menu

"တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်" (၂၅.၇.၂၀၂၂ မှ ၂၉.၇.၂၀၂၂)


🌾🫘🥜🧅🥔🌴🥔🧅🥜🫘🌾

🌾ဆန်စပါး🌾

ရန်ကုန်ဈေးကွက်မှာတော့ ဆန်ကြမ်းဈေးတွေရော ဆန်ချောဈေးတွေရော ဆက်တိုက်မြင့်တက်လာပါတယ်။ ဈေးတွေမြင့်တက်နေပေမယ့် အဝင်ပုံမှန်ရှိပြီး အရောင်းအဝယ် ကလည်းအေးနေပါတယ်။ နယ်ဈေးကွက်မှာတော့ အဝင်မရှိတော့တဲ့အတွက် အတက်ဈေးနဲ့ပဲ ဈေးငြိမ်နေပါတယ်။ ရန်ကုန်ဈေးကွက်မှာ ရွှေဘိုပေါ်ဆန်းဆန်က တစ်အိတ်ကို တစ်ပတ်အတွင်း တစ်သောင်းလောက်ဈေးတက်လာပါတယ်။ တစ်အိတ်ကို ၇၃,၀၀၀ ကနေ ၈၀,၀၀၀ ပေါက်ဈေးရှိနေပါတယ်။ ဖျာပုံပေါ်ဆန်းက တစ်အိတ်ကို ၅၃,၀၀၀ ကနေ ၅၅,၀၀၀ ပေါက်ဈေးရှိပြီး ၅,၀၀၀ ကျပ်၊ ဒေးဒရဲပေါ်ဆန်းမွှေးက တစ်အိတ်ကို ၅၂,၀၀၀ ကနေ ၅၅,၀၀၀ ပေါက်ဈေးရှိပြီး ၅,၀၀၀ ကျပ်၊ မြောင်းမြပေါ်ဆန်းစပါးက တစ်အိတ်ကို ၅၃,၀၀၀ ကနေ ၅၅,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ ကျပ်၊ ပေါ်ဆန်းနယ်စုံက တစ်အိတ်ကို ၅၀,၀၀၀ ကနေ ၅၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃,၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။ ဆန်ကြမ်းဖြစ်တဲ့ မြီးဒုံးဆန်ကတော့ တစ်အိတ်ကို ၄၀,၀၀၀ ကနေ ၄၂,၀၀၀ ပေါက်ဈေးရှိပြီး ၁,၅၀၀ ကျပ် ဈေးတက်လာကာ အခြားဆန်ကြမ်းတွေကတော့ ဈေးငြိမ်ပါတယ်။ ဧရာဝတီတိုင်းဈေးကွက်မှာတော့ မြောင်းမြပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၁,၁၅၃,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၈,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ အခြား ပထမတန်းစားစပါးတွေဖြစ်တဲ့ ပေါ်ဆန်းစပါးတွေကတော့ တင်း ၁၀၀ ကို ၁,၁၅၄,၀၀၀ ကနေ ၁,၂၆၄,၀၀၀ ပေါက်ဈေးရှိပြီး အတက်ဈေးနဲ့ ဈေးငြိမ်ပါတယ်။ ဆန်ကလည်း တစ်အိတ်ကို ၄၇,၀၀၀ ကနေ ၅၀,၀၀၀ ကြားပေါက်ဈေးရှိပါတယ်။ ဒုတိယတန်းစားစပါးတွေကတော့ တင်း ၁၀၀ ကို ၈၅၆,၀၀၀ ကနေ ၉၉၂,၀၀၀ ကြားပေါက်ဈေးရှိပြီး အတက်ဈေးနဲ့ ဈေးငြိမ်ပါတယ်။ ဆန်ကလည်းတစ်အိတ်ကို ၃၁,၀၀၀ မှ ၃၄,၅၀၀ ကြားပေါက်ဈေးရှိပါတယ်။

