menu

"တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်" (၁၃ . ၁၁ . ၂၀၂၃ မှ ၁၇ . ၁၁ . ၂၀၂၃)

🌱🌶️🌱🧅🌱🧄🌱🧅🌱🌶️🌱

➡️ ယခုတစ်ပတ်တွင် ပြည်ပကတင်သွင်းရတဲ့ စားဖိုဆောင်သီးနှံတွေဖြစ်တဲ့ ကြက်သွန်ဖြူ၊ အာလူး၊စားသုံးဆီက အမြင့်ဈေးတန်းမှာရှိနေပြီး ပြည်တွင်းမှာစိုက်ပျိုးထုတ်လုပ်တဲ့ ကြက်သွန်နီ နဲ့ ဂျင်းတက်ကတော့ဈေးပြန်ကျလာပြီး သကြားကတော့ဈေးတက်လာတာတွေ့ရပါတယ်။ 

စားအုန်းဆီ .....

စားအုန်းဆီကတော့ ခုချိန်ထိ ဆိုင်တွေမှာလိုအပ်သလောက် ဝယ်ယူလို့မရသေးတဲ့အပြင် ဈေးနူန်းကလည်း တစ်ပိဿာကို ၈,၀၀၀ ကျပ်အထိ အမြင့်ဈေးတန်းမှာပဲရှိနေပါသေးတယ်။ လက်ရှိမှာ စားအုန်းဆီကို အရင်လို တစ်ပိဿာကို ၅,၀၀၀ ကျပ်ဝန်းကျင်နဲ့ ရောင်းချပေးတဲ့ဆိုင်တွေလည်း သိပ်ပြီးမရှိတော့တာကိုတွေ့ရပါတယ်။ ဒါ့အပြင် ဆီအရောင်းဆိုင်အများစုကလည်း စားအုန်းဆီကို ရောင်းချမှု မရှိသလောက်နည်းပြီး အဓိက ပဲဆီ၊ နှမ်းဆီ၊ ပဲနှမ်းအရောဆီဆိုပြီးသာ ရောင်းချနေကြပါတယ်။ စားအုန်းဆီခွဲတမ်းရတဲ့ဆိုင်တွေကသာ ဖောက်သည်ကုန်စုံဆိုင်တွေကို တဆင့်ပြန်ရောင်းချတာရှိပြီး လက်လီမှာ တစ်ပိဿာကို ၈,၀၀၀ အထိရောင်းချနေကြတာဖြစ်ပါတယ်။ 

ကြက်သွန်ဖြူ .....

မူဆယ်ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှု၏အကျိုးဆက်အဖြစ် ပြည်တွင်းကထွက်တဲ့ ကြက်သွန်ဖြူရော တရုတ်ကတင်သွင်းနေတဲ့ ကြူကုတ်ကြက်သွန်ဖြူတွေပါ အမြင်ဈေးတန်းမှာရှိနေဆဲဖြစ်ပါတယ်။ တရုတ်ကုန်သွယ်ရေးရပ်တန့်သွားတဲ့ အောက်တိုဘာလ(၂၇)ရက်နောက်ပိုင်းမှာ ကြက်သွန်ဖြူဈေး စံချိန်တင်ဈေးနှုန်းအဖြစ်၂၅,၀၀၀ ကျပ်အထိ မြင့်တက်သွားခဲ့ပြီး ပစ္စည်းပြတ်လတ်တဲ့အထိ ဖြစ်ပေါ်ခဲ့ပါတယ်။ လက်ရှိမှာတော့ တရုတ်ကြက်သွန်ဖြူ ကြူကုတ်ကို ထိုင်းနယ်စပ်ဂိတ်ကနေ တင်သွင်းမှုရှိလာတာကြောင့် ဈေးနှုန်းကလက်လီဈေးကွက်မှာ ၁၈,၀၀၀ ကျပ်အထိ ပြန်ကျလာပြီး ပစ္စည်းပြတ်လပ်မှုလည်း နည်းသွားတယ်လို့ သိရပါတယ် ။ ခုတစ်ပတ်ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးကွက်မှာ ကြူကုတ်ကြက်သွန်ဖြူက တစ်ပိဿာကို ၁၃,၅၀၀ မှ ၁၄,၅၀၀ ကျပ်ရှိပြီး အောင်ပန်းထူး တစ်ပိဿာကို ၁၀,၅၀၀ ကျပ်၊ အောင်ပန်းထူး ၃ က ၁၁,၀၀၀ ကျပ်၊ အောင်ပန်းထူး ၄ က ၁၁,၅၀၀ ကျပ် ရှိပြီး အောင်ပန်းထူး ၅ တစ်ပိဿာကို ၁၂,၀၀၀ ကျပ်အထိရှိနေပါတယ်။ 

ကြက်သွန်နီ .....

ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများပိတ်သွားသဖြင့် မြန်မာ့ကြက်သွန်နီကို ဘင်္ဂလားဒေ့ရှ်ကနေ ဝယ်ယူမှုအားကောင်းလို့ ဈေးတန်းက ကုန်စည်ဒိုင်တွေမှာ တစ်ပိဿာကို ၃,၉၅၀ ကျပ်အထိ မြင့်တက်ခဲ့ရာကနေ လက်ရှိမှာတော့ ပြည်ပတင်ပို့မှု့ လျော့သွားလို့ ဈေးတန်းပြန်ကျသွားပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ဆိပ်ဖြူ ကြက်သွန်နီမှာ ရှယ်က ၃,၆၀၀၊ လတ်ကြီး ၃,၅၀၀၊လတ်သန့်က ၃,၁၀၀ ကျပ်နဲ့ လတ်ချောက ၂,၅၀၀ ကျပ်ရှိပါတယ်။ တောင်သာကြက်သွန်နီမှာ ရှယ်က ၃,၁၀၀ ကျပ်၊ လတ်ကြီးက ၃,၀၀၀၊ လတ်သန့်က ၂,၆၀၀ ကျပ်နဲ့ လတ်ချောက ၂,၀၀၀ ကျပ်ဈေးရှိနေပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ ကြက်သွန်နီ အရည်အသွေးအပေါ်မူတည်ပြီး တစ်ပိဿာကို ၂,၁၀၀ ကနေ ၂,၈၅၀ ကျပ်အထိသာရှိပြီး အရောင်းအဝယ်သွက်နေတယ်လို့သိရပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တောင်သာကြက်သွန်နီက ၂,၀၀၀ ကျပ်မှ ၃,၂၀၀ ကျပ်၊ မုံရွာကြက်သွန်နီက ၂,၇၀၀ ကျပ်မှ ၃,၆၀၀၊ ဆိပ်ဖြူက ၂,၅၀၀ မှ ၃,၆၀၀ ကျပ်ရှိတယ်လို့သိရပါတယ်။ လက်လီဈေးကွက်မှာတော့ ကြက်သွန်နီအလုံးအကြီးအသေး၊ အပုတ်အနာအဆာ ရှိ/မရှိအပေါ်လိုက်ပြီး အမြင့်ဆုံး တစ်ပိဿာကို ၅,၀၀၀ ကျပ်အထိ ဈေးတန်းရှိနေပါသေးတယ်။ 

အာလူး .....

အာလူးဈေးကွက်မှာလည်း တရုတ်ကနေတင်သွင်းတဲ့ တရုတ်အာလူးက ပြီးခဲ့တဲ့ရက် ဘုရင့်နောင် ကုန်စည်ဒိုင်မှာ တစ်ပိဿာကို ၄,၂၀၀ ကျပ်အထိ မြင့်တက်လာခဲ့ရာကနေ လက်ရှိမှာတော့ တစ်ပိဿာကို ၄၀၀ ကျပ်ပြန်ကျသွားလို့ ၃,၈၀၀ ကျပ် ရှိပြီး ပစ္စည်းပြတ်လပ်မှုတွေတော့ရှိနေသေးတယ်လို့သိရပါတယ်။ တရုတ်အာလူးကို လုပ်ငန်းသုံးအဖြစ်အသုံးပြုမှုများပြီး ရှမ်းအာလူးတွေကတော့ ပြည်တွင်းစားသုံးမှုများကြောင့် အဓိကစားသုံးသူတွေဟာ ဈေးနှုန်းနည်းတဲ့အာလူးကိုသာ အဓိကရွေးချယ်စားသုံးကြတာများပါတယ်။ ခုတပတ်ဘုရင့်နောင်ဈေးကွက်မှာ တရုတ်အာလူးတစ်ပိဿာကို ၃,၈၀၀ ကျပ်ရှိနေပါတယ်။ ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်ဈေးကွက်မှာတော့ မျက်နီ S-2 အကြီးအသေးအရော တစ်ပိဿာကို ၃,၀၀၀ ကျပ်၊ မျက်နီ S-2 က ၂,၅၀၀ မှ ၂,၇၀၀ ကျပ်၊ A-1 က ၁,၆၀၀ ကျပ် မှ ၁,၈၀၀ ကျပ်၊ မျက်နီ OK က ၂,၂၀၀ မှ ၂,၃၀၀ ကျပ်၊ မားကစ် S-1 / S-2 အရောက ၃,၇၀၀ ကျပ်၊ မားကစ် S-1 / OK အရောက ၃,၀၀၀ ကျပ် ရှိပြီး တရုတ်အာလူးကတော့ ပစ္စည်းအဝင်မရှိဘူးလို့သိရပါတယ်။ လက်လီဈေးကွက်မှာတော့ အာလူးတစ်ပိဿာကို ၅,၀၀၀ ကျပ်အထိ ရောင်းချမှုရှိနေပါတယ်။ 

