menu

“တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်” (၄.၇.၂၀၂၂ မှ ၈.၇.၂၀၂၂)


🌾🌾🌾🌾🌾🌾🌾🌾🌾🌾

ဆန်၊စပါး
--------

ရန်ကုန်ဈေးကွက်မှာတော့ ဆန်ဈေးက တစ်လနီးပါးငြိမ်နေပါတယ်။ ဆန်အဝင်ကတော့ပုံမှန်ရှိနေပြီး အရောင်းအဝယ်ကတော့ အေးနေပါတယ်။ ဧရာဝတီတိုင်းဈေးကွက်မှာတော့ စပါးလက်ကျန်တွေ မရှိတော့ပေမယ့် ဈေးကောင်းပေးဝယ်နေတဲ့အတွက်ဈေးကတော့ ဆက်တက်နေပါတယ်။ ဧရာဝတီတိုင်း ပုသိမ်ဈေးကွက်မှာ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၁,၂၆၄,၀၀၀ ပေါက်ဈေးရှိနေပြီး တင်း ၁၀၀ ကို ၃၇,၀၀၀ ကျပ် ဈေးတက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၅ သောင်းနဲ့ဈေးငြိမ်နေပါတယ်။ ပုသိမ်ဧည့်မထ(မိုး)စပါးကတော့ တင်း ၁၀၀ ကို ၈၇၄,၀၀၀ ပေါက်ဈေးရှိပြီး ၁၈,၀၀၀ ကျပ်၊ဧည့်မထ(နွေ)စပါးကတော့ တင်း ၁၀၀ ကို ၈၅၆,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၄၆,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ဆန်ကတော့ တစ်အိတ်ကို ၃၁,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ မြောင်းမြပေါ်ဆန်းစပါးကတော့ ဈေးငြိမ်ပါတယ်။ မြောင်းမြ ဧည့်မထ(နွေ) နှင့် (မိုး)စပါးတို့ကတော့ တင်း ၁၀၀ ကို ၈၈၃,၀၀၀ ကနေ ၉၂၉,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၈,၀၀၀ ကနေ ၁၉,၀၀၀ ကြားဈေးထပ် တက်လာပါတယ်။ ဆန်ဈေးကတော့ငြိမ်ပါတယ်။ မြန်မာနိုင်ငံဆန်စပါးအသင်းရဲ့ ထုတ်ပြန်ချက်စာရင်းအရ ပြီးခဲ့တဲ့ သုံးလအတွင်း ပြည်ပကို ဆန် နဲ့ ဆန်ကွဲ တင်ပို့မှုက ၅ သိန်းခွဲကျော် တင်ပို့ရောင်းချနိုင်ခဲ့တယ်လို့သိရပါတယ်။ တရုတ်တင်ပို့မှု နည်းတဲ့အတွက် ပြီးခဲ့တဲ့နှစ်တွေ နဲ့ယှဉ်ရင် လျော့ကျသွားပါတယ်။ 

မတ်ပဲ
-----

မတ်ပဲကတော့ တစ်တန်ကို ၁၇သိန်းကျော်အထိ ဈေးတက်နေရာမှာ ရက်ပိုင်းအတွင်း တစ်တန်ကို ၆ သောင်းနီးပါးပြန်ကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယပဲလိုအပ်ချက်ကြောင့် ပြည်တွင်း မတ်ပဲအဝယ်တွေ များလာခဲ့ပြီး ဈေးတွေကလည်း ဆက်တိုက်တက်နေခဲ့ပါတယ်။ အဝယ်တွေကို ပြန်ထိန်းလိုက်တဲ့အတွက် အခုလို ဈေးတွေရုတ်တရက်ပြန်ကျဆင်းသွားတာဖြစ်တယ်လို့ ကုန်သည်အချို့က သုံးသပ်ပေမယ့် မတ်ပဲက ဆက်ပြီးတက်နိုင်ဦးမယ်လို့ ဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၆ သိန်း ၅ သောင်း ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၅ သောင်းကျော်ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၆၀,၀၀၀ ကနေ ၁၆၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၆,၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံဈေးကွက်၊ မုံရွာဈေးကွက်၊ အောင်လံဈေးကွက်၊ မော်လမြိုင်ဈေးကွက်၊ ပြည်ဈေးကွက်တို့မှာ မတ်ပဲ က တစ်တင်း ကို ၅၃,၀၀၀ ကနေ ၅၅,၀၀၀ ကြား ပေါက်ဈေးရှိပြီး တစ်တင်းကို ၂,၀၀၀ လောက် ဈေးပြန်ကျဆင်းသွားပါတယ်။ နယ်ဈေးကွက်မှာတော့ ပစ္စည်းလက်ကျန်လည်းနည်းနေတဲ့အတွက် ဈေးအတက်အကျကတော့ အများကြီးမရှိဘူးလို့သိရပါတယ်။