🫘မတ်ပဲ🫘

မတ်ပဲကတော့ တစ်ပတ်အတွင်း အတက်အကျတည်ငြိမ်မှုမရှိပဲ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် အနည်းငယ်ကျဆင်းသွားပါတယ်။ ၁၆သိန်းအောက် ရောက်ရှိသွားခဲ့ပေမယ့် အိန္ဒိယဝယ်ယူမှု၊ ပြည်တွင်းငွေလဲလှယ်နှုန်းဈေးမြင့်တက်မှု၊ အခြားအထွေထွေစရိတ်မြင့်တက်မှု၊ ဈေးတင်ရောင်းချမှု၊ အရောင်းအဝယ်ရပ်နားထားမှု တို့ကြောင့် ရက်ပိုင်းအတွင်းပြန်တက်လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ မိုးစိုက်မတ်ပဲ အထွက်နှုန်းလျော့နည်းမယ်ဆိုတဲ့ ထုတ်ပြန်မှုကြောင့် မတ်ပဲဈေးက တက်နိုင်ခြေရှိတယ်လို့ ကုန်သည်တွေက ခန့်မှန်းထားပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၆ သိန်း မှ ၁၆သိန်း ၅သောင်းကြားပေါက်ဈေးရှိပြီး တစ်တန်ကို ၄ သောင်းနီးပါးဈေး တက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁သိန်း ၆ သောင်းပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅ထောင်လောက် ဈေးတက်လာပါတယ်။ မြင်းခြံဈေးကွက်၊ မုံရွာဈေးကွက်၊ အောင်လံဈေးကွက်၊ မော်လမြိုင်ဈေးကွက်၊ ပြည်ဈေးကွက် တို့မှာ မတ်ပဲက တစ်တင်း ကို ၅၂,၀၀၀ ကနေ ၅၃,၅၀၀ ကြား ပေါက်ဈေးရှိပြီး ၁,၅၀၀ ကျပ်ဈေးတက်လာပါတယ်။

🥜မြေပဲ🥜

မြေပဲကတော့ ဆက်တိုက်ဈေးမြင့်တက်နေပြီး ဆီဈေးတွေလည်း အမြင့်ဆုံးရောက်ရှိနေပါတယ်။ ပြည်ပ တင်ပို့မှုရှိနေသလို ဆီအတွက် ဝယ်ယူမှုတွေကြောင့် မြင့်တက်နေတာဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာ မြေပဲလုံးအနီဆံက တစ်ပိဿာကို ၅,၂၀၀ ကနေ ၅,၃၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာတော့ မြေပဲလုံးအနီဆံကတော့ ၅,၁၀၀ ပေါက်ဈေးရှိပြီး ၂၅၀ ကျပ်၊ အဖြူဆံကတော့ တစ်ပိဿာကို ၅,၂၀၀ ပေါက်ဈေးရှိပြီး ၃၅၀ ကျပ် ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာလည်း မြေပဲလုံးအနီဆံ နှင့် မြေပဲလုံးအဖြူဆံကတော့ တစ်ပိဿာကို ၅,၂၀၀ ကနေ ၅,၄၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ် အသီးသီးဈေးတက်လာ ပါတယ်။ မြေပဲဆီကလည်း တစ်ပိဿာကို ၉,၀၀၀ ကနေ ၁၁,၀၀၀ ကြားပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁,၀၀၀ကျော် ဈေးတက်လာပါတယ်။

🧅ကြက်သွန်နီ🧅

ကြက်သွန်နီကတော့ ဆက်တိုက်ဈေးမြင့်တက်လာပါတယ်။ အဝင်နည်းပြီး ပြည်ပတင်ပို့မှုလည်း ရှိတဲ့အပြင် အခြားငွေကြေးဈေးမြင့်တက်ခြင်း သယ်ယူစရိတ်မြင့်တက်မှုတွေကြောင့် ဈေးက တက်နေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်နီက တစ်ပိဿာကို ၁,၃၀၀ ကနေ ၂,၁၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၁၀၀ လောက်ပြန်တက်လာပါတယ်။ မော်လမြိုင် ဈေးကွက်မှာတော့ တစ်ပိဿာကို ၁,၆၅၀ ကနေ ၂,၀၅၀ ကြားရှိနေပြီး ၂၀၀ ကျပ်ဈေးတက်လာပါတယ်။

🌴ထန်းလျက်🌴

ထန်းလျက်ဈေးကတော့ အနည်းငယ်ပြန်တက်လာပါတယ်။ အဝင်ကတော့ ပုံမှန်နေပေမယ့် သယ်ယူပို့ဆောင်စရိတ်မြင့်တက်မှုတွေကြောင့် ဈေးကတက်လာတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ထန်းလျက်က တစ်ပိဿာကို ၂,၃၀၀ ကနေ ၂,၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိသာကို ၁၀၀ ကျပ်ဈေးတက်လာပါတယ်။ 

🥔အာလူး🥔

အာလူးဈေးကတော့ ဆက်တိုက်ကျဆင်းပါတယ်။ ပြည်ပအဝင်များတဲ့အတွက် ဈေးတွေကျဆင်းနေ တာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ အာလူး (အောင်ပန်း)က တစ်ပိဿာကို ၁,၀၀၀ ကနေ ၁,၃၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ကျပ်ဈေးကျဆင်းသွားပါတယ်။ တရုတ်အာလူးကတော့ တစ်ပိဿာကို ၁,၇၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေးတက်လာပါတယ်။

Sources : AMIA (Farmer Digital TV)