menu

"တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်" (၉.၅.၂၀၂၂ မှ ၁၃.၅.၂၀၂၂)


🌿🌱🥜🎋🌶🌶🎋🥜🌱🌿

မတ်ပဲ
-----

ပြီးခဲ့တဲ့အပတ်က အတက်အကျအနည်းငယ်နဲ့သာ အပြောင်းအလဲရှိခဲ့တဲ့ မတ်ပဲကတော့ ဒီတစ်ပတ်မှာ တစ်တန်ကို ၅၀,၀၀၀လောက် ကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ရူပီးငွေကျဆင်းမှုကြောင့် ပြည်ပကနေ ပဲဝယ်ယူမှု လျော့နည်းသွားလို့ ဈေးတွေကျဆင်းသွားတာဖြစ်တယ်လို့ အိန္ဒိယသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ ပြည်တွင်းမှာတော့ လက်ရှိငွေကြေးလဲလှယ်မှုနှုန်းကို ကန့်သတ်ထားမှုကြောင့် အရောင်းအဝယ်က အေးနေပြီး လိုအပ်မှသာအရောင်းအဝယ်ပြုလုပ်နေကြတယ်လို့ ကုန်သည်တွေထံကနေသိရပါတယ်။ မတ်ပဲက လတ်တလောမှာတော့ ဈေးကကျဆင်းနိုင်ခြေရှိပေမယ့် အမြင့်ဈေးနဲ့ဝယ်ယူသိုလှောင်ထားမှု တွေကြောင့် ဈေးကို အနိမ့်ဆုံးထိဆွဲချမှာ မဟုတ်ဘူးလို့ ကုန်သည်ကြီးအချို့က ဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ တစ်တန်ကို ၁,၄၁၀,၀၀၀ ကျော် ပေါက်ဈေးရှိနေပြီး တစ်တန်ကို ၅၀,၀၀၀ ကျော် ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၃၅,၀၀၀ ကနေ ၁၃၇,၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၆,၀၀၀ လောက် ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၄၃,၅၀၀ ကနေ ၄၅,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၅,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်၊ ပြည်ဈေးကွက်မှာလည်း တစ်တင်းကို ၄၆,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ ကျပ်၊ မော်လမြိုင်မှာတော့ တစ်တင်းကို ၄၆,၀၀၀ ပေါက်ဈေးရှိပြီး ၁,၅၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။

ပဲပုတ်
----- 

ပဲပုတ်ဈေးတွေကတော့ ဒီတစ်ပတ်မှာဈေးတွေပြန်ကျဆင်းသွားပါတယ်။ ဈေးကွက်ထဲ အသစ်တွေ အဝင်များနေတဲ့အတွက် ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးက ကျဆင်းသွားတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲပုတ်(အထွက်တိုး)က တစ်ပိဿာကို ၂,၉၁၅ကျပ် မှ ၂,၉၇၀ကျပ် ပေါက်ဈေးရှိပြီး ၁၁၅ ကျပ် ဈေးကျဆင်းသွားပြီး ပဲပုတ်(ဆီတိုး)ကတော့ တစ်ပိဿာကို ၂,၈၃၀ ကနေ ၂,၉၂၀ပေါက်ဈေးနဲ့ဈေးငြိမ်နေပါတယ်။ မန္တလေးလေးဈေးကွက်မှာတော့ ပဲပုတ်(ဗမာ) တစ်အိတ်ကို ၁၄၃,၀၀၀ ကနေ ၁၄၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ ကျပ်၊ ပဲပုတ်(ရှမ်း)ကတော့ တစ်အိတ်ကို ၁၂၀,၀၀၀ ကနေ ၁၃၅,၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၁၂,၀၀၀ ကျပ် ဈေး ကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၄၉,၀၀၀ နဲ့ ဈေးငြိမ်နေပါတယ်။ 

မြေပဲ 
----- 

သင်္ကြန်အပြီးကနေ မေလပထမပတ်အထိ ဆီစက်လုပ်ငန်းတွေကနေဝယ်ယူမှုများတဲ့အတွက် ပြန်လည်ဈေးမြင့်တက်လာခဲ့တဲ့မြေပဲဆံတွေက စီးပွားကူးသန်းကနေတင်ပို့မှု ခေတ္တရပ်ဆိုင်းလိုက်တဲ့အချိန်မှာ ပြန်ကျဆင်းသွားခဲ့ပါတယ်။ ပဲဈေးမြင့်တက်လာမှုနဲ့အတူ ဆီဈေးတွေ မြင့်တက်လာတဲ့အတွက်ကြောင့် ဆီဈေးထိန်းချုပ်ရန်အတွက် အခုလို ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။ လက်ရှိ နယ်အချို့မှာ မြေပဲအသစ်တွေ ဈေးကွက်ထဲ ဝင်ရောက်နေပြီ ဖြစ်တဲ့အတွက်ကြောင့် တောင်သူတွေအနေနဲ့ကတော့ ဈေးကောင်းရရှိမှုမရှိတော့ပါဘူး။ သယ်ယူကုန်ကျစရိတ်၊ စိုက်စရိတ်၊ ဓာတ်မြေဩဇာဈေး စတဲ့ အထွေထွေဈေးမြင့်တက်မှုတွေကြောင့် လက်ရှိအခြေအနေက ခက်ခဲမှုတွေရှိနေတယ်လို့ တောင်သူတွေကဆိုပါတယ်။ 

ထန်းလျက် 
--------- 

အတန်ကြာ အတက်ဈေးနဲ့ငြိမ်နေခဲ့တဲ့ထန်းလျက်ကတော့ ဈေးတွေပြန်ကျဆင်းလာပါတယ်။ ဈေးကွက် ထဲ အသစ်တွေဝင်ရောက်နေပြီဖြစ်လို့ ဈေးတွေ ကျဆင်းသွားတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ထန်းလျက်အသစ်တွေကတော့ တစ်ပိဿာကို ၂,၀၀၀ ကနေ ၂,၈၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၄၀၀ နီးပါးဈေးကျဆင်းသွားပါတယ်။ 

ငရုတ် 
----- 

ငရုတ်ဈေးကလည်း ပြန်တက်လာပါတယ်။ တရုတ်ဂိတ် ပြန်လည်ဖွင့်ပေးမယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသတွင်းဝယ်ယူမှုအားကောင်းနေပြီး ဈေးပြန်တက်လာတာဖြစ်တယ်လို့သိရပါတယ်။အချို့ ငရုတ်တွေ ကတော့ အဝင်နည်းလာလို့ဈေးကောင်းရရှိနေပါတယ်။ ငရုတ်ဆင်ဖြူကျွန်းပုကတော့ တစ်ပိဿာကို ၈,၅၀၀ ကနေ ၉,၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁,၀၀၀ ကျပ်၊ မြစ်ဝကျွန်းပေါ်ပုကတော့ တစ်ပိသာကို ၉,၅၀၀ ကနေ ၁၀,၅၀၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁,၀၀၀ ကျပ်၊ ဈေးတက်လာပါတယ်။ မိုးထောင်မြစ်ဝ နဲ့ မိုးထောင်ဟင်္သာတကတော့ တစ်ပိဿာကို ၅,၆၀၀ ကနေ ၅,၈၀၀ ကြားပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။ 
Sources : AMIA (Farmer Digital TV)