menu

"တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်" ( ၆.၂.၂၀၂၃ မှ ၁၀.၂.၂၀၂၃ )


🌿🥜🌿🌶️🌿🫘🌿🌽🌿🧅🌿

မတ်ပဲ
-----

မတ်ပဲက ပြီးခဲ့တဲ့အပတ်နဲ့နှိုင်းယှဉ်ရင် ဈေးအပြောင်းအလဲမရှိပေမယ့် တစ်ပတ်အတွင်းမှာတော့ မတ်ပဲ ဈေးဟာ ၁၈သိန်းအောက်ထိ ပြန်လည်ကျဆင်းသွားခဲ့ပါတယ်။ ရက်ပိုင်းအတွင်း ဒေါ်လာဈေး အတက်အကျရှိနေတဲ့အပြင် အဝယ်ပြန်လိုက်လာတယ်လို့ကုန်သည်အချို့ကဆိုပါတယ်။ မတ်ပဲဈေး တက်နေတာဟာ အတက်ဈေးနဲ့လှောင်လက်တွေက ဈေးဆွဲတင်နေတာလို့ ကုန်သည်အချို့ကသုံးသပ်ပြီး အရောင်းရှိပေမယ့် အဝယ်မရှိလို့ ဈေးတွေပြန်ကျဆင်းသွားခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲက သောကြာနေ့ဈေးနှုန်း ၁၈သိန်း၂သောင်းပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးကွာခြားမှုမရှိပါဘူး။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၇၉,၀၀၀ ကနေ ၁၈၀,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ မုံရွာဈေးကွက်၊ အောင်လံဈေးကွက်၊ မော်လမြိုင်ဈေးကွက်၊ ပြည်ဈေးကွက်တို့မှာ မတ်ပဲက တစ်တင်း ကို ၅၉,၅၀၀ ကနေ ၆၁,၅၀၀ ကြားပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းမှာတော့ ၁,၅၀၀လောက် ဈေးမြင့်တက်လာပါတယ်။

ပဲစင်းငုံနီ
------

ပဲစင်းငုံနီကတော့ တစ်တန်ကို သိန်း၂၀ကျော်ထိ ဈေးမြင့်တက်လာပါတယ်။ ဈေးကွက်အတွင်းမှာ ပဲစင်းငုံနီလက်ကျန်ပြတ်တဲ့အထိအရောင်းအဝယ်ဖြစ်ခဲ့ပြီး ပဲမရှိတော့တဲ့အတွက် ဈေးတွေ ဆက်တိုက်မြင့်တက်လာတာ ဖြစ်တယ်လို့ ပဲကုန်သည်တွေက ဆိုပါတယ်။ ပဲစင်းငုံနီကတော့ လက်ရှိမှာ အိန္ဒိယဝယ်လိုအားရှိနေတဲ့အပြင် တရုတ်နိုင်ငံတင်ပို့မှုလည်းရှိနေတာဖြစ်လို့ ဈေးကဆက်ပြီး တက်ဦးမယ်လို့ ပဲကုန်သည်တွေက သုံးသပ်ထားပါတယ်။ 

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို သိန်း၂၀ကျော်အထိ ဈေးမြင့်တက်လာပြီး ပြီးခဲ့တဲ့ အပတ်နဲ့နှိုင်းယှဉ်ရင် တစ်တန်ကို ၅ သောင်းကျော်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာလည်း တစ်အိတ်ကို ၁၈၈,၀၀၀ ကနေ ၁၈၉,၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်အိတ်ကို ၅,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ နယ်ဈေးကွက်တွေဖြစ်တဲ့ ပခုက္ကူ၊ မုံရွာ နှင့် အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၆၀,၀၀၀ ကနေ ၆၃,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂,၀၀၀ လောက်ဈေးတက်လာပါတယ်။

