menu

တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက် (၁၆.၈.၂၀၂၁ မှ ၂၀.၈.၂၀၂၁) ထိ


🍀☘️🍀☘️🍀☘️🍀☘️🍀☘️🍀

မတ်ပဲ
-----
မတ်ပဲကတော့ တစ်ပတ်အတွင်း ဈေးအပြောင်းအလဲတွေရှိခဲ့ပေမယ့် ပြည်တွင်းငွေလဲလှယ်ဈေးနှုန်းကြောင့် ဈေးကအများကြီးကျဆင်းသွားတာမျိုးမရှိပါဘူး။အိန္ဒိယနိုင်ငံမှာလည်း မတ်ပဲဈေးကတက်နေတဲ့အတွက် လက်ရှိအချိန်ထိ ဈေးကောင်းရနေပါတယ်။ ကုန်စည်ဒိုင်အများစုက မဖွင့်သေးတဲ့အတွက်ကြောင့် ဖုန်းနဲ့သာ ဈေးဖွင့်ရောင်းချလုပ်ဆောင်နေရပြီး ကုန်သည်အချင်းချင်းသာ အရောင်းအဝယ်ရှိနေတယ်လို့သိရပါတယ်။ မတ်ပဲကတော့ လက်ရှိမှာ တစ်တန်ကို ၁,၃၂၀,၀၀၀ ကျော်ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးက ထောင်ဂဏန်းသာ ကျဆင်းသွားခဲ့ပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၃,၅၀၀ ကနေ ၄၄,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၄၂,၅၀၀ ပေါက်ဈေးရှိပြီး ၂,၅၀၀ ကျပ်ဈေးတက်လာပါတယ်။ 

ပဲစင်းငုံနီ
-------
ပဲစင်းငုံနီကတော့ ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၁၃ သိန်း အထိ ဈေးနှုန်းတွေမြင့်တက်လာ ခဲ့ပါတယ်။ ပဲမရှိတော့ပဲ ပြည်တွင်းငွေလဲလှယ်နှုန်းဈေးတွေ တက်နေခဲ့တာကလည်း ပဲဈေးတွေကို မြင့်တက်နေတာ ဖြစ်ပါတယ်။ ၁၃ သိန်းထိ မြင့်တက်နေခဲ့ပေမယ့် ရက်ပိုင်းအတွင်း ဈေးက ပြန်လည်ကျဆင်း သွားခဲ့ပါတယ်။ ပြည်တွင်းကုန်သည်တွေအနေနဲ့ ဈေးတွေကိုပြန်ထိန်းတဲ့အနေအထားရှိပြီး အရင်ပဲအဟောင်း တွေကို အတက်ဈေးနဲ့ ပြန်လည်ထုတ်ရောင်းမှုတွေကြောင့်ဈေးကကျဆင်းသွားတယ်လို့လည်းကုန်သည် အများစုကဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၃သိန်းကျော်ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၁ သိန်းနီးပါးဈေးတက်လာခဲ့ပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၀,၀၀၀ ကနေ ၄၀,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂,၀၀၀ လောက်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၀,၀၀၀ ကျပ်ရှိပြီး ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ပဲကြီး
----
ပဲကြီးကလည်း လက်ရှိမှာ အမြင့်ဆုံးဈေးကို ရောက်ရှိနေပါတယ်။ လက်ကျန်လည်းမရှိတဲ့အပြင် တရုတ်က ဝယ်ယူမှုရှိလာတဲ့အတွက်ဈေးကတက်လာတာလို့သိရပါတယ်။ ပြည်တွင်းငွေလဲလှယ်နှုန်းတွေ မြင့်တက် လာတဲ့အတွက် ပြည်ပပို့ကုန်အများစု ပဲတွေကတော့ ဈေးတွေတက်လာခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲကြီး(ရွှေကျွန်း)က တစ်ပိဿာကို ၃,၁၈၅ ကနေ ၃,၃၆၅ ကျပ် ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၇၀၀ ကျော်ဈေးတက်လာပါတယ်။ ပဲကြီး(ကုန်း)ကတော့ ၂,၇၈၀ မှ ၂,၈၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျော်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာတော့ ပဲကြီး က တစ်တင်းကို ၄၉,၀၀၀ ကနေ ၆၀,၀၀၀ အထိ ပေါက်ဈေးရှိပြီး တစ်တင်းကို ၇,၀၀၀ လောက်ဈေးတက်လာပါတယ်။ ဆင်ဖြူကျွန်းမှာတော့ တစ်တင်းကို ၅၂,၀၀၀ ကနေ ၅၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၆,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

စားတော်ပဲ
---------
စားတော်ပဲကလည်း လက်ရှိအမြင့်ဆုံးဈေးကို ရောက်ရှိနေပါတယ်။ ယခင် ပြည်ပကနေတင်သွင်းတဲ့ ပဲတွေ ဈေးကွက်ထဲကို မဝင်တော့တဲ့အတွက်ကြောင့် ပြည်တွင်းပဲတွေဈေးမြင့်တက်နေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ စားတော်ပဲက တစ်ပိဿာကို ၃,၂၅၀ မှ ၃,၃၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်ဈေးတက်လာပါတယ်။ ဆင်ဖြူကျွန်းမှာတော့ တစ်တင်းကို ၆၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၆,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ဈေးကွက်မှာလည်း တစ်တင်းကို ၆၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀,၀၀၀ လောက်ဈေးတက်လာပါတယ်။

Sources : AMIA (Farmer Digital TV)