menu

"တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်" (၁၆ . ၅ . ၂၀၂၂ မှ ၂၀ . ၅ . ၂၀၂၂)


🌿🌱🌽🧄🧅🧅🧄🌽🌱🌿

🌿ပဲတီစိမ်း🌿

ပဲတီစိမ်းကတော့ တရုတ်ဘက်မှာ ဂိတ်များဖွင့်လာတဲ့အတွက် အရောင်းအဝယ်ပြန်ကောင်းလာပြီး (၃) ပတ်ဆက်တိုက် ဈေးကောင်းရရှိနေပါတယ်။ ဒေသအချို့မှာလည်း အသစ်တွေ ဈေးကွက်ထဲကို ဆက်တိုက် ဝင်ရောက်နေပြီး ဝင်သလောက်အဝယ်ရှိနေတယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ လက်ရှိ အတက်ဈေးနဲ့ပဲဈေးငြိမ်နေပါတယ်။ လက်ကျန်မရှိသလောက် ဖြစ်နေတဲ့အတွက် အရောင်းအဝယ်လည်း အေးနေတယ်လို့သိရပါတယ်။ နယ်ဈေးကွက်တွေကတော့ လက်ရှိအသစ်တွေ ထွက်ရှိနေတာဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ) က တစ်ပိဿာ ၂,၅၈၀ ကနေ ၂,၆၇၀ ကျပ်၊ ပဲတီစိမ်း(ပဲခူးရွှေဝါ) ကတော့ တစ်ပိဿာကို ၂,၄၁၅ ကနေ ၂,၅၃၅ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ)ကလည်း တစ်ပိဿာကို ၂,၁၃၀ မှ ၂,၁၈၅ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးဈေးကွက်မှာတော့ အရည်အသွေးပေါ်မူတည်ပြီး တစ်အိတ်ကို ၁၄၀,၀၀၀ ကနေ ၁၅၂,၀၀၀ ကြားအရောင်းအဝယ်ရှိနေပါတယ်။ မုံရွာဈေးကွက်မှာတော့ ပဲတီစိမ်းက တစ်တင်းကို ၃၅,၀၀၀ ကနေ ၄၉,၀၀၀ ပေါက်ဈေး ရှိပြီးတစ်တင်းကို ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၄၈,၅၀၀ ကနေ ၄၉,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ မကွေးဈေးကွက်မှာတော့ တစ်တင်းကို ၄၈,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

🌱ကုလားပဲ🌱

ကုလားပဲကတော့ ဈေးဆက်တိုက်မြင့်တက်နေပါတယ်။ အချို့ပဲ အမျိုးအစားကတော့ အဝင်များလို့ ဈေး အနည်းငယ်အပြောင်းအလဲရှိပေမယ့် အများစုကတော့ ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ ကုလားပဲ ကတော့ ယခုပေါက်ဈေးထက် ပိုမြင့်တက်လာပါက ပြည်ပတင်သွင်းမှုတွေနဲ့ဈေးထိန်းလာနိုင်လို့ လက်ရှိ အတက်ဈေးနဲ့ပဲထိန်းအရောင်းအဝယ် ပြုလုပ်နေတယ်လို့ သိရပါတယ်။ တစ်တင်းကိုတော့ ငွေကျပ် ၅ သောင်း ခန့်အထိ မြင့်တက်လာနိုင်တယ်လို့ လည်း ခန့်မှန်းထားကြပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၂,၃၀၀ ကနေ ၂,၃၈၅ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၂,၅၅၀ ကနေ၂,၅၈၅ ပေါက်ဈေးရှိပြီး ၃၅ ကျပ်၊ ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၃,၁၀၀ ကနေ ၃,၃၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ ကုလားပဲV2က တစ်အိတ်ကို ၁၄၃,၀၀၀ ကနေ ၁၄၄,၀၀၀ ပေါက်ဈေးရှိပြီး ၄,၀၀၀ ကျပ်၊ V7ကတော့ တစ်အိတ်ကို ၁၅၀,၀၀၀ ကနေ ၁၅၁,၀၀၀ ပေါက်ဈေးရှိပြီး ၆,၀၀၀ ကျပ်၊ ကုလားပဲ ၉၂၉ ကတော့ တစ်အိတ်ကို ၁၃၃,၀၀၀ ကနေ ၁၃၄,၀၀၀ ပေါက်ဈေးရှိပြီး ၄,၀၀၀ ကျပ် အသီးသီးဈေးတက်လာပြီး ကုလားပဲ(ထိုင်ဝမ်)ကတော့ တစ်အိတ်ကို ၁၂၃,၀၀၀ ကနေ ၁၂၅,၀၀၀ နဲ့ဈေးငြိမ်ပါတယ်။ မုံရွာဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်) က တစ်တင်းကို ၄၁,၅၀၀ ကနေ ၄၃,၀၀၀ ပေါက်ဈေးရှိပြီး ၇၀၀ ကျပ်၊ ကုလားပဲ ၉၂၉ က တစ်တင်းကို ၄၄,၅၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ် ၊ ကုလားပဲV2 က တစ်တင်းကို ၄၈,၅၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မကွေးဈေးကွက်မှာတော့ ကုလားပဲ(ဟော်လန်)က တစ်တင်းကို ၄၃,၈၀၀ ပေါက်ဈေးရှိပြီး ၁,၁၀၀ ကျပ်၊ ကုလားပဲ ၉၂၉ ကတော့ ၄၄,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၃၀၀ ကျပ်၊ ကုလားပဲသေးကတော့ တစ်တင်းကို ၄၂,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။