မြေပဲ
-----

မြေပဲကို နယ်စပ်သို့ပြန်လည်တင်ပို့ခွင့်ပေးလိုက်တဲ့အတွက်ကြောင့် ဈေးတွေပြန်မြင့်တက်လာခဲ့ပါတယ်။ ပြည်တွင်းမှာလည်း ဆီဈေးတွေမြင့်တက်လာတဲ့အတွက် ဝယ်ယူမှုတွေက မြင့်နေပြီးဈေးတွေ မြင့်လာခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာ မြေပဲလုံးအနီဆံက တစ်ပိဿာကို ၄,၅၀၀ ကနေ ၄,၇၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာတော့ မြေပဲလုံးအနီဆံရော အဖြူဆံပါ တစ်ပိဿာပါကို ၄,၅၅၀ ပေါက်ဈေးရှိပြီး ၅၀ကျပ် ဈေးတက်လာ ပါတယ်။ မုံရွာဈေးကွက်မှာလည်း မြေပဲလုံးအနီဆံ ရော အဖြူဆံ က တစ်ပိဿာ ကို ၄,၅၀၀ ကနေ ၄,၆၀၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၂၅၀ ကနေ ၃၀၀ ကြားဈေးမြင့် တက်လာပါတယ်။

နှမ်းဖြူ
-----

နှမ်းဖြူကတော့ ဂျပန်အမျိုးအစားတွေကဈေးကွက်ထဲကိုဝင်လာပြီး ဈေးမြင့်တက်နေပါတယ်။ တစ်အိတ်ကို ၂၂၀,၀၀၀ ကနေ ၂၄၀,၀၀၀ ပေါက်ဈေးရှိနေပါတယ်။ နှမ်းဖြူရိုးရိုးကတော့ တစ်အိတ်ကို ၂၀၀,၀၀၀ ပေါက်ဈေးရှိပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၆၃,၅၀၀ ကနေ ၆၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂,၅၀၀ ကျပ် ဈေး တက်လာပါတယ်။ ဆင်ဖြူကျွန်းဈေးကွက်မှာလည်း တစ်တင်းကို ၆၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၄,၀၀၀ ကျပ်ဈေးတက်လာပါတယ်။

နှမ်းညို
-----

လက်ကျန်နှမ်းအဟောင်းတွေရှိနေလို့ ဆက်တိုက်ဈေးကျဆင်းနေခဲ့တဲ့ နှမ်းညိုက လက်ကျန် အဟောင်းတွေမရှိတော့ပဲ ဝင်သမျှအသစ်တွေ ဝယ်ယူမှုကောင်းနေလို့ဈေးတွေက ပြန်တက်လာပါတယ်။ မန္တလေးဈေးကွက်မှာ နှမ်းညို(သစ်)က တစ်အိတ်ကို ၁၇၀,၀၀၀ ကနေ ၁၇၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၅၆,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၆,၅၀၀ ကျပ်၊ မြင်းခြံဈေးကွက်မှာတော့ တစ်ပိဿာကို ၃,၅၀၀ ကနေ ၃,၇၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၂၅ ကျပ်အသီးသီးဈေးတက်လာပါတယ်။

Sources : AMIA (Farmer Digital TV)