ပဲပုတ်
----

ပဲပုတ်ဈေးတွေကတော့ ဈေးမြင့်နေပါတယ်။ ဆီအတွက်ဝယ်ယူမှုတွေ ရှိနေတယ်လို့သိရပါတယ်။ ဈေးကွက်ထဲအဝင်လည်း ပုံမှန်ထက်လျော့နည်းနေတယ်လို့ ဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲပုတ်(ဆီတိုး)က တစ်ပိဿာကို ၃,၁၀၀ ကနေ ၃,၁၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ကျပ် ဈေး တက်လာပါတယ်။ ပဲပုတ်(အထွက်တိုး)ကတော့တစ်ပိဿာကို ၂,၉၆၅ ကနေ ၃,၀၀၀ ပေါက်ဈေးရှိပြီး အတက်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။ မန္တလေးဈေးကွက်မှာ ပဲပုတ်(ရှမ်း) တစ်အိတ်ကို ၁၆၅,၀၀၀ ကနေ ၁၇၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပဲပုတ်(ဗမာ)ကတော့တစ်အိတ်ကို ၁၈၅,၀၀၀ ကနေ ၁၉၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ကျပ် ဈေးကျဆင်းပါတယ်။ မြင်းခြံဈေးကွက်မှာတော့ တစ်ပိဿာကို ၃၂၅ ကနေ ၃,၇၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ကျပ် ဈေးတက်လာပါတယ်။

မြေပဲဆံ
------

မြေပဲဆံကတော့ ဆက်ပြီးဈေးမြင့်တက်နေပါတယ်။ ပြည်ပကနေ အဝယ်ရှိတယ်လို့သိရပြီး ပြည်တွင်းမှာ လည်း လက်ကျန်နည်းနေပြီး ဆီစက်ပိုင်ရှင်တွေကလည်း ဝယ်ယူသိုလှောင်မှုတွေပြုလုပ်နေတယ် လို့သိရပါတယ်။ မန္တလေးဈေးကွက်မှာ မြေပဲလုံးဆံနီက တစ်ပိဿာကို ၇,၂၀၀ ကနေ ၇,၆၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ မြေပဲလုံးဆံနီက တစ်ပိဿာကို ၇,၂၅၀ ကနေ ၇,၃၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ကျပ်၊ မြေပဲလုံးဆံဖြူကတော့တစ်ပိဿာကို ၆,၅၀၀ ကနေ ၆,၆၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာလည်း မြေပဲလုံးဆံဖြူက တစ်ပိဿာကို ၆,၃၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ကျပ် ဈေးတက်လာသလို မြေပဲလုံးဆံနီကလည်း တစ်ပိဿာကို ၇,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ် အသီးသီးဈေးမြင့်တက်လာပါတယ်။

ဝါ
---

ဝါဈေးတွေကတော့ဈေးပြန်မြင့်တက်နေပါတယ်။ ဂွမ်းအတွက် ကုန်ကြမ်းရှားပါးတဲ့အတွက်ဈေးတွေ မြင့်တက်နေတာ လို့ သိရပါတယ်။ အောင်လံဈေးကွက်မှာ ဝါအသန့် တစ်ပိဿာကို ၃,၁၀၀ ကနေ ၃,၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ် ဈေးတက်လာပါတယ်။ ဈေးတွေမြင့်တက်နေပေမယ့် ဝါတောင်သူတွေမှာတော့ လက်ကျန်မရှိတော့ဘူးလို့ သိရပါတယ်။

ငရုတ်
----

ငရုတ်ဈေးကတော့ ကျဆင်းပါတယ်။ တရုတ်နဲ့ ထိုင်းနိုင်ငံကိုတင်ပို့နေပေမယ့် ငရုတ်ထွက်တဲ့ ရာသီ ဖြစ်တဲ့အတွက် အဝယ်နည်းသွားတယ်လို့ သိရပါတယ်။ ပြည်တွင်းမှာလည်း ငရုတ်အသစ်တွေ ဈေးကွက် ထဲဝင်နေပြီး အရောင်းအဝယ်ကတော့ ပုံမှန်ရှိနေပါတယ်။ ရန်ကုန်ဈေးကွက်မှာ ငရုတ်မြှားနီက တစ်ပိဿာကို ၁၀,၀၀၀ ကနေ ၁၁,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁,၀၀၀ကျပ်၊ ငရုတ်ပန်းရဲကလည်း တစ်ပိဿာကို ၁၀,၀၀၀ ကနေ ၁၁,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ ငရုတ်မိုးထောင်က တစ်ပိဿာကို ၁၂,၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

Sources : AMIA (Farmer Digital TV)