🌽ပြောင်းဆံ🌽

သင်္ကြန်အပြီးမှာ ဈေးငြိမ်သွားခဲ့တဲ့ပြောင်းဆံကတော့ တရုတ်တင်ပို့မှု ပြန်ရှိလာတဲ့အတွက်ကြောင့် ဈေးတွေက ပြန်မြင့်တက်လာပါတယ်။ လက်ကျန်ကလည်းလျော့နည်းလာတဲ့အတွက်ကြောင့် ဈေးကောင်း ရရှိနေတာလည်းဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၁,၀၅၀ ကနေ ၁,၀၇၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၃၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ စီပီပြောင်းက တစ်အိတ်ကို ၅၂,၀၀၀ ကနေ ၅၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ ကျပ်၊ ပြောင်းဖူး(ဗမာ) က တစ်အိတ်ကို ၅၀,၀၀၀ ကနေ ၅၀,၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်၊ ပြောင်း(ရှမ်း) က တစ်အိတ်ကို ၅၂,၀၀၀ ကနေ ၅၃,၀၀၀ ပေါက်ဈေးရှိပြီး ၁,၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆန်ပြောင်းကတော့ ၄၀,၀၀၀ ကနေ ၄၁,၀၀၀ ကြားပေါက်ဈေးရှိပြီး အဝင်မရှိလို့ဈေးငြိမ်ပါတယ်။ မြင်းခြံဈေးကွက်မှာတော့ တစ်ပိဿာကို ၉၈၀ ပေါက်ဈေးရှိပြီး ၂၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ စီပီပြောင်းက တစ်တင်းကို ၁၇,၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာကာ ပြောင်းနီကတော့ တစ်တင်းကို ၁၂,၀၀၀ နဲ့ ဈေးငြိမ်နေပါတယ်။

🧄ကြက်သွန်ဖြူ🧄

ကြက်သွန်ဖြူ(ကြူကုတ်)က တရုတ်ဘက်ကအဝင်တွေများနေတဲ့အတွက် ဈေးကတော့ ဆက်တိုက်ကျဆင်းနေခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၃,၀၀၀ ကနေ ၃,၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၃,၅၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်ဈေးကျဆင်းပါတယ်။ ရှမ်းကြက်သွန်ဖြူလည်း လက်ရှိမှာ မိုးရွာသွန်းမှုကြောင့် အရည်အသွေးပိုင်း အားနည်းပြီး ဝယ်ယူမှုလျော့နည်းသွားတဲ့အတွက်ဈေးတွေ ပြန်ကျဆင်းသွားပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၁,၇၀၀ ကနေ ၃,၃၀၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ်ဈေးကျဆင်းပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၃,၂၀၀ ကနေ ၃,၈၀၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ်ဈေးတက်ပါတယ်။

🧅ကြက်သွန်နီ🧅

ကြက်သွန်နီကတော့ ဒီတစ်ပတ်မှာ ဈေးတွေပြန်တက်လာပါတယ်။ အထွက်နှုန်းလျော့နည်းမယ်ဆိုတဲ့ ခန့်မှန်းမှုနဲ့ ထိန်းပြီး တင်ပို့မှုတွေကြောင့် ဈေးက ပြန်တက်လာတယ်လို့သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို ကြက်သွန်တင်သွင်းတာနဲ့ပတ်သတ်ပြီး ကမ်းလှမ်းမှုတွေရှိတယ်လို့ သတင်းဖော်ပြထားမှုတွေကြောင့် ဈေးက ပြန်တက်လာတာဖြစ်တယ်လို့လည်းသိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီက တစ်ပိဿာကို ၅၀၀ ကနေ ၈၂၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်ကို နေ့စဉ် ပိဿာချိန် ၁၂၀,၀၀၀ နီးပါးဝင်ရောက်မှုရှိနေပြီး ဒီတစ်ပတ်မှာတော့ ဝင်ရောက်မှုလျော့နည်းပြီး ဈေးတက်လာတာလည်း ဖြစ်ပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ တစ်ပိဿာကို ၁၅၀ ကနေ ၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေး တက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၈၅၀ ကနေ ၁,၁၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေး တက်လာပါတယ်။

Sources : AMIA (Farmer Digital TV)