menu

“တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်” (၂၅ . ၃ . ၂၀၂၄ မှ ၂၉ . ၃ . ၂၀၂၄)

🫛🌽🫘🧅🌶️🫛🌶️🧅🫘🌽🫛

🫛မတ်ပဲ🫛

မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးအတက်အကျသိပ်မရှိပဲ တစ်တန်ကို သိန်း၃၀ပတ်လည် နဲ့ အရောင်းအဝယ် ဖြစ်နေကြပါတယ်။ ကြိုပွိုင့်လောက်သာရှိနေပြီး ‌ဈေးကွက်အတွင်း စောင့်ကြည့်နေကြတဲ့အခြေအနေ ရှိကြတယ်လို့ ကုန်သည်အချို့ကဆိုပါတယ်။ အိန္ဒိယနိုင်ငံရဲ့ပဲဈေးကွက် အခြေအနေတွေကိုလည်း စောင့်ကြည့်နေပြီး ပုံမှန်တင်ပို့မှုအတွက်သာ အရောင်းအဝယ်ရှိနေကြပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း ပွဲတော်အပြီးဈေးအေးသွားသလို ပြည်တွင်းမှာလည်း လပြည့်ပွဲတော် ပိတ်ရက်တွေကြောင့် ဈေးအေးနေတဲ့အနေအထားဖြစ်နေပါတယ်။ မကြာခင်ရက်ရှည်ပိတ်ရက် ရောက်တော့မှာဖြစ်လို့ ပဲဈေးကအနည်းငယ်တက်နိုင်ဦးမယ်လို့ ကုန်သည်တွေက သုံးသပ်ပေမယ့်လည်း လက်ရှိ ဈေးကွက်အခြေအနေကမရေရာပါဘူး။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၂၉,၂၉၀,၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၆၀,၀၀၀ လောက် ဈေးပြန်မြင့်တက်လာပါတယ်။ (SQ/RC)ကတော့ တစ်တန်ကို ၃၁,၇၉၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၁၉,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၄,၇၄၀ မှ ၄,၇၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာလည်း သုံးတင်းဝင် တစ်အိတ်ကို ၂၆၅,၀၀၀ မှ ၂၇၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ် ဈေးကျဆင်းပါတယ်။၂၀၂၃-၂၀၂၄ ဘဏ္ဏာနှစ်မှာ မတ်ပဲတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၆၇၅ သန်းထိ ရရှိခဲ့ပြီး ပို့ကုန်ဝင်ငွေ အများဆုံးရရှိတဲ့ပဲ ဖြစ်တယ်လို့ စီးပွားကူးသန်းက ထုတ်ပြန်ထားပါတယ်။

🌽ပြောင်းဆံ🌽

ပြောင်းကတော့ ဈေးထပ်ပြီးကျဆင်းပါတယ်။ ထိုင်းနိုင်ငံရဲ့ ပြောင်းတင်သွင်းမှုကို ပိတ်ပင်သွားမယ်လို့ ထုတ်ပြန်ချက်ရဲ့ နောက်ဆက်တွဲကြောင့် ဈေးကျဆင်းသွားတယ်လို့ ကုန်သည်အချို့ကခန့်မှန်းပေမယ့် လက်ရှိမှာတော့ လမ်းပန်း ဆက်သွယ်ရေး အခြေအနေတွေကြောင့် တင်ပို့မှုကလည်းနည်းပြီး ဈေးကလည်း ဆက်တိုက်ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ ထိုင်းထုတ်ပြန်ချက်ဟာ လက်ရှိမှာ သတိပေးချက်အနေနဲ့သာဖြစ်ပေမယ့် အမှန်တကယ်ပိတ်လိုက်ပါက ဈေးတွေ ယခုပေါက်ဈေးထက် ကျဆင်းသွားမှာကိုစိုးရိမ်ပြီး အများအပြားရောင်းချတာတွေကြောင့် ဈေးက ပိုပြီးကျဆင်းသွားတာဖြစ်တယ်လို့ ပြောင်းကုန်သည်အချို့က ဆိုပါတယ်။ ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ ပြောင်းဆံတစ်ပိဿာကို ၁,၀၄၀ မှ ၁,၀၆၀ ကျပ်ရှိပြီး ၁၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးစျေးကွက်မှာလည်း ပြောင်း (CP)တစ်အိတ်ကို ၄၉,၀၀၀ ကနေ ၄၉,၅၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၁,၀၀၀ကျပ်၊ ပြောင်း(ဗမာ)တစ်အိတ်ကို ၄၇,၀၀၀ ကျပ် မှ ၄၈,၀၀၀ ကျပ် ရှိပြီး တစ်အိတ်ကို ၁,၅၀၀ ကျပ်၊ ပြောင်း(ရှမ်း)တစ်အိတ်ကို ၄၉,၀၀၀ မှ ၄၉,၅၀၀ ကျပ် ရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ် အသီးသီး ဈေးကျဆင်းသွားပါတယ်။

🫘ကုလားပဲ🫘 

ကုလားပဲကတော့ ဒီတစ်ပတ်မှာလည်း ထပ်ပြီးဈေးကျဆင်းပါတယ်။ အိန္ဒိယပွဲတော်ကာလ ပြည်တွင်း ဥပုသ်ကာလအပြီး အဝယ်သွက်ခဲ့ပေမယ့် လက်ရှိမှာအဝယ်အေးပြီး ဈေးကျဆင်းသွားတာ ဖြစ်ပါတယ်။ ဈေးကွက်အတွင်း အသစ်တွေလည်း အဝင်ရှိနေပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿကို ၃,၉၁၅ မှ ၄,၀၈၅ ရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တော့ တစ်ပိဿာကို ၈၅ ကျပ်၊ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၄,၀၈၀ မှ ၄,၂၅၀ ရှိပြီး တစ်ပိဿာကို ၈၅ကျပ်၊ ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၅,၄၂၅ မှ ၅,၇၀၀ ရှိပြီး ၃၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ ကုလားပဲ V2 က တစ်အိတ်ကို ၂၃၀,၀၀၀ မှ ၂၃၂,၀၀၀ ကျပ် ရှိပြီး တစ်အိတ်ကို ၈,၀၀၀ ကျပ်၊ ကုလားပဲ 929က တစ်အိတ်ကို ၂၂၆,၀၀၀ မှ ၂၂၇,၀၀၀ ကျပ် ရှိပြီး တစ်အိတ်ကို ၁၀,၀၀၀ ကျပ်၊ ကုလားပဲ(ထိုင်ဝမ်) က တစ်အိတ်ကို ၂၁၇,၀၀၀ မှ ၂၂၀,၀၀၀ ကျပ် ရှိပြီး တစ်အိတ်ကို ၈,၀၀၀ ကျပ်၊ ကုလားပဲ V7 ကတော့ တစ်အိတ်ကို ၂၃၈,၀၀၀ မှ ၂၄၀,၀၀၀ ကျပ် ရှိပြီး ၃,၀၀၀ ကျပ် အသီးသီး ဈေးကျဆင်းသွားပါတယ်။ နယ်ဈေးကွက်တွေမှာလည်း တစ်တင်းကို အနိမ့်ဆုံး ၃,၀၀၀ ကနေ ၅,၀၀၀ ကြား အသီးသီးဈေးကျဆင်းသွားပါတယ်။

🧅ကြက်သွန်နီ🧅

ကြက်သွန်နီကတော့ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးကျဆင်းနေတာဖြစ်ပြီး ဒီတစ်ပတ်မှာလည်း ဈေးကျဆင်းပါတယ်။ တန်ချိန် ၃ သိန်း ကားအစီးရေ ၅၀ အထိ အဆမတန်ဝင်ရောက်နေတာ ဖြစ်တဲ့ အတွက် ဈေးကဆက်တိုက်ကျဆင်းနေတာဖြစ်ပါတယ်။ အဝင်များရင် ဈေးကျဆင်းတတ်တာဖြစ်လို့ အဝင်ထိန်းဖို့ ကုန်သည်ကြီးတွေက တိုက်တွန်းပေမယ့်လည်း နယ်စုံကနေ ဝင်ရောက်နေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်နီ (ဆိပ်ဖြူ၊ မြစ်သား၊ တောင်တွင်း၊ မြင်းခြံ၊ မုံရွာ) တို့ကနေ အဝင်ရှိနေပြီး တစ်ပိဿာကို ၁,၇၀၀ ကနေ ၃,၁၀၀ ကြားရှိကာ တစ်ပိဿာကို ၂၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

🌶️ငရုတ်🌶️

ငရုတ်ကလည်း ဒီတစ်ပတ်မှာလည်း ထပ်ပြီးဈေးကျဆင်းသွားပါတယ်။‌ ဈေးကွက်ထဲအဝင်များနေပြီး အရောင်းအဝယ်ကတော့ နည်းနေတာဖြစ်လို့ ဈေးက ဆက်တိုက်ကျဆင်းနေတာဖြစ်ပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ငရုတ်ဆင်ဖြူကျွန်းက တစ်ပိဿာကို ၉,၅၀၀ မှ ၁၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁,၀၀၀ ကျပ်လောက် ဈေးကျဆင်းသွားပါတယ်။ ငရုတ်ပန်းရဲ ကတော့ ၅,၅၀၀ မှ ၅,၈၀၀ ကျပ် ရှိပြီး တစ်ပိဿာကို ၇၀၀ ကျပ်၊ ငရုတ်မြှားနီကတော့ တစ်ပိဿာကို ၅,၀၀၀ မှ ၅,၂၀၀ ကြား ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။

Sources : AMIA (Farmer Digital TV)