menu

တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက် (၉.၈.၂၀၂၁ မှ ၁၃.၈.၂၀၂၁) ထိ


🌾🌿🧄🌿🌾🧄🌾🌿🧄🌿🌾

ဆန်၊စပါး
--------
 ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာတော့ ဆန်ဈေးတွေ မြင့်တက်လာပါတယ်။ ကြိတ်ခွဲလုပ်ငန်းတွေ ရပ်နားထားရတဲ့အတွက်ကြောင့် ဆန်မဝင်တော့ပဲ မြင့်တက်နေခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ပြည်တွင်း ဆန်ဈေးနှုန်းတွေ ငြိမ်နေတာ ၂လ နီးပါးရှိနေပြီး ကိုဗစ်ကြောင့် အနယ်နယ်အရပ်ရပ် မှ ကုန်စည်ဒိုင်များ ပိတ်ထားခဲ့ရတဲ့အချိန်မှ စတင်ကာ ဈေးတွေ တက်လာခဲ့တာလည်းဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဆန်ချောများဖြစ်တဲ့ ဖျာပုံပေါ်ဆန်းမွှေးက တစ်အိတ်ကို ၄၀,၀၀၀ ကနေ ၄၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃,၀၀၀ ကျပ်၊ဒေးဒရဲပေါ်ဆန်းမွှေးက တစ်အိတ်ကို ၃၉,၀၀၀ ကနေ ၄၀,၀၀၀ ပေါက်ဈေးရှိ ပြီး ၁,၀၀၀ ကျပ်၊မြောင်းမြပေါ်ဆန်းမွှေးက တစ်အိတ်ကို ၄၂,၅၀၀ ကနေ ၄၅,၀၀၀ ပေါက်ဈေးရှိပြီး ၅,၀၀၀ ကျပ်၊ရွှေဘိုပေါ်ဆန်းမွှေးကတော့ တစ်အိတ်ကို ၄၇,၀၀၀ ကနေ ၅၁,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်အသီးသီးဈေးတက်လာပါတယ်။

 ဆန်ကြမ်းဖြစ်တဲ့ မြီးဒုံးကတော့ တစ်အိတ်ကို ၃၄,၀၀၀ ကနေ ၃၅,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ ကျပ်၊ရက် ၉၀ ဆန်က တစ်အိတ်ကို ၂၆,၀၀၀ ကနေ ၂၇,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်၊ ဆန် သီးထပ်ရှယ်က တစ်အိတ်ကို ၂၃,၀၀၀ ကနေ ၂၅,၀၀၀ ပေါက်ဈေးရှိပြီး ၁,၅၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။ ငစိန်ဆန်ကတော့ တစ်အိတ်ကို ၂၁,၅၀၀ ကနေ ၂၂,၅၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ လက်ရှိမှာ တော့ နယ်ဈေးကွက် ကုန်စည်ဒိုင်တွေ ပိတ်ထားရတဲ့အတွက် ဈေးက မဖွင့်သေးသလို စပါးလက်ကျန် လည်းမရှိတဲ့အတွက် ငြိမ်နေပါတယ်။ ဆန်ဈေးတွေကတော့ ထပ်ပြီးတက်နိုင်ခြေရှိသေးတယ်လို့ ကုန်သည်များက သုံးသပ်ထားပြီး ဓာတ်မြေသြဇာဈေးမြင့်တက်လာမှုကြောင့် စိုက်စရိတ်တွေလည်း မြင့်လာမယ်လို့ တောင်သူတွေက ဆိုပါတယ်။

