menu

“တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်” (၁၉.၉.၂၀၂၂ မှ ၂၃.၉.၂၀၂၂)


🌿🫘🌿🥔🌿🫘🌿🥔🌿🫘🌿

မတ်ပဲ .....

မတ်ပဲဈေးကတော့ တစ်တန်ကို သိန်း ၂၀ကျော်အထိ ပြန်လည်မြင့်တက်ခဲ့ရာမှ ဒီတစ်ပတ်မှာတော့ ဈေးပြန်ကျဆင်းသွားပါတယ်။ ငွေလဲလှယ်နှုန်းဈေး ကျဆင်းသွားတဲ့အတွက်ကြောင့် ပဲဈေးလည်းကျဆင်း သွားသလို ငွေဈေးတည်ငြိမ်မှုမရှိတဲ့အတွက် အရောင်းအဝယ်ကလည်းအေးပြီး ဈေးကျဆင်းသွားတာ ဖြစ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာ မိုးများတဲ့အတွက်ကြောင့် စိုက်ခင်းတွေ ပျက်စီးမှုတွေရှိနေပြီး ပဲအထွက်နှုန်းလျော့နည်းမယ်လို့ ထုတ်ပြန်ထားတဲ့အတွက် အိန္ဒိယနိုင်ငံတွင်း မတ်ပဲဈေးတွေ တက်မယ်လို့ အိန္ဒိယသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ အဆိုပါ သတင်းတွေကြောင့် ပြည်တွင်းမတ်ပဲဈေးနှုန်းကတော့တက်ဦးမယ်လို့ ကုန်သည်တွေက ခန့်မှန်းထားပြီး ငွေကြေးဈေးကြောင့်သာ ပဲဈေးကကျဆင်းနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁,၉၆၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၇၀,၀၀၀ ကျော် ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင်တစ်အိတ်ကို ၁၉၀,၀၀၀ ကနေ ၁၉၅,၀၀၀ ကြားပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံဈေးကွက်၊ မုံရွာဈေးကွက်၊ အောင်လံဈေးကွက်၊ မော်လမြိုင်ဈေးကွက်၊ ပြည်ဈေးကွက်တို့မှာ မတ်ပဲက တစ်တင်းကို ၆၃,၀၀၀ ကနေ ၆၅,၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၂,၀၀၀ ဈေးကျဆင်းသွားပါတယ်။

ပဲစင်းငုံနီ .....

ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာဈေးပြန်တက်လာပါတယ်။ ငွေကြေးလဲလှယ်ဈေးနှုန်းကျဆင်းပေမယ့် လက်ကျန်နည်းတဲ့အတွက် ဈေးကတော့တက်နေပါတယ်။ ဈေးကွက်ထဲ ဈေးတွေမြင့်တက်နေပေမယ့် အရောင်းအဝယ်ကတော့ မရှိသလောက်နည်းတယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၂,၁၄၇,၅၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၂ သောင်းကျော် ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၀၀,၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၂,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ နယ်ဈေးကွက်တွေဖြစ်တဲ့ ပခုက္ကူ၊ မြင်းခြံ နှင့် မုံရွာတို့မှာတော့ တစ်တင်းကို ၆၇,၀၀၀ ကနေ ၆၇,၅၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်တင်းကို ၁,၀၀၀ကျော် လောက်ထပ်ပြီး ဈေးတက်လာပါတယ်။

ပဲပုတ် .....

အခြားပဲအများစုဈေးကျဆင်းပေမယ့် ပဲပုတ်ကတော့ ဈေးမြင့်နေပါတယ်။ ဆီအတွက်ဝယ်ယူမှုရော ပဲလက်ကျန်လျော့တာကြောင့်ရော ဈေးကမြင့်တက်နေပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲပုတ်(မြစ်ဝကျွန်းပေါ်အထွက်တိုး) က တစ်ပိဿာကို ၂,၈၃၀ ကနေ ၂,၉၂၀ ပေါက်ဈေးရှိပြီး ပဲပုတ်(ဆီတိုး)ကတော့ တစ်ပိဿာကို ၃,၀၀၀ ကနေ ၃,၀၈၅ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲပုတ်(ရှမ်း)က တစ်အိတ်ကို ၁၆၀,၀၀၀ ကနေ ၁၆၆,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃,၀၀၀ ကျပ်၊ ပဲပုတ်(ဗမာ)က တစ်အိတ်ကို ၂၅၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်ဈေးတက်လာပါတယ်။

ထန်းလျက် .....

ထန်းလျက်တွေကတော့ ဈေးမြင့်တက်လာပါတယ်။ ကုန်ကြမ်းရှားပါးမှုကြောင့် ဈေးနှုန်းမြင့်တက်နေတာ လို့ သိရပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ထန်းလျက်က တစ်ပိဿာကို ၃,၂၀၀ ကနေ ၃,၇၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ လောက်ဈေးတက်လာပါတယ်။ စက်တင်ဘာလဆန်းပိုင်းကတည်းက ဈေးမြင့်တက်နေတာ ဖြစ်ပါတယ်။

အာလူး .....

အာလူးဈေးကတော့ ပြန်ကျဆင်းလာပါတယ်။ ဈေးကွက်ထဲအဝင်များနေတဲ့အတွက် ဈေးတွေ ပြန်ကျဆင်းသွားတာလို့ သိရပါတယ်။ အရောင်းအဝယ်ကတော့ ပုံမှန်ရှိနေပါတယ်။ နေ့စဉ် ကားအစီးရေ ၁၀စီးခန့် ကုန်ပိဿာချိန် ၇၀,၀၀၀ နီးပါးခန့် ဝင်ရောက်နေတာဖြစ်ပြီး ထက်ဝက်ကျော်များလာပါတယ်။ ရန်ကုန်ဈေးကွက်မှာ အာလူး(အောင်ပန်း) က တစ်ပိဿာကို ၁,၄၀၀ ကနေ ၂,၁၅၀ ပေါက်ဈေးရှိပြီးတစ်ပိဿာကို ၁၅၀ ကျပ် ဈေးကျဆင်းပါတယ်။ တရုတ်အာလူးကတော့ တစ်ပိဿာကို ၂,၀၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

နှမ်းမျိုးစုံ .....

နှမ်းမျိုးစုံကတော့ ဆက်တိုက်ဈေးမြင့်တက်နေရာမှ ဈေးတွေပြန်ကျဆင်းသွားပြီး အချို့နှမ်းများ ဈေးကွက်အတွင်း အရောင်းအဝယ်မရှိသလောက်အထိဖြစ်နေပါတယ်။ ငွေကြေးလဲလှယ်နှုန်းဈေးကျဆင်း သွားတဲ့အတွက်ကြောင့် စောင့်ကြည့်ဝယ်ယူမှုတွေရှိနေတယ်လို့သိရပါတယ်။

နှမ်းနက်စမုံကတော့ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၂၆၀,၀၀၀ ကနေ ၃၃၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်အိတ်ကို ၂၆၅,၀၀၀ ကနေ ၃၁၅,၀၀၀ ပေါက်ဈေးရှိပါတယ်။ အက်စစ်လွတ် နှမ်းတွေကတော့ ဈေးကောင်းရရှိနေပြီး အက်စစ်မလွတ်နှမ်းကတော့ တစ်အိတ်ကို ၁၅,၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။

နှမ်းဖြူကတော့ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၃၁၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၇,၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်အိတ်ကို ၂၇၀,၀၀၀ ကနေ ၂၉၀,၀၀၀ ပေါက်ဈေးရှိပါတယ်။

Sources : AMIA (Farmer Digital TV)