menu

“တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်” (၁၈.၁၀.၂၀၂၁ မှ ၂၂.၁၀.၂၀၂၁)


🌾🌿🍃☘️🍀🍀☘️🍃🌿🌾

🔹ဒီတစ်ပတ်ကတော့ အများပြည်သူ ရုံးပိတ်ရက်ဖြစ်တဲ့အပြင် ပွဲတော်ကာလဖြစ်တဲ့အတွက် ကုန်စည်ဒိုင်တွေပိတ်ပြီး အရောင်းအဝယ်ကလည်း အများကြီးမဖြစ်ပါဘူး။

🌾ဆန်၊စပါး🌾

ပြီးခဲ့တဲ့အပတ်ကအထိ ဈေးတက်နေတဲ့ ဆန်ဈေးတွေကတော့ ဒီတစ်ပတ်မှာ ဈေးက ပြန်အေးသွား ပါတယ်။ ပိတ်ရက်မို့ အရောင်းအဝယ်တွေလည်းအေးသွားပါတယ်။ ရန်ကုန်ဝါးတန်းဈေးကွက်မှာ ဒေးဒရဲပေါ်ဆန်းက တစ်အိတ်ကို ၄၅,၀၀၀ ကနေ ၄၈,၀၀၀ကျပ်၊ မြောင်းမြပေါ်ဆန်းမွှေးက တစ်အိတ်ကို ၄၆,၀၀၀ ကနေ ၅၀,၀၀၀ ကျပ် ၊ပေါ်ဆန်းနယ်စုံကလည်း တစ်အိတ်ကို ၄၃,၀၀၀ ကနေ ၄၆,၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းကလည်း တစ်အိတ်ကို ၅၃,၀၀၀ ကနေ ၅၉,၀၀၀ ကျပ် နဲ့အသီးသီးဈေးငြိမ်နေပါတယ်။ ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထကလည်း တစ်အိတ်ကို ၂၅,၅၀၀ ကနေ ၂၆,၅၀၀ကျပ် ၊ ဧည့်မထ ၂၅ % ကလည်း တစ်အိတ်ကို ၂၃,၀၀၀ ကနေ ၂၄,၅၀၀ ကျပ် ၊ ရက် ၉၀ ကတော့ ၂၈,၀၀၀ ကနေ ၂၉,၀၀၀ကျပ်၊ သီးထပ်ဆန်ကတော့ တစ်အိတ်ကို ၂၆,၀၀၀ ကနေ ၂၆,၅၀၀ ကျပ်နဲ့ ဈေးငြိမ်ပါတယ်။ နယ်ဈေးကွက် တွေမှာလည်း အသစ်တွေအရောင်းအဝယ်ဖြစ်နေပြီး အဟောင်းတွေကတော့ ဈေးဆက်တိုက် ငြိမ်နေပါတယ်။

🌿မတ်ပဲ🌿

မတ်ပဲကတော့ ပြည်တွင်းငွေလဲလှယ်ဈေးနှုန်းကျဆင်းလာတဲ့နဲ့အမျှ ဈေးတွေကလည်းကျဆင်းနေ ပါတယ်။ အိန္ဒိယတင်ပို့မှုကတော့ ပုံမှန်ရှိနေပြီး ဈေးကလည်း ပြည်ပမှာတက်နေပေမယ့် ပြည်တွင်း မှာတော့ ကျဆင်းနေပါတယ်။ အတက်ဈေးနဲ့ ကုန်သည်တွေ ဝယ်ယူခဲ့ပြီးဈေးတွေကျဆင်းလာတဲ့အတွက် ရတဲ့ဈေးနဲ့ ပြန်ထုတ်ရောင်းမှုတွေကြောင့် ဈေးကကျဆင်းသွားတာလို့လည်းသိရပါတယ်။ ပြည်တွင်းမှာ မတ်ပဲက ဈေးတက်နိုင်ခြေရှိတယ်လို့ ကုန်သည်တွေက သုံးသပ်ထားပေမယ့် အရင်ဈေးရရှိဖို့ မသေချာပဲ အတက်အကျအနည်းငယ်သာ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အိန္ဒိယမှာမိုးစိုက်ပဲတွေ ပျက်စီး ဆုံးရှုံးပြီး အရည်အသွေးအားနည်းနေတဲ့အတွက် ပြည်ပမတ်ပဲဈေးတွေကတော့ ဈေးမာနိုင်သေးတယ်လို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၄ သိန်း ၈သောင်း ကျော်ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၃သောင်းနီးပါးဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲက တစ်အိတ်ကို ၁၄၄,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၆,၀၀၀ကျပ် ဈေးကျဆင်းသွားပါတယ်။