သကြား .....

သကြားကတော့ ခုတစ်ပတ်မှာဈေးအနည်းငယ်တက်လာတာကို တွေ့ရပါတယ်။ ပြည်တွင်းမှာသကြားလက်ကျန် နည်းသွားတာကတစ်ကြောင်း၊ တရုတ်ကနေ သကြားတင်သွင်းနိုင်ခြင်းမရှိတဲ့အခြေအနေတွေကြောင့် သကြားဈေးက အနည်းငယ်ထပ်တက်လာတာပါ။ ခုတစ်ပတ်ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးကွက်မှာ သကြားတစ်ပိဿာကို ၃,၈၅၀ ကျပ် ဈေးရှိနေပါတယ်။ လက်လီဈေးကွက်မှာတော့ သကြားတစ်ပိသာကို ၅,၀၀၀ ကျပ်အထိ ရောင်းချနေကြပါတယ်။ မကြာမီ ကြံကြိတ်ဝါးရာသီစတင်တော့မှာဖြစ်လို့ သကြားဈေးက လက်ရှိဖြစ်ပေါ်နေတဲ့ နှုန်းထက်တော့ ထပ်ပြီးမြင့်တက်နိုင်မယ့်အလားအလာမရှိဘူးလို့ ကုန်သည်တွေကသုံးသပ်ချက်အရသိရပါတယ်။ ပြည်တွင်းမှာတော့ သကြားဖြူကို အဓိကသုံးစွဲပြီး စားသုံးသူအနည်းစုကသာ သကြားညိုကို သုံးစွဲကြတာဖြစ်တယ်လို့ သိရပါတယ်။ သန့်စင်သကြားနဲ့ သကြားဖြူကိုတော့ လုပ်ငန်းသုံးအဖြစ်အဓိကသုံးကြတာဖြစ်ပါတယ်။ 

ဂျင်း .....

ဂျင်းတက်ကတော့ အဓိက ဘင်္ဂလားဒေ့ရှ်ကိုသာ တင်ပို့ရတာဖြစ်ပြီး လက်ရှိ မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးရပ်နေတာကြောင့် ဈေးတန်းက အကျဘက်ကိုရောက်လာတယ်လို့သိရပါတယ်။ ပြည်ပတင်ပို့မှုမရှိတော့တဲ့အတွက် ပြည်တွင်းစားသုံးမှုနဲ့ ပြည်တွင်းသိုလှောင်ထားမယ့်သူတွေအပေါ်သာ ဈေးကွက်ကမှီခိုနေတယ်လို့သိရပါတယ်။ ပြည်တွင်းဈေးကွက်မှာကလည်း လမ်းကြောင်းတွေ ပိတ်ဆို့ထားတာကြောင့် နေရာစုံကိုရောင်းချနိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။ ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်ဈေးကွက်မှာတော့ ဂျင်းတက်ဈေးက ဂျင်းတစ်ပိဿာကို နိုဝင်ဘာလ(၁၄) ရက်နေ့က ၃,၈၀၀ ကျပ် ရှိရာကနေ လက်ရှိမှာ ၂,၀၀၀ ကျပ်သို့ ကျသွားသလို ဂျင်းအလတ်စကလည်း ၂,၅၀၀ ကျပ်ကနေ ၁,၅၀၀ ကျပ်သို့ ဈေးကျသွားပါတယ်။ ဂျပန်ဂျင်းရှယ်ကလည်း တစ်ပိဿာကို ၃,၈၀၀ ကျပ်ရှိရာကနေ ၃,၅၀၀ ကျပ်ကို ကျသွားပါတယ်။ လက်လီဈေးကွက်မှာတော့ ၈,၀၀၀ ကျပ်နဲ့ ၉,၀၀၀ ကျပ်အကြားရောင်းချမှုရှိနေပါသေးတယ်။ 

Sources : AMIA (Farmer Digital TV)