မတ်ပဲ
-----
 မတ်ပဲကတော့ လက်ရှိမှာ တစ်တန်ကို ၁၃ သိန်းကျော် အထိ မြင့်တက်လာပါတယ်။ ပြည်တွင်း လက်ကျန်လျော့နည်း လာတဲ့အပြင် ငွေလဲလှယ်နှုန်းဈေးတွေလည်း မြင့်တက်လာတဲ့အတွက်ကြောင့် ဈေးတွေ မြင့်တက်နေတာဖြစ်ပါတယ်။ ထို့ပြင် အိန္ဒိယနိုင်ငံမှာလည်း သိုလှောင်ခွင့်နဲ့ပတ်သတ်ပြီး ပြင်ဆင်ထုတ်ပြန်မှုကြောင့် အဝယ်လိုက်လာပြီး ဈေးတွေမြင့်တက်ခဲ့တာဖြစ်ပါတယ်။ ဈေးတွေမြင့် တက်နေပေမယ့်လည်း ပဲတွေကတော့ တောင်သူလက်ထဲမှာမရှိပါဘူး။ မတ်ပဲကတော့ လက်ရှိမှာ တစ်တင်းကို ၄သောင်းကျော်အထိ ပေါက်ဈေးရှိနေပေမယ့် ထပ်ပြီး တက်လာနိုင်သေးတယ်လို့ကုန်သည်တွေက ခန့်မှန်းထားပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို ၁,၃၂၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၆ သောင်းကျော်ဈေးတက်လာပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၃,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၅၀၀ကျပ် ဈေးတက် လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၄၀,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ကျပ် ဈေးတက် လာပါတယ်။ မတ်ပဲက ပြီးခဲ့တဲ့ ၆ လအတွင်း တစ်တန်ကို ငွေကျပ် ၃ သိန်း ၅ သောင်းအထိ ဈေးတက် လာခဲ့ပါတယ်။

ပဲစင်းငုံနီ
-------
 ပဲစင်းငုံနီကလည်း တစ်တန်ကို ၁၂ သိန်းအထိ ဈေးတက်လာခဲ့ပါတယ်။ အိန္ဒိယဝယ်ယူမှုရှိနေပြီး ပြည်တွင်းလက်ကျန်မရှိတဲ့အတွက် ဈေးတွေက တက်နေခဲ့တာဖြစ်ပါတယ်။ပဲစင်းငုံနီကတော့ ပဲမရှိတဲ့အတွက် ဈေးကတော့ လတ်တလော အတက်ဈေးနဲ့ပဲ ဈေးမာနိုင်ဦးမှာဖြစ်တယ်လို့ ကုန်သည်အများစုက သုံးသပ်ထားပါတယ်။ နယ်ဈေးအများစု အရောင်း အဝယ်မရှိတဲ့အတွက် မတ်ပဲလောက် ဈေးအတက်အကျ အများကြီးမရှိတာကိုလည်း တွေ့ရပါတယ်။ ရန်ကုန်ဈေးကွက် မှာပဲစင်းငုံနီက တစ်တန်ကို ၁၂ သိန်းပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ နှိုင်းယှဉ်ပါက ၂ သောင်းကျပ် လောက်ဈေးတက်လာပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၈,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၈၀၀လောက် ဈေးတက်ပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၈,၀၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ် ဈေးတက်လာပါတယ်။

ပဲတီစိမ်း
-------
 ပဲတီစိမ်းကတော့ ပြီးခဲ့တဲ့အပတ်က ရန်ကုန်ဈေးကွက်မှာ စတက်လာပြီး ဒီတစ်ပတ်မှာတော့ ရန်ကုန် အပြင် နယ်ဈေးကွက်တွေမှာပါ ဈေးတက်လာပါတယ်။ တရုတ်ဘက်က ဝယ်ယူမှုတွေရှိတဲ့အပြင် အိန္ဒိ တင်ပို့မှုလည်းရှိတဲ့အတွက် ဈေးတွေတက်လာတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၂,၁၆၅ ကနေ ၂,၂၅၀ ပေါက်ဈေးရှိပြီး ၈၀ ကျပ်၊ပဲတီစိမ်း(ဝါးခယ်မ)က တစ်ပိဿာကို ၂,၀၈၀ကနေ ၂,၁၇၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ် ပဲတီစိမ်း(ပဲခူးရွှေဝါ)ကတော့ တစ်ပိဿာကို ၁,၉၅၀ ကနေ ၂,၀၀၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၁,၅၀၀ ကနေ ၃၂,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၂,၅၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ လောက်ဈေးတက်လာပါတယ်။

