menu

"တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်" (၄.၁၀.၂၀၂၁) မှ (၈.၁၀.၂၀၂၁)


🌾🌿🍃🍂🎋🎋🍂🍃🌿🌾

🌾ဆန်၊စပါး🌾

 ဒီတစ်ပတ်ကတော့ စပါးဈေးကိုအနိမ့်ဆုံးဈေး ၅၄၀,၀၀၀ သတ်မှတ်လိုက်ပြီး တောင်သူအများအကြား လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့ပါတယ်။ အစိုဓာတ် ၁၄ ရာခိုင်နှုန်း ရှိပြီး အမှိုက်၊အဖျင်းကင်းစင်ရမယ့်လို့ ထုတ်ပြန်ထားပါတယ်။ လက်ရှိ ဈေးတက်နေတဲ့သွင်းအားစုတွေကြောင့် အနိမ့်ဆုံးသတ်မှတ်လိုက်တဲ့ ဈေးဟာ တောင်သူတွေအရှုံးပေါ်စေရုံမက စိုက်စရိတ်တောင်မရရှိဘူးလို့လည်း ဝေဖန်မှုတွေအများကြီးရှိနေပါတယ်။ အစိုဓာတ် ၃၅ ရာခိုင်နှုန်းရှိတဲ့ ပြင်ပစပါးပေါက်ဈေးက တင်း ၁၀၀ ကို ၆ သိန်းကနေ ၆ သိန်းခွဲ အထိ ပေါက်ဈေးရှိနေပြီး သတ်မှတ်ဈေးက အလွန်လျော့နည်းနေတယ်လို့သိရပါတယ်။

 လက်ရှိ ရန်ကုန်ဝါးတန်းဈေးကွက်မှာတော့ ဆန်ရောင်းချမှုတွေက အနည်းငယ်ဈေးအေးနေပြီး အရောင်းအဝယ်လည်း အေးနေပါတယ်။ ရွှေဘိုပေါ်ဆန်းကတော့တစ်အိတ်ကို ၄၈,၀၀၀ ကနေ ၅၄,၀၀၀ ကျပ်၊မြောင်းမြပုသိမ်ပေါ်ဆန်းကတော့ တစ်အိတ်ကို ၄၅,၀၀၀ ကနေ ၄၈,၀၀၀ ကျပ်၊ ဒေးဒရဲပေါ်ဆန်းကတော့ တစ်အိတ်ကို ၄၄,၀၀၀ ကနေ ၄၆,၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းကတော့တစ်အိတ်ကို ၄၅,၀၀၀ ကနေ ၄၈,၀၀၀ ကျပ် အသီးသီးပေါက်ဈေးရှိနေပြီးဈေးငြိမ်ပါတယ်။ ဧည့်ထဆန်က တစ်အိတ်ကို ၂၄,၀၀၀ ကနေ ၂၅,၀၀၀ ကျပ်၊ ငစိန်ဆန်က တစ်အိတ်ကို ၂၃,၀၀၀ ကနေ ၂၄,၀၀၀ ကျပ်၊ရက် ၉၀ ကလည်း တစ်အိတ်ကို ၂၇,၅၀၀ ကနေ ၂၉,၀၀၀ ကြား ပေါက်ဈေးရှိပြီး ၂ ပတ် ဆက်တိုက်ဈေးငြိမ်နေပါတယ်။

 ဧရာဝတီတိုင်းဈေးကွက်မှာတော့ အဟောင်းလက်ကျန်က မရှိသလောက် နည်းသွားပြီးဈေးက အနည်းငယ်တက်နေပါတယ်။ ပုသိမ်ဈေးကွက်မှာ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၁,၀၂၅,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၂၅,၀၀၀ ကျပ်ဈေးတက်လာကာ ဆန်က တစ်အိတ်ကို ၄၆,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပုသိမ်ဧည့်မထ(နွေ) စပါးကတော့ တင်း ၁၀၀ ကို ၆၀၇,၀၀၀ ပေါက်ဈေးရှိပြီး ၁၈,၀၀၀ ကျပ် ဈေးတက်လာပြီး ဆန်ကလည်း တစ်အိတ်ကို ၁,၀၀၀ ကျပ်ဈေးတက်လာကာ ၂၇,၀၀၀ ကျပ်ပေါက်ဈေးရှိပါတယ်။

 ဒေးဒရဲပေါ်ဆန်းစပါးကလည်း တင်း ၁၀၀ ကို ၁,၀၂၄,၀၀၀ ပေါက်ဈေးရှိပြီး ၁၈,၀၀၀ ကျပ်ဈေးတက်လာကာ ဆန်ကလည်း တစ်အိတ်ကို ၁,၀၀၀ ကျပ်ဈေးတက်လာပြီး ၄၈,၀၀၀ ကျပ်ပေါက်ဈေးရှိပါတယ်။ ဒေးဒရဲဧည့်မထစပါးကတော့ဈေးငြိမ်နေပြီး ဆန်ဈေးကတော့ အနည်းငယ်တက်လာပါတယ်။ ဧည့်မထ(မိုး)ဆန်က တစ်အိတ်ကို ၃၀,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်၊ဧည့်မထ(နွေ)ဆန်ကတော့ တစ်အိတ်ကို ၂၇,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ဖျာပုံပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၁,၀၃၅,၀၀၀ပေါက်ဈေးရှိပြီး ၁၈,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆန်ကလည်း တစ်အိတ်ကို ၄၈,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဖျာပုံဧည့်မထ စပါးတွေကတော့ဈေးငြိမ်နေပြီးတော့ မိုးဆန်ကတော့တစ်အိတ်ကို ၃၈,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ကျပ်၊ နွေဆန်ကတော့ တစ်အိတ်ကို ၂၇,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်အသီးသီး ဈေးတက်လာပါတယ်။ တရုတ်နယ်စပ်တွေ ပိတ်လိုက်တဲ့အတွက် အဓိကတင်ပို့နေတဲ့ ဧည့်မထအမျိုးအစားစပါးနဲ့ ဆန်တွေက ဈေးကွက်အတွင်းဈေးကျဆင်းနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။

