menu

"တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်" ( ၁၃ . ၃ . ၂၀၂၃ မှ ၁၇ . ၃ . ၂၀၂၃ )


🌿🫘🌿🧄🌿🌶️🌿🧄🌿🫘🌿

🌿မတ်ပဲ🌿

မတ်ပဲကတော့ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ ပြည်တွင်းလက်ကြီးသမားတွေရဲ့ ဈေးဆွဲတင်မှုတွေကြောင့် ဈေးကတက်နေတာ ဖြစ်တယ်လို့သိရပါတယ်။ ကြိုပွိုင့်ရောင်းထားတဲ့ ပဲတွေကို အပ်ရတော့မှာဖြစ်ပြီး တစ်တင်းကို ၅၀,၀၀၀ ကနေ ၅၅,၀၀၀ ကြားပေးပြီး ဝယ်ယူထားကြတယ်လို့ နယ်အချို့က ပဲကုန်သည်တွေကဆိုပါတယ်။ သတ်မှတ်ထားတဲ့အချိန် ပဲမအပ်ရင်တော့ လက်ရှိပေါက်ဈေးနှုန်းနဲ့ လျော်ရမှာဖြစ်လို့ ဈေးဆွဲတင်နေတာဖြစ်ပြီး ပဲအပ်ကာလ ကျော်လွန်သွားရင်တော့ ဈေးတွေပြန်ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ မတ်ပဲလိုအပ်ချက်ရှိနေလို့ CNFဈေးနှုန်းတွေပါမြင့်တက်နေတာဖြစ်ပြီး မတ်ပဲက ဈေးဆက်မာဦးမယ်လို့သုံးသပ်မှုတွေရှိနေပေမယ့် လက်ရှိပေါက်ဈေးနှုန်းထက်မြင့်သွားရင်တော့ အဝယ်လျော့နိုင်ပြီး ဈေးချဝယ်ယူတာတွေရှိလာနိုင်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(FAQ/RC) တစ်တန်ကို ၁,၉၈၅,၀၀၀ ပေါက်ဈေးရှိပီး တစ်တန်ကို ၅၀,၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ မန္တလေးဈေးကွက်မှာလည်း တစ်အိတ်ကို ၁၈၇,၀၀၀ ကနေ ၁၉၁,၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၄,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်၊ အောင်လံဈေးကွက်၊ မော်လမြိုင်ဈေးကွက်၊ ပြည်ဈေးကွက်တို့မှာ မတ်ပဲက တစ်တင်းကို ၆၃,၀၀၀ ကနေ ၆၄,၅၀၀ ကြား ပေါက်ဈေးရှိပြီး ၁,၅၀၀ကျပ် ဈေးတက်လာပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ကာလတူ အခြေအနေမှာတော့ မတ်ပဲက တစ်တန်ကို ၁၄ သိန်းကျော်သာ ပေါက်ဈေးရှိနေပါတယ်။

🫘ပဲကြီး🫘

ပဲကြီးဈေးကတော့ ရန်ကုန်ဈေးကွက်မှာ အဝင်ပေါ်မူတည်ပြီး ဈေးအပြောင်းအလဲရှိပြီး နယ်ဈေးကွက်မှာ တော့ အနည်းငယ်ဈေးတက်လာပါတယ်။ အဝယ်ကတော့ ပုံမှန်ရှိနေတာဖြစ်လို့ ဈေးကတော့ အတက်အကျ အပြောင်းအလဲရှိပေမယ့် အမြင့်ဈေးနဲ့ဈေးကောင်းရနေပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲကြီး(ရွှေကျွန်း)ကတော့ တစ်ပိဿာကို ၄,၅၁၀ ကနေ ၄,၆၀၅ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ပဲကြီး(ကုန်း)ကတော့ တစ်ပိဿာကို ၄,၁၂၀ ကနေ ၄,၁၄၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၅ကျပ် ဈေးကျဆင်းပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲကြီး(ကြီး၊လတ်၊သေး)က တစ်အိတ်ကို ၂၂၀,၀၀၀ ကနေ ၂၄၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာတော့ ပဲကြီးက တစ်တင်းကို ၇၇,၅၀၀ ကနေ ၈၁,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂,၅၀၀ ကျပ် ဈေးတက်လာပါတယ်။

🌿ထောပတ်ပဲ🌿

ထောပတ်ပဲကတော့ ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ နယ်အချို့မှာလည်းအဝယ်များပြီး ပစ္စည်းလက်ကျန်လည်းမရှိတော့တဲ့အထိ အရောင်းအဝယ်ကောင်းနေတယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ထောပတ်ပဲက တစ်ပိဿာကို ၃,၈၂၅ကျပ် ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၆၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၃၅,၀၀၀ ကနေ ၂၄၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာ တစ်တင်းကို ၈၂,၅၀၀ ကနေ ၈၃,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။

🧄ကြက်သွန်ဖြူ🧄

ကြက်သွန်ဖြူ(ရှမ်း)ဈေးကတော့ ဈေးဆက်တိုက်ကျဆင်းနေပါတယ်။ ကြက်သွန်ဖြူဗမာအသစ်တွေ ဈေးကွက်ထဲဝင်နေသလို ရှမ်းအသစ်တွေလည်း ဈေးကွက်ထဲအဝင်များနေလို့ ဈေးကကျဆင်းနေတာ ဖြစ်ပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်ဖြူ(ရှမ်း)က တစ်ပိဿာကို ၃,၄၀၀ ကနေ ၃,၇၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၃,၉၀၀ ကနေ ၄,၁၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ကြူကုတ်ကတော့ ဈေးကွက်ထဲအဝင်နည်းပြီး ဈေးကောင်းရရှိကာ ဈေးမြင့်တက်နေပါတယ်။ တစ်ပိဿာကို ၃,၉၀၀ ကနေ ၄,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၅၀ ကျပ်ဈေးတက်လာပါတယ်။

🌶️ငရုတ်🌶️

ငရုတ်ဈေးတွေကတော့ ဈေးကွက်ထဲအဝင်များလို့ ဈေးကျဆင်းသွားပါတယ်။ ပြည်ပတင်ပို့မှုရှိပေမယ့် မူဝါဒတွေအခြေအနေတွေကြောင့် လျော့နည်းသွားတယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဆင်ဖြူကျွန်းက တစ်ပိဿာကို ၁၂,၀၀၀ ကနေ ၁၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂,၀၀၀ ကျပ်၊ ငရုတ်(မြစ်ဝ)ကတော့ တစ်ပိဿာကို ၁၃,၀၀၀ ကနေ ၁၄,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

Sources : AMIA (Farmer Digital TV)