြောင်းဆံ🌽

ပြောင်းဆံကတော့ဆက်တိုက်ဈေးမြင့်တက်နေခဲ့ပါတယ်။ ထိုင်းတင်ပို့မှုလည်း ရှိနေပါတယ်။ တရုတ်တင်ပို့မှုကတော့ လက်ရှိတရုတ်ဘက်အခြမ်းက ကိုဗစ်ရောဂါတွေ့ရှိမှုကြောင့်ရုတ်တရက် ပိတ်လိုက်ရပြီး ကားအမြောက်အမြားဂိတ်မှာ ပိတ်မိနေမှုကြောင့် နယ်ဈေးကွက်အချို့မှာ ဈေးအနည်းငယ် ကျဆင်းသွားခဲ့ပေမယ့် ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တော့ အတက်ဈေးနဲ့ပဲ ရှိနေပါတယ်။ ရန်ကုန်ဈေးကွက်မှာပြောင်းဆံက တစ်ပိဿာကို ၉၆၀ ကနေ ၉၈၀ ပေါက်ဈေးရှိပြီး ၆၀ ကျပ်ဈေး တက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၅၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၅၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၁၆,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂,၂၀၀ ကျပ်ဈေးတက်လာပါတယ်။ အခြား ပြောင်း(ရှမ်း)၊ ပြောင်းနီ ၊ ကာဘိုး၊ အထွက်တိုး၊ ဆန်ပြောင်း အစရှိတဲ့ပြောင်းတွေကလည်း တစ်အိတ်ကို ၃၆,၀၀၀ ကနေ ၄၉,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်နီးပါးဈေးမြင့်တက်လာပါတယ်။

🧅ကြက်သွန်နီ🧅

ကြက်သွန်နီကတော့ ဈေးတက်လာပါတယ်။ ကြက်သွန်နီအသစ်တွေ ဈေးကွက်ထဲကို မဝင်လာသေးပဲ လက်ကျန်တွေသာ အဝင်နည်းနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့မှုကလည်း ရှိနေတဲ့အတွက်ဈေးက ပြန် တက်လာတာဖြစ်ပါတယ်။ နေ့စဉ် ကုန်အဝင်တန်ချိန် ၃သောင်းနီးပါးသာ ဈေးကွက်ထဲ ဝင်နေတယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ကြက်သွန်နီက တစ်ပိဿာကို ၅၀၀ ကနေ ၁,၀၅၀ ကျပ်ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၂၅ ကျပ်လောက်ဈေးတက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၈၅၀ ကနေ ၁,၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၁၅၀ ကျပ်လောက်ဈေးတက်လာပါတယ်။

🧄ကြက်သွန်ဖြူ🧄

ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ တစ်ပိဿာကို ၆,၀၀၀အထိ ဈေးမြင့်လာပြီး ဝင်ရောက်မှု နည်းတဲ့အတွက် ဈေးကတက်လာခဲ့တာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ တစ်ပိဿာကို ၅,၉၀၀ ကနေ ၆,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂,၁၀၀ ကျပ်ဈေးတက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၄၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၉၀၀ ကျပ်ဈေး တက်လာပါတယ်။ ရှမ်းကြက်သွန်ဖြူ ကတော့ အဟောင်းလက်ကျန်မရှိတော့ပဲ အသစ်ကတော့ ဈေးတက်လာပါတယ်။ ဝယ်ယူမှုများတဲ့အတွက် အသစ်ဝင်ရောက်မှုကလည်း နည်းနေသေးလို့ဈေးတက်နေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၂,၁၀၀ ကနေ ၃,၂၀၀ ပေါက်ဈေးရှိနေပြီး တစ်ပိသာကို ၃၀၀ကျပ် ဈေးတက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ ရှမ်းကြက်သွန်က တစ်ပိဿာကို ၃,၀၀၀ ကနေ ၃,၃၀၀ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်ဈေးတက်လာပါတယ်။

🌶ငရုတ်🌶

ငရုတ်ဈေးကတော့ ဘုရင့်နောင်ဈေးကွက်မှာဈေးတက်လာပေမယ့် မြေပြင်မှာတော့ဈေးမရရှိမှုတွေ ဖြစ်နေပါတယ်။ Export ငရုတ်အချို့ကတော့ တင်ပို့မှုကောင်းနေပြီး အဝင်လည်းနည်းသွားလို့ဈေး တက်နေတယ်လို့သိရပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ငရုတ်(ဆင်ဖြူကျွန်း)ပု က တစ်ပိဿာကို ၁၂,၀၀၀ ကနေ ၁၂,၅၀၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၁,၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ငရုတ်(မိုးထောင်ဟင်္သာတ)ကလည်း တစ်ပိဿာကို ၆,၇၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁,၁၀၀ ကျပ် ဈေးတက်လာပါတယ်။ မိုးထောင်မြစ်ဝကလည်း တစ်ပိဿာကို ၆,၅၀၀ ကနေ ၇,၀၀၀ ပေါက်ဈေးရှိပြီးတစ်ပိဿာကို ၁,၉၀၀ ကျပ်ဈေးတက်လာပါတယ်။

Sources : AMIA (Farmer Digital TV)