ကုလားပဲ
--------
 ကုလားပဲကတော့ လက်ရှိမှာ ဈေးအမြင့်ဆုံးရရှိနေတဲ့ပဲလည်းဖြစ်ပါတယ်။ ပြည်ပမှ တင်သွင်းမှုမရှိတဲ့ အတွက် ပြည်တွင်း ကုလားပဲတွေကိုသာ အသုံးချနေရတဲ့အတွက် ပြည်တွင်းကုလားပဲ ဈေးတွေက မြင့်တက်နေတာဖြစ်ပါတယ်။ ပြည်တွင်းလက်ကျန်ကလည်း ကုန်သည်များအကြားမှာသာရှိပြီး အသစ်ကလည်း လာမယ့် ၂၀၂၂ မှာသာ ထွက်မှာဖြစ်တဲ့အတွက် ဈေးတွေကဆက်ပြီးတက်နိုင်ဦးမယ်လို့ သုံးသပ်ထားပါတယ်။ ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၁,၉၅၀ ကနေ ၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀ လောက်တက်လာပါတယ်။ 

ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၂,၁၆၅ ကနေ ၂,၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။ကုလားပဲခြမ်းကတော့ လက်ရှိမှာ ပဲခွဲစက်တွေလည်း ပိတ်ထားရတဲ့အတွက်ဈေးတွေက တစ်ပိဿာကို ၂,၆၅၀ ကနေ ၂,၇၀၀ ပါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ နီးပါးဈေးတက်လာပါတယ်။ ဆင်ဖြူကျွန်းမှာတော့ ကုလားပဲ(HL) နဲ့ (ထိုင်ဝမ်) တစ်တင်းကို ၃၅,၀၀၀ ကျပ်ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၅,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပေါင်းတည်မှာတော့ ကုလားပဲ(HL) က တစ်တင်းကို ၃၈,၀၀၀၊ ကုလားပဲ 929 က ၃၉,၀၀၀၊ ကုလားပဲ V2 က ၄၀,၀၀၀ ကျပ် နဲ့ ဈေးစဖွင့်ခဲ့ပြီး တစ်တင်းကို အနည်းဆုံး ၃,၀၀၀ မှ ၅,၀၀၀ အထိ ဈေးတက်လာခဲ့ပါတယ်။ ပြည်ဈေးကွက်မှာတော့ ကုလားပဲ (Hl) ကတော့ တစ်တင်းကို ၃၉,၅၀၀ ကနေ ၄၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၅၀၀ ကျပ် ဈေးတက် လာပါတယ်။ ကုလားပဲ(မြကြေးမုံ)ကတော့ တစ်တင်းကို ၄၁,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၀၀၀ လောက်ဈေးတက်လာပါတယ်။

ကြက်သွန်ဖြူ
-----------
 ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ဈေးကွက်ထဲ အဝင်မရှိသလောက်ဖြစ်နေပြီးဈေးကလည်း အမြင့်ဆုံး ဈေးရရှိနေပါတယ်။ စားသုံးမှုကလည်းပိုလာတဲ့အတွက်ဈေးတွေတက်နေတာဖြစ်ပါတယ်။ ရန်ကုန် ဈေးကွက်မှာ ကြူကုတ်က တစ်ပိဿာကို ၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ၁၀ ရက်အတွင်း တစ်ပိဿာကို ငွေကျပ် ၆,၀၀၀ နီးပါးဈေးတက်လာခဲ့တာပါ။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၅,၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁,၀၀၀ နီးပါး ဈေးတက်လာခဲ့ပါတယ်။ 

ရှမ်းကြက်သွန်ကတော့ လက်ရှိ အဝင်တွေများလာပြီဖြစ်တဲ့အတွက်ဈေးက အနည်းငယ်ကျဆင်းသွားပါတယ်။ ဝယ်လိုအားရှိနေသေးတဲ့အတွက် အများကြီးဈေးကျဆင်းမှုမျိုးတော့ မရှိပါဘူး။ ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၁,၇၀၀ ကနေ ၃,၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၂,၆၀၀ မှ ၂,၈၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်ဈေးတက်လာပါတယ်။

Sources : AMIA (Farmer Digital TV)