menu

"တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်" ( ၆ . ၃ . ၂၀၂၃ မှ ၁၀ . ၃ . ၂၀၂၃ )


🌾🫘🌾🫘🌾🫘🌾🫘🌾🫘🌾

ဆန်စပါး
-------

ဒီတစ်ပတ်ရန်ကုန်ဈေးကွက်မှာ ဆန်ဈေးကတော့ငြိမ်နေပါတယ်။ ဆန်အဝင်ပုံမှန်ရှိပြီး အရောင်းအဝယ် ကလည်းအေးနေပါတယ်။ ဗဟိုဘဏ်ကသတ်မှတ်ထားတဲ့ ၆၅ - ၃၅ ရာခိုင်နှုန်းကြောင့် နစ်နာမှုတွေ ရှိနေလို့ ဆန်တင်ပို့မှုကိုခဏရပ်ဆိုင်းထားပြီး လက်ကျန်တွေသာတင်ပို့နေတယ်လို့ မူဆယ် ဆန်ကုန်သည်တွေထံကနေသိရပါတယ်။ နယ်ဈေးကွက်မှာတော့ ပထမတန်းစားစပါးဈေးက အနည်းငယ်ကျသွားပါတယ်။ ဈေးကျဆင်းပေမယ့် အပြင်ဈေးကွက်မှာတော့ ဈေးကျဆင်းတာမျိုး မရှိသလို လက်ကျန်စပါးတွေလည်းမရှိဘူးလို့ ကုန်သည်တွေကဆိုပါတယ်။ ဧရာဝတီတိုင်း ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၁,၇၁၇,၀၀၀ ပေါက်ဈေးရှိပြီးတင်း ၁၀၀ ကို ၂၆,၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၇၀,၀၀၀ ရှိပြီး ၁,၀၀၀ကျပ် ကျဆင်းပါတယ်။ ပုသိမ် ဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၁,၄၁၆,၀၀၀ ပေါက်ဈေးရှိပြီး ၂၄,၀၀၀ ကျပ် ဈေးကျဆင်းကာ ဆန်ကတော့ တစ်အိတ်ကို ၅၃,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ် ဈေးကျဆင်းပါတယ်။ မြောင်းမြပေါ်ဆန်းနဲ့ ဧည့်မထစပါးကတော့ဈေးငြိမ်ပြီး ဒေးဒရဲဧည့်မထစပါးကတော့ ဈေးအနည်းငယ်ကျဆင်းပါတယ်။ တင်း ၁၀၀ ကို ၁,၄၃၅,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၈,၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။ ဆန်ကလည်းတစ်အိတ်ကို ၅၉,၅၀၀ ပေါက်ဈေးရှိပြီး ၁,၅၀၀ ကျပ်ဈေး ကျဆင်းပါတယ်။

ပဲဇီးကွက်
-------

ပဲဇီးကွက်တွေလည်း ဈေးကွက်ထဲအဝင်သွက်လာလို့ ဈေးတွေကျဆင်းလာပါတယ်။ အရောင်းအဝယ်ကတော့ ပုံမှန်ရှိနေတယ်လို့ ကုန်သည်တွေကဆိုပါတယ်။ မန္တလေးဈေးကွက်မှာ ပဲဇီးကွက်က တစ်အိတ်ကို ၁၃၀,၀၀၀ ကနေ ၁၃၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၇,၀၀၀ ကျပ်ဈေးကျဆင်းသွားပြီး ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၄၄,၂၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃,၀၀၀ကျော် ဈေးကျဆင်းသွားပါတယ်။

ထောပတ်ပဲ
--------

ထောပတ်ပဲကတော့ ပြည်တွင်းဝယ်လိုအားရှိနေတဲ့အပြင် ပြည်ပတင်ပို့မှုကလည်းရှိနေတဲ့အတွက် ဈေးက ဆက်တိုက်မြင့်တက်နေပါတယ်။ အဝင်ရှိသလောက် အဝယ်လည်းသွက်နေတယ်လို့သိရပါတယ်။ရန်ကုန်ဈေးကွက်မှာတော့ ထောပတ်ပဲက တစ်ပိဿာကို ၃,၅၆၅ ပေါက်ဈေးရှိပြီး အတက်ဈေးနဲ့ ဈေးငြိမ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၄၀,၀၀၀ ကနေ ၂၄၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာ တစ်တင်းကို ၈၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၆,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ကြက်သွန်နီ
--------

ပြီးခဲ့တဲ့အပတ်က အဝင်တွေများပြီးဈေးကျဆင်းခဲ့တဲ့ကြက်သွန်နီက ဒီတစ်ပတ်မှာတော့ အဝင်အနည်းငယ်နည်းသွားလို့ ဈေးအနည်းငယ်ပြန်တက်လာပါတယ်။ ပြည်ပတင်ပို့မှုတွေရှိပေမယ့် နယ်စုံအဝင်တွေကြောင့် ဈေးကအကျဈေးနဲ့ ရှိနေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ကြက်သွန်နီက တစ်ပိဿာကို ၁,၀၅၀ ကနေ ၁,၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးပြန်မြင့်တက်လာပါတယ်။ ပခုက္ကူဈေးကွက်မှာလည်း တစ်ပိဿာကို ၆၀၀ ကနေ ၁,၁၂၅ ကျပ် ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၅ ကျပ်ဈေးတက်လာပါတယ်။

အာလူး
-----

ဈေးကွက်ထဲ ဗမာအာလူးတွေအဝင်နည်းလို့ဈေးတက်လာပြီး တရုတ်အာလူးအဝင်များလို့ ဈေးက ကျဆင်းသွားပါတယ်။ ဈေးကွက်ထဲ ဗမာအာလူးအစားတရုတ်အာလူးတွေကို အဝယ်ပိုများနေတယ်လို့ ကုန်စုံရောင်းသူတွေကဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာ အာလူး(ဆင်ဖြူကျွန်း)က တစ်ပိဿာကို ၁,၄၀၀ ကနေ ၁,၉၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ကျပ် ဈေးတက်လာပါတယ်။ တရုတ်သီးကတော့ တစ်ပိဿာကို ၂,၀၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ကျပ်ဈေးကျဆင်းပါတယ်။

ထန်းလျက်
-------

ထန်းလျက်ဈေးကလည်း ကျဆင်းသွားပါတယ်။ ဈေးကွက်ထဲအဝင်ပုံမှန်ရှိနေပေမယ့် ဝယ်လိုအား နည်းနေလို့ ဈေးကကျဆင်းသွားတာလို့သိရပါတယ်။ ထန်းလျက်ခဲကဈေးကျဆင်းပေမယ့် ကြံသကာကတော့ အတက်ဈေးနဲ့ ဈေးငြိမ်ပါတယ်။ ထန်းလျက်တစ်ပိဿာကို ၂,၅၀၀ ကနေ ၃,၆၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀လောက် ဈေးကျဆင်းသွားပြီး ကြံသကာကတော့ တစ်ပိဿာကို ၂,၇၀၀ နဲ့ ဈေးငြိမ်ပါတယ်။

Sources : AMIA (Farmer Digital TV)