menu

"တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်" (၃၀ . ၁ . ၂၀၂၃ မှ ၃ . ၂ . ၂၀၂၃)


🌾🫘🌿🥜🌾🫘🌾🥜🌿🫘🌾

🌾ဆန် စပါး🌾

 ဆန်ဈေးတွေရော စပါးဈေးတွေပါ ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ လာမယ့် ဖေဖော်ဝါရီလ အလယ်လောက်မှာ သ‌င်္ဘောတင်ပို့မှုရှိတဲ့အတွက် ဈေးကွက်အတွင်းဝယ်ယူမှုများပြားနေတယ်လို့ သိရပါတယ်။ ထို့ပြင် ဈေးတွေဆက်တိုက်မြင့်တက်နေတဲ့အတွက် ဆက်ပြီးတက်မည်ကို စိုးရိမ်ပြီး ဝယ်ယူမှုများနေတာက ပိုပြီးဈေးတက်စေတယ်လို့ ဆန်ကုန်သည်တွေကဆိုပါတယ်။ ရန်ကုန်ဈေးကွက် မှာတော့ ဆန်အဝင်ပုံမှန်ရှိပြီး အရောင်းအဝယ်ကောင်းနေပါတယ်။ ဧရာဝတီတိုင်း ဈေးကွက်မှာတော့ စပါးဈေးတွေ အဆမတန်မြင့်တက်နေတဲ့အတွက် ဈေးကွက်ထိန်းချုပ်မှုပြုလုပ်နေတယ်လို့သိရပါတယ်။ ဈေးကွက်အတွင်းမှာတော့ စပါးလက်ကျန်တွေမရှိတော့တဲ့အတွက် ဆက်ပြီးဈေးတက်နိုင်ဦးမယ်လို့ ဆန်ကုန်သည်ကြီးတွေက ဆိုပါတယ်။ ရန်ကုန်ဝါးတန်းဈေးကွက်မှာ ပေါ်ဆန်းသစ်(နယ်စုံ)၊ ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲတို့က တစ်အိတ်ကို ၆၃,၀၀၀ ကနေ ၇၂,၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၅,၀၀၀ကျပ် ဈေးမြင့်တက်လာပါတယ်။ တစ်လအတွင်း တစ်အိတ်ကို ၁၀,၀၀၀ ကျော်ဈေးမြင့်တက်လာပါတယ်။ 

ရွှေဘိုပေါ်ဆန်းအသစ်ကတော့ တစ်အိတ်ကို ၇၈,၀၀၀ ကနေ ၈၈,၀၀၀ ကြား ပေါက်‌ဈေးရှိနေပြီး တစ်အိတ်ကို ၄,၀၀၀ ကျပ် ဈေးတက်လာပြီး တစ်လအတွင်း တစ်အိတ်ကို ၁၅,၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ ဆန်ကြမ်းတွေ ဖြစ်တဲ့ ဧည့်မထဆန်၊ မြီးဒုံးဆန်၊ ရက်(၉၀) ဆန် တို့ကလည်း တစ်အိတ်ကို ၂,၅၀၀ ကနေ ၉,၀၀၀ ကြား ဈေးမြင့်တက်လာပါတယ်။ ဧရာဝတီတိုင်းဈေးကွက်မှာလည်း ပုသိမ်၊ မြောင်းမြ၊ ဒေးဒရဲ၊ ဖျာပုံ၊ ပေါ်ဆန်းစပါးတို့က တင်း ၁၀၀ ကို ၁၃ သိန်း ၇ သောင်းကနေ ၁၅ သိန်း ၅ သောင်းကြား ပေါက်ဈေးရှိနေပြီး တင်း ၁၀၀ ကို ၄၀,၀၀၀ ကနေ ၁၃၀,၀၀၀ ကြား ဈေးမြင့်တက်လာပါတယ်။ ဆန်ကလည်း တစ်အိတ်ကို ၅၄,၀၀၀ ကနေ ၆၅,၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၅,၀၀၀ ကနေ ၁၀,၀၀၀ ကြား ဈေးမြင့်တက်လာပါတယ်။ ဒုတိယတန်းစားစပါးတွေဖြစ်တဲ့ ဧည့်မထစပါးတွေက တင်း ၁၀၀ ကို ၁၁ သိန်း ၉ သောင်းကနေ ၁၃ သိန်းနီးပါးပေါက်ဈေးရှိနေပြီး တင်း ၁၀၀ ကို ၉၀,၀၀၀ ကနေ ၁၆၀,၀၀၀ ထိ ဈေးမြင့်တက်လာပါတယ်။ ဆန်ဈေးကလည်း ၄၄,၀၀၀ ကနေ ၅၀,၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၄,၀၀၀ ကနေ ၇,၀၀၀ ကြားဈေးမြင့်တက်လာပါတယ်။

