menu

တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက် ..... ( ၂ . ၁ . ၂၀၂၃ မှ ၆ . ၁ . ၂၀၂၃)

🌿🫘🌿🫘🌿🫘🌿🫘🌿🫘🌿 

မတ်ပဲ ..... 

မတ်ပဲကတော့ ဈေးတွေဆက်တိုက်ကျဆင်းနေပါတယ်။ အိန္ဒိယနိုင်ငံက မတ်ပဲဝယ်ယူဖို့ သက်တမ်းကို လာမယ့် ၂၀၂၄ ခုနှစ်ထိ တိုးမြှင့်လိုက်တဲ့အတွက် ပဲဝယ်ယူမှုကအေးသွားပြီး ဈေးကကျဆင်းသွား တာလည်း ဖြစ်ပါတယ်။ လက်ရှိ မတ်ပဲ CNFပေါက်ဈေးကလည်း လျော့နည်းနေပြီး အိန္ဒိယနိုင်ငံမှာလည်း ဆောင်းမတ်ပဲ အထွက်နှုန်းတိုးတယ်ဆိုတဲ့ သတင်းတွေကြောင့် မတ်ပဲက နေ့စဉ်နဲ့အမျှဈေးကျဆင်းနေခဲ့တာလည်း ဖြစ်ပါတယ်။ မတ်ပဲအသစ်တွေကလည်း ဈေးကွက်ထဲ ဝင်နေပြီ ဖြစ်လို့ ဈေးက ဆက်ပြီးကျဆင်းနေဦးမယ်လို့ ကုန်သည်တွေက ခန့်မှန်းထားပါတယ်။ လက်ရှိ ငွေလဲလှယ်နှုန်း ဈေးမြင့်တက်နေတာဖြစ်တဲ့အတွက် အများကြီးကျဆင်းနေတာမျိုး မရှိဘူးလို့ ဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၆သိန်း ၄သောင်းပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ နှိုင်းယှဉ်ရင် တစ်တန်ကို ၄ သောင်းကျော်ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၅၆,၀၀၀ ကနေ ၁၆၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်၊ အောင်လံဈေးကွက်၊ မော်လမြိုင်ဈေးကွက်၊ ပြည်ဈေးကွက် တို့မှာ မတ်ပဲက တစ်တင်းကို ၅၂,၅၀၀ ကနေ ၅၃,၅၀၀ ကြား ပေါက်ဈေးရှိပြီး တစ်တင်းကို ၃,၅၀၀ လောက်ဈေးကျဆင်းပါတယ်။ 

ပဲစင်းငုံနီ ..... 

ပဲစင်းငုံနီကတော့ ဈေးတက်ပါတယ်။ ဈေးကွက်ထဲ ပစ္စည်းလက်ကျန်မရှိတဲ့အတွက် အသစ်ထွက်လာတဲ့ ပဲ တွေ အဝယ်လိုက်ပြီး ဈေးတက်နေတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက ပဲစင်းငုံနီ အထွက်နှုန်းလျော့နည်း မယ်ဆိုတဲ့သတင်းတွေနဲ့ ရေရှည်မှာ ဈေးကတက်ဦးမယ်လို့ ကုန်သည်တွေရဲ့ခန့်မှန်းမှုတွေကြောင့် အဝယ်သွက်ပြီး ဈေးတက်နေတာ ဖြစ်ပါတယ်။ တင်ပို့မှုကို ၂၀၂၄ ထိသက်တမ်းတိုးလိုက်တဲ့အတွက် လာမယ့် ရေတိုကာလအတွင်းမှာတော့ ပဲစင်းငုံနီက ဈေးအေးမယ့် အနေအထားမှာရှိနေပြီး သိုလှောင်နိုင်လျှင် အကျိုးအမြတ်ရှိလာနိုင်တယ်လို့ ကုန်သည်အများစုက သုံးသပ်ပေမယ့် အိန္ဒိယနိုင်ငံရဲ့ ပဲစင်းငုံနီ တင်သွင်းမှုအခြေအနေကို စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၇ သိန်း ၇ သောင်းနီးပါးပေါက်ဈေးရှိပြီး တစ်တန်ကို ၂ သောင်းကျော်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာလည်း ပဲစင်းငုံနီက တစ်အိတ်ကို ၁၆၅,၀၀၀ ကနေ ၁၆၆,၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁,၀၀၀လောက် ဈေးတက်ပါတယ်။ နယ်ဈေးကွက်တွေဖြစ်တဲ့ ပခုက္ကူ၊ မုံရွာ နှင့် အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၅၅,၀၀၀ ကနေ ၅၆,၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၁,၀၀၀လောက် ဈေးမြင့်တက်လာပါတယ်။ 

နှမ်းမျိုးစုံ ..... 

နှမ်းဈေးကတော့ နှစ်ကုန်ခါနီးမှာ ဈေးတွေငြိမ်သွားခဲ့ပြီး နှစ်စမှာတော့ ငွေလဲလှယ်နှုန်းဈေးတွေ ပြန်မြင့်တက်လာတဲ့အတွက် ဈေးတွေလည်း အနည်းငယ်ပြန်လှုတ်ခတ်လာပါတယ်။ နှစ်ကူးခါနီးအချိန် ဖြစ်တဲ့အတွက် တရုတ်ဝယ်ယူမှုလည်း သွက်နေတယ်လို့သိရပါတယ်။ 

နှမ်းနက်(စမုံ) 
---------- 

မန္တလေးဈေးကွက်မှာ နှမ်းနက်(စမုံ)က တစ်အိတ်ကို ၂၄၀,၀၀၀ ကနေ ၂၇၀,၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁၀,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၆၅,၀၀၀ ကနေ ၉၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၇,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ 

နှမ်းဖြူ 
---- 

နှမ်းဖြူက မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၂၆၅,၀၀၀ ကနေ ၂၇၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၈၆,၅၀၀ ကနေ ၉၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၄,၀၀၀ ကျပ်ဈေးတက်လာပါတယ်။

နှမ်းညို 
----- 

နှမ်းညိုကတော့ လက်ရှိမှာ အဟောင်းရော အသစ်ရော ဈေးကောင်းရရှိနေပါတယ်။ မန္တလေးဈေးကွက်မှာ အသစ်က တစ်အိတ်ကို ၂၂၀,၀၀၀ ကနေ ၂၂၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ကျပ်၊ အဟောင်းက တစ်အိတ်ကို ၂၁၀,၀၀၀ ကနေ ၂၁၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀,၀၀၀ ကျပ်ဈေး တက်လာပါတယ်။ 

Sources : AMIA (Farmer Digital TV)