menu

"တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်" (၂၂.၁၁.၂၀၂၁) မှ (၂၆.၁၁.၂၀၂၁)


🌿🌱🍃☘️🍀🍀☘️🍃🌱🌿

မတ်ပဲ
-----
 မတ်ပဲကတော့ ဒီတစ်ပတ်မှာလည်းအတက်အကျသိပ်မရှိပါဘူး။ ငွေကြေးအပြောင်းအလဲပေါ်မူတည်နေပြီးတစ်တန်ကို ၁၄ သိန်းပတ်ချာလည်ရှိနေပြီး ၁ သောင်းလောက်သာ အတက်အကျရှိနေသည်။ အိန္ဒိယမှာတော့ ပဲအဝယ်နည်းလို့ မတ်ပဲဈေးက အနည်းငယ်ကျဆင်းနေတယ်လို့သိရသည်။ ငွေကြေးဈေးသိသာစွာ ပြောင်းလဲမှသာ ပြည်တွင်းပဲဈေးက တက်လာနိုင်မည်ဖြစ်ပြီး နိုဝင်ဘာလကုန်ထိတော့ ပဲဈေးကငြိမ်နေဦးမယ်လို့ ကုန်သည်တွေကဆိုပါတယ်။မတ်ပဲ(FOC)ဈေးက တစ်တန်ကို ဒေါ်လာ ၈၀၀ ကနေ ၈၂၀ ကြားပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဥ်ရင်အနည်းငယ်တော့ ဈေးတက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ တစ်တန်ကို ၁၄ သိန်း၂သောင်းနီးပါး ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တော့ တစ်တန်ကို ၃ သောင်းနီးပါးဈေးတက်လာပါတယ်။မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင်တစ်အိတ်ကို ၁၃၅,၀၀၀ ပေါက်ဈေးရှိနေပြီး ၃,၀၀၀ ဈေးတက်ပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၅,၇၀၀ ကနေ ၄၆,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ လောက်ဈေးတက်လာပါတယ်။ အောင်လံမှာတော့ တစ်တင်းကို ၄၄,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

ပဲစင်းငုံနီ
-------
 ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့အပတ်တစ်ပတ်လုံး ဈေးအပြောင်းအလဲမရှိပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးအနည်းငယ်ပြန်တက်လာခဲ့သည်။ ပြည်တွင်းပဲအဝယ်များလာလို့ ဈေးအနည်းငယ်ပြန်တက်လာတာလည်းဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ ပဲစင်းငုံနီတွေ အဝင်များနေပြီး လာမယ့်ဒီဇင်ဘာလအတွင်း အသစ်တွေ ပေါ်မှာဖြစ်လို့ ပဲစင်းငုံနီကလက်ရှိပေါက်ဈေးထက်ကျဆင်းနိုင်တယ်လို့ အိန္ဒိယ ပဲသတင်းတွေအရသိရသည်။ ပဲစင်းငုံနီ(FOC) ဈေးက တစ်တန်ကို ၆၆၀ ဒေါ်လာ ကနေ ၆၈၀ ပေါက်ဈေးရှိပြီး အနည်းငယ်တက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၁၁ သိန်း ၈ သောင်း ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ် ရင် တစ်တန်ကို တစ်သောင်းခွဲလောက်ဈေးတက်လာပါတယ်။ မန္တလေးမှာတော့လက်ရှိအချိန်ထိဈေးဖွင့်ခြင်းမရှိသေးပါဘူး။ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၅,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ ကျပ်ဈေးတက်လာပါတယ်။

နှမ်းဖြူ
------
 နှမ်းဖြူကတော့ ဒီတစ်ပတ်မန္တလေးဈေးကွက်မှာဈေးတက်လာပါတယ်။ အဝယ်များပြီးအဝင်နည်းလို့ဈေးတက်လာတာဖြစ်တယ်လို့သိရပါတယ်။ အချို့ဒေသတွေမှာတော့ပစ္စည်းလက်ကျန်မရှိတော့ဘူးလို့လည်းသိရပါတယ်။ မန္တလေးဈေးကွက်မှာ နှမ်းဖြူကတစ်အိတ်ကို ၁၅၀,၀၀၀ ကနေ ၁၆၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၈,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်အိတ်ကို ၁၃၀,၀၀၀ ကျပ်ရှိပြီး ဈေးငြိမ်နေပါတယ်။ ဆင်ဖြူကျွန်းမှာလည်း တစ်တင်းကို ၄၅,၀၀၀ ပေါက်ဈေးရှိပေမယ့် အရောင်းအဝယ်ကတော့ပစ္စည်းမရှိလို့ အေးတယ်လို့သိရပါတယ်။

ပဲကြီး
-----
 ပဲကြီးကတော့ လက်ရှိမှာအမြင့်ဆုံးထိဈေးတက်နေလာပါတယ်။ ပြည်တွင်း ဝယ်ယူမှုများတဲ့ပဲဖြစ်ပြီး လက်ကျန်လည်းမရှိတော့ပဲဈေးတွေဆက်တိုက် တက်နေခဲ့တာလည်း ဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာပဲကြီး (ရွှေကျွန်း)က တစ်ပိဿာကို ၃,၈၉၀ ကနေ ၃,၉၈၅ ပေါက်ဈေးရှိပြီး ဈေးငြိမ်ကာပဲကြီး(ကုန်း)ကတော့ တစ်ပိဿာကို ၃,၂၁၅ မှ ၃,၄၈၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၇၅ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲကြီး(က၊လ၊သ)က သုံးတင်းဝင်တစ်အိတ်ကို ၂၁၀,၀၀၀ ကနေ ၂၄၅,၀၀၀ ထိပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၂၀,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ဆင်ဖြူကျွန်းဈေးကွက်မှာလည်း တစ်တင်းကို ၇၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာလည်း တစ်တင်းကို ၇၅,၀၀၀ ကနေ ၈၀,၀၀၀ ပေါက်ဈေးရှိပြီး ၅,၀၀၀ ကျပ်ဈေးတက်လာပါတယ်။

စားအုန်းဆီ 
---------
 စားအုန်းဆီကတော့ ဈေးကျဆင်းသွားပါတယ်။ ငွေလဲလှယ်နှုန်းဈေးတွေ ကျဆင်းသွားတဲ့အတွက် ဆီတွေလည်းကျဆင်းသွားတာဖြစ်ပါတယ်။ကမ္ဘာ့စားအုန်းဆီဈေးကွက်မှာလည်း ဈေးတွေကျဆင်းသွားပါတယ်။ ဆီကုန်သည်အသင်းက ထုတ်ပြန်တဲ့စာရင်းအရ စားအုန်းဆီ လက်ကားဈေးက တစ်ပိဿာကို ၄,၂၇၀ ကျော်ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀ လောက် ဈေးကျဆင်းသွားပါတယ်။မန္တလေးဈေးကွက်မှာတော့ တစ်ပိဿာကို ၄,၃၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျော်ဈေးကျဆင်းသွားပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်ပိဿာကို ၄,၄၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၇၀ ကျပ်ဈေးကျဆင်း သွားပါတယ်။

Sources : AMIA (Farmer Digital TV)