🌿ကုလားပဲ🌿

 ကုလားပဲဈေးကလည်း ဆက်တိုက်ဈေးမြင့်တက်လာပါတယ်။ ပြည်တွင်းဝယ်ယူအားကောင်းနေတယ် လို့သိရပါတယ်။ ပဲလှိုင်ချိန်က ဖေဖော်ဝါရီလကုန်ပိုင်းလောက်ဖြစ်လို့ လတ်တလောမှာတော့ ဈေးကောင်း နေဦးမယ်လို့ ပဲကုန်သည်တွေကဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၃,၁၆၅ ကနေ ၃,၂၅၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၈၅ကျပ် ဈေးတက်လာပါတယ်။ ကုလားပဲလုံးဖြူကြီးအဟောင်းကတော့ တစ်ပိဿာကို ၃,၂၅၀ ကနေ ၃,၄၁၅ ကျပ် ရှိပြီး တစ်ပိဿာကို ၁၇၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က တစ်အိတ် ကို ၁၈၅,၀၀၀ ကနေ ၁၈၇,၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၁၂,၀၀၀ ကျပ်၊ ကုလားပဲ (၉၂၉) ကတော့ တစ်အိတ်ကို ၁၉၀,၀၀၀ ကနေ ၁၉၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၄,၅၀၀ ကျပ်၊ ကုလားပဲ(ဗွီတူး)ကတော့ တစ်အိတ်ကို ၁၉၅,၀၀၀ ကနေ ၁၉၇,၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၂,၀၀၀ ကျပ်၊ ကုလားပဲ(ဗွီဆဲဗင်း)ကလည်း တစ်အိတ်ကို ၁၉၅,၀၀၀ ကနေ ၁၉၇,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ် အသီးသီး ဈေးမြင့်တက်လာပါတယ်။ မုံရွာဈေးကွက်မှာလည်း အသစ်တွေ ဈေးကွက်ထဲကို ဝင်ရောက်နေပြီး၊ ကုလားပဲ(ဗွီတူး)အသစ်ကတော့ တစ်တင်းကို ၆၃,၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ကျပ်၊ ကုလားပဲ(၉၂၉) အသစ် တစ်တင်းကို ၅၉,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂,၀၀၀ကျပ် ဈေးတက်လာပါတယ်။

🫘စားတော်ပဲ🫘

 စားတော်ပဲတွေလည်းဆက်တိုက်ဈေးပြန်တက်လာပါတယ်။ ပြည်တွင်းဝယ်ယူမှုကတော့ အဝင်ရှိသ လောက် အဝယ်သွက်နေပြီး အခြားပဲမျိုးစုံနည်းတူ ဈေးတွေမြင့်တက်လာတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဈေးငြိမ်နေပြီး မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၉၈,၀၀၀ ကနေ ၃၂၀,၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၅၀,၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ မကွေးဈေးကွက်မှာတော့ တစ်တင်းကို ၁၀၀,၀၀၀ ပေါက်ဈေးရှိနေပြီး ၅,၀၀၀ ကျပ်ဈေးတက်လာပါတယ်။

🌿ပဲထောပတ်🌿

 ထောပတ်ပဲတွေကတော့ ဈေးကွက်ထဲအသစ်တွေဝင်နေပြီး ဈေးတွေလည်းဆက်တိုက်မြင့် တက်နေပါတယ်။ အဝင်မလှိုင်သေးတဲ့အတွက် အဝင်ရှိသလောက်အဝယ်လည်း ရှိတယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ထောပတ်ပဲက တစ်ပိဿာကို ၃,၄၇၅ မှ ၃,၇၄၀ နဲ့ ဈေးစဖွင့်ထားပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၈၀,၀၀၀ ကနေ ၂၃၀,၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၂၀,၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။

🥜မြေပဲဆံ🥜

 မြေပဲဆံကတော့ လက်ရှိအမြင့်ဆုံးဈေး ရောက်ရှိနေပါတယ်။ ပွဲတော်ကာလ အဝယ်သွက်နေတဲ့အပြင် ပြည်ပတင်ပို့မှုလည်း ရှိနေတယ်လို့သိရပါတယ်။ ထို့ပြင်ဆီစက်ပိုင်ရှင်တွေကလည်းအဝယ်ရှိနေပါတယ်။ မန္တလေးဈေးကွက်မှာ မြေပဲလုံးဆံနီက တစ်ပိဿာကို ၆,၈၀၀ ကနေ ၇,၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ကျပ် ဈေးတက်လာပါတယ်။ တစ်လအတွင်း တစ်ပိဿာကို ၁,၀၀၀ ကျော်ဈေးမြင့် တက်လာခဲ့ပါတယ်။ မုံရွာဈေးကွက်မှာတော့ မြေပဲလုံးဆံနီက တစ်ပိဿာကို ၇,၃၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၅၀ ကျပ်၊ မြေပဲလုံးဆံဖြူကတော့တစ်ပိဿာကို ၆,၂၀၀ ကနေ ၆,၃၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာလည်း မြေပဲလုံးဆံဖြူက တစ်ပိဿာကို ၆,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ်ဈေးတက်လာသလို မြေပဲလုံးဆံနီကလည်း တစ်ပိဿာကို ၆,၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာ ကို ၃၀၀ ကျပ် အသီးသီးဈေးမြင့်တက်လာပါတယ်။

Sources : AMIA (Farmer Digital TV)