🍃ပဲစင်းငုံနီ🍃

ပဲစင်းငုံနီကတော့ လက်ရှိမှာ အကျဈေးနဲ့ပဲ ဈေးငြိမ်နေပါတယ်။ အိန္ဒိယမှာ မြန်မာ့ပဲစင်းငုံနီတွေ ဈေးတက်ပေမယ့် ပြည်တွင်းငွေလဲလှယ်နှုန်းဈေးကြောင့် ဈေးတွေကျဆင်းခဲ့ပြီး ပဲကတော့ ကုန်သည် လက်ထဲမှာတင် အရောင်းအဝယ်ရှိနေတာဖြစ်လို့ မတ်ပဲလောက် မကြမ်းပါဘူး။ အိန္ဒိယတင်ပို့မှုရှိပေမယ့် အိန္ဒိယစားသုံးမှုကမတ်ပဲလောက်မရှိတဲ့အတွက် ပဲစင်းငုံနီကအဝင်ပုံမှန်ရှိပြီး ဈေးကလည်းပုံမှန်ရှိပါ တယ်။ တက်ရင်လည်း အနည်းငယ်သာတက်နိုင်ပြီး ကျဆင်းရင်လည်းအများကြီးကျဆင်းနိုင်ခြေမရှိဘူး လို့ အိန္ဒိယပဲသတင်းတွေအရသိရပါတယ်။ ပြည်တွင်း အရောင်းအဝယ်ကလည်း နယ်အများစုမှာဈေးသာ ဖွင့်ထားပြီးအရောင်းအဝယ်မရှိပဲ အချို့နယ်ကုန်စည်ဒိုင်အချို့မှာတော့ ဈေးဖွင့်ထားခြင်းတောင်မရှိပါဘူး။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁,၂၇၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၁၀,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ ဈေးမဖွင့်ပါဘူး။

☘️ပဲတီစိမ်း☘️

ပဲတီစိမ်းကလည်း ဒီတစ်ပတ်မှာ ဈေးကထပ်ပြီးကျဆင်းသွားပါတယ်။ တရုတ်တင်ပို့မှု ပိတ်ကတည်းက ဈေးကဆက်တိုက်ကျဆင်းသွားတာဖြစ်ပြီး အသစ်တွေဈေးကွက်ထဲဝင်လာတော့မှာဖြစ်လို့ ဈေးက အနည်းငယ် ထပ်ကျဆင်းနိုင်တယ်လို့သုံးသပ်ထားပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ) က တစ်ပိဿာကို ၂,၄၁၅ မှ ၂,၅၀၀ကျပ် ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်၊ပဲတီစိမ်း (ပဲခူးရွှေဝါ)က တစ်ပိဿာကို ၂,၂၅၀ မှ ၂,၃၃၅ ပေါက်ဈေးရှိပြီး ၁၆၅ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၂,၆၆၅ ကနေ ၂,၇၅၀ပေါက်ဈေးပြီး ၁၁၅ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက် မှာတော့ ပဲတီစိမ်း က တစ်အိတ်ကို ၁၁၈,၀၀၀ ကနေ ၁၂၅,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။ အောင်လံမှာလည်း တစ်တင်းကို ၄၁,၀၀၀ ပေါက်ဈေးရှိပြီး ၄,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ဆင်ဖြူကျွန်းမှာလည်း တစ်တင်းကို ၄၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂,၀၀၀ ကျပ် ဈေးကျဆင်း သွားပါတယ်။

🍀ကုလားပဲ🍀

ကုလားပဲကတော့ ရန်ကုန်ဈေးကွက်မှာ ဈေးငြိမ်နေပေမယ့် နယ်ဈေးကွက်တွေမှာတော့ ဈေးက ကျဆင်းသွားပါတယ်။ လက်ရှိမှာ ငွေဈေးပြောင်းလဲမှုကြောင့် ပဲမျိုးစုံဈေးက ကျဆင်းနေလို့ ကုလားပဲက ဈေးကျဆင်းနေတာဖြစ်ပေမယ့် ဈေးကွက်ထဲမှာတော့ ပဲလက်ကျန်တွေမရှိတော့ပဲ မျိုးပဲတွေသာအရောင်းအဝယ်ဖြစ်နေပါတယ်။ မန္တလေးဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က တစ်အိတ်ကို ၁၁၃,၀၀၀ ကနေ ၁၁၄,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ်၊ ကုလားပဲ(929) က တစ်အိတ် ကို ၁၁၆,၀၀၀ ကနေ ၁၁၇,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ ကျပ်၊ ကုလားပဲ(V2) ကတော့ တစ်အိတ်ကို ၁၂၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃,၀၀၀ ကျပ်၊ ကုလားပဲ(V7) က တစ်အိတ်ကို ၁၂၂,၀၀၀ ကနေ ၁၂၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃,၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။ အောင်လံဈေးကွက်မှာတော့ ကုလားပဲ(HL) က တစ်တင်းကို ၄၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ကုလားပဲ မြကြေးမုံကတော့ တစ်တင်းကို ၄၀,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ဆင်ဖြူကျွန်းမှာတော့ ကုလားပဲ(ထိုင်ဝမ်) နဲ့ ကုလားပဲ(HL) က တစ်တင်းကို ၃၈,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပေါက်တည်ဈေးကွက်မှာတော့ ကုလားပဲ(HL) က တစ်တင်းကို ၄၂,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်၊ ကုလားပဲ (929) က တစ်တင်းကို ၄၃,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်၊ ကုလားပဲ (V2) ကတော့ ၄၂,၀၀၀ ပေါက်ဈေးရှိပြီး ၃,၀၀၀ ကျပ် အသီးသီး ဈေးကျဆင်းသွားပါတယ်။

Sources : AMIA (Farmer Digital TV)