menu

"တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်" (၂၇ . ၅ . ၂၀၂၂ မှ ၃ . ၆ . ၂၀၂၂)


🍀☘️🌿🌽🥜🥜🌽🌿☘️🍀

🍀မတ်ပဲ🍀

မတ်ပဲကတော့ တစ်ပတ်အတွင်းဈေးတက်လာပါတယ်။ ပြီးခဲ့တဲ့ မေလတတိယပတ်လောက်ကတည်းက တစ်တန်ကို ၁၄သိန်း ကနေ ၁၄သိန်း၅သောင်းကြား အတက်အကျအနည်းငယ်နဲ့ ရှိနေခဲ့တာ ဖြစ်ပါတယ်။ လကုန်ပြီးချိန်ကျဆင်းနိုင်မယ်လို့ ကုန်သည်တွေကသုံးသပ်ခဲ့ပေမယ့် အိန္ဒိယဝယ်လိုအားနဲ့ ဈေးထိန်းမှုတွေကြောင့် ၁၅ သိန်းကျော်ထိ ပြန်ရောက်ရှိဖို့က မသေချာဘူးလို့ဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲက ဒီတစ်ပတ် တစ်တန်ကို ၁၄သိန်း၉သောင်းထိ ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၅ သောင်းနီးပါးဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ ၁၄၃,၀၀၀ ကနေ ၁၄၅,၀၀၀ ကြား ရှိနေပြီး ၅,၀၀၀ နီးပါးဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၄၅,၀၀၀ ကနေ ၄၇,၀၀၀ကြား ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၀၀၀ လောက်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၇,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်၊ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၈,၀၀၀ ကနေ ၄၈,၅၀၀ ပေါက်ဈေးရှိပြီး ၇၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။

☘️ပဲစင်းငုံနီ☘️

ပဲစင်းငုံနီကတော့ ၃ ပတ်နီးပါး ဈေးငြိမ်နေခဲ့ပြီး ဒီတစ်ပတ်မှာတော့ ပဲမျိုးစုံဈေးတက်မှုနဲ့ အတူ အနည်းငယ်ပြန်လှုပ်ခတ်ခဲ့ပါတယ်။ မတ်ပဲနည်းတူ တစ်တန်ကို ၁၃သိန်း၄သောင်း မှ ၁၃သိန်း ၅ သောင်းကြား ရှိနေခဲ့ပါတယ်။ ပြီးခဲ့တဲ့အဟောင်းလက်ကျန်တွေဈေးကွက်ထဲမှာ အရောင်းအဝယ် ပြန်ဖြစ်နေလို့ ဈေးကငြိမ်နေတာဖြစ်တယ်လို့လည်း ကုန်သည်တွေကဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၁၃သိန်း၇သောင်း ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တော့ တစ်သောင်းကျော်နီးပါးဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၂၉,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူဈေးကွက်၊မုံရွာဈေးကွက်၊အောင်လံဈေးကွက်တို့မှာတော့ ပဲစင်းငုံနီက တစ်တင်းကို ၄၁,၅၀၀ ကနေ ၄၂,၅၀၀ ကြား အရောင်းအဝယ်ရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တော့ တစ်တင်းကို ၅၀၀ လောက်ဈေးတက်ပါတယ်။

🌽ပြောင်းဆံ🌽

ပြောင်းဆံကတော့ ဒီတစ်ပတ်မှာ ဈေးပြန်တက်လာပါတယ်။ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးတက်နေ တာဖြစ်ပြီးတော့ ဝယ်ယူမှုများတဲ့အတွက် ဆက်တိုက်ဈေးတက်နေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပြောင်းဆံက တစ်ပိဿာကို ၁,၁၀၀ ကနေ ၁,၁၂၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀ကျပ် ဈေး တက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ စီပီပြောင်းက တစ်အိတ်ကို ၅၅,၀၀၀ ကနေ ၅၆,၅၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၂,၀၀၀ လောက်ဈေးတက်လာပါတယ်။ အခြားဗမာပြောင်း၊ ရှမ်းပြောင်း၊ ပြောင်းနီတို့ကတော့ တစ်အိတ်ကို ၄၁,၀၀၀ ကနေ ၅,၅၀၀၀ ကြားပေါက်ဈေးရှိပြီး ၁,၀၀၀ ကနေ ၂,၀၀၀ ကြားဈေးမြင့်တက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၁၈,၂၀၀ ပေါက်ဈေးရှိပြီး ၂၀၀ လောက်ဈေးတက်လာပါတယ်။

🥜မြေပဲ🥜

မြေပဲဆံကတော့ ဆက်တိုက်ဈေးမြင့်တက်လာပါတယ်။ ဆီဈေးနှုန်းမြင့်တက်လာမှုနဲ့အတူ ပဲတွေပါ ဈေးမြင့်နေတာဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာ မြေပဲလုံးအနီဆံဝင်ရောက်မှုများနေလို့ တစ်ပိဿာကို (၃,၉၀၀ - ၃,၉၅၀) လောက်ဈေးကျဆင်းပါတယ်။ အောင်လံဈေးကွက်မှာတော့ မြေပဲလုံးဆံနီက တစ်ပိဿာကို ၄,၁၀၀ ပေါက်ဈေးရှိပြီး ၁၅၀ကျပ်၊ မြေပဲလုံးဆံဖြူကတော့ တစ်ပိဿာကို ၄,၃၀၀ ပေါက်ဈေးရှိပြီး တစ်ပိသာကို ၁၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ မြေပဲလုံးဆံနီက တစ်ပိဿာကို ၄,၀၀၀ မှ ၄,၀၅၀ ပေါက်ဈေးရှိနေပြီး ၁၅၀ ကျပ် ဈေးတက်လာပြီး မြေပဲလုံးဆံဖြူကတော့ တစ်ပိဿာကို ၄,၀၀၀ ကနေ ၄,၁၅၀ ပေါက်ဈေးရှိပြီး ၂၅ ကျပ်ဈေးတက်လာပါတယ်။

Sources : AMIA (Farmer Digital TV)