🌿မတ်ပဲ🌿

 ဒီတစ်ပတ် ပြည်တွင်းငွေလဲလှယ်နှုန်းဈေးတွေကျဆင်းသွားတဲ့အတွက်ကြောင့် မတ်ပဲဈေးကလည်း တစ်တန်ကို ငွေကျပ် ၃ သိန်းနီးပါးဈေးကျဆင်းသွားခဲ့ပါတယ်။အိန္ဒိယဈေးကျဆင်းမှုက အနည်းငယ်သာရှိပေမယ့် ပြည်တွင်းငွေလဲလှယ်နှုန်းဈေးကွာဟမှုကြောင့်လည်းဖြစ်ပါတယ်။ အိန္ဒိယမှာလည်း ပဲအသစ်တွေဝင်လာတဲ့အတွက် ပြည်ပပို့ကုန် မြန်မာ့မတ်ပဲဈေးက အနည်းငယ်ကျဆင်းသွားပေမယ့် မိုးစိုက်ပဲဧက လျော့နည်းမယ်လို့ အိန္ဒိယအစိုးရခန့်မှန်းထားတဲ့အတွက် မတ်ပဲဈေးက ဆက်ပြီး တက်နိုင်ခြေရှိနေပါသေးတယ်။ ထို့ပြင် မြန်မာ့မတ်ပဲလက်ကျန်ကလည်း တန်ချိန်တစ်သိန်းခွဲလောက်သာကျန်ရှိနေပြီး တင်ပို့မှုက ဒီဇင်ဘာလအထိ ရှိမှာဖြစ်လို့ မတ်ပဲဈေးကွက်က အလားလာကောင်းနိုင်သေးတယ်လို့ ခန့်မှန်းရပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ငွေကျပ် ၁၅ သိန်းကျော်အထိ ဈေးက ရောက်ရှိသွားပြီး ၃ သိန်းလောက် ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာလည်း တစ်အိတ်ကို ၁၆၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀,၀၀၀ လောက်ဈေးက ကျဆင်းသွားခဲ့ပါတယ်။ အောင်လံ၊ပြည် နဲ့ အခြားပြည်နယ်တွေမှာလည်း မတ်ပဲက တစ်တင်းကို အနိမ့်ဆုံး ၈,၀၀၀ လောက်အထိ ဈေးကျဆင်းသွားခဲ့ပါတယ်။

🍃ပဲစင်းငုံနီ🍃

 ပဲစင်းငုံနီက မတ်ပဲကလောက်ဈေးအတက်အကျ မကြမ်းပေမယ့် ငွေဈေးကြောင့်အနည်းငယ်တော့ဈေးကကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယမှာလည်းအဝယ် အနည်းငယ်ရှိနေတဲ့အတွက် ဈေးက တက်နေခဲ့ပါတယ်။ အိန္ဒိယတင်ပို့မှုကလည်း ပုံမှန်ပဲရှိနေတာဖြစ်လို့ ပဲစင်းငုံနီက လာမယ့်တင်ပို့မှုကာလမကုန်ခင် ဒီဇင်ဘာလအထိ အတက်အကျအနည်းငယ်နဲ့သာအရောင်းအဝယ်ရှိနေဦးမယ်လို့ ခန့်မှန်းထားပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁,၄၃၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၁ သိန်းခွဲလောက် ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ဈေးမဖွင့်ပါဘူး။ အောင်လံမှာတော့ တစ်တင်းကို ၄၅,၀၀၀ ပေါက်ဈေးရှိပြီး ၃,၀၀၀ကျပ်ဈေးကျဆင်းသွားပါတယ်။ ပြည်ဈေးကွက်မှာ တော့ တစ်တင်းကို ၄၅,၀၀၀ မှ ၄၆,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ကျပ်ဈေးကျဆင်းသွားပါတယ်။

🎋ထန်းလျက်🎋

 ထန်းလျက်ကလည်း ဈေးတက်လာပါတယ်။ပစ္စည်းအဝင်နည်းတဲ့အတွက်ဈေးတွေက တက်နေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၂,၀၅၀ ကနေ ၂,၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ လောက်ဈေးတက်လာပါတယ်။

🍂မန်ကျည်းသီး🍂

 မန်ကျည်းသီးကလည်း လတ်တလောဈေးတွေ တက်နေပါတယ်။ အဟောင်းလက်ကျန်က မရှိတော့ပဲ အသစ်တွေက အဝယ်သွက်နေတဲ့အတွက်ဈေးတွေတက်နေတယ်လို့သိရပါသည်။ ရန်ကုန်ဈေးကွက်မှာ မန်ကျည်းသီး(ကျောက်ပန်းတောင်း)က တစ်ပိဿာကို ၂,၅၀၀ ကနေ ၂,၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ်ဈေးတက်လာပါတယ်။ ပွင့်ကပ်ကတော့ တစ်ပိဿာကို ၁,၄၀၀ ကနေ ၁,၅၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။ ပုသိမ်ဈေးကွက်မှာတော့ မန်ကျည်းသီးက တစ်ပိဿာကို ၁,၉၀၀ ကနေ ၃,၂၀၀ ကြားပေါက်ဈေးရှိနေပြီး ဈေးငြိမ်နေပါတယ်။

Sources : AMIA (Farmer Digital TV)