menu

တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်

တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက် (၁၅.၆.၂၀၂၀ မှ ၁၉.၆.၂၀၂၀ )ထိ

ဆန်၊စပါး  

ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာတော့ ဆန်ကြမ်းဈေးတွေ ငြိမ်နေပြီး ဆန်ချော ဈေးတွေ အနည်းငယ် တက်လာပါတယ်။ပုသိမ်ဈေးကွက်မှာတော့ ဆန်ချော ဈေးတွေ ငြိမ်ပြီး ဆန်ကြမ်းဈေးတွေတက်လာပါတယ်။ ဈေးကွက်ထဲ စပါး မရှိတော့တဲ့အပြင် အဝယ်တွေ များလာတဲ့အတွက်ဈေးက တက်နေတာ ဖြစ်တယ်လို့သိရပါတယ်။  

ရန်ကုန်ဈေးကွက်မှာ ပေါ်ဆန်းရှယ်က တစ်အိတ်ကို ၃၆၀၀၀ ကနေ ၃၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။မြောင်းမြပေါ်ဆန်းရှယ်က တစ်အိတ်ကို ၄၀၀၀၀ ကနေ ၄၁၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။  

ပုသိမ်ဈေးကွက်မှတော့ ဆန်ဈေး စပါးဈေးတွေက ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးတက်နေခဲ့တာဖြစ်ပြီး ဒီတစ်ပတ်မှာလည်း ဈေးက တက်နေခဲ့ပါတယ်။  

ပုသိမ်ဧည့်ထမ စပါးက တင်း ၁၀၀ ကို၅၈၉၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၉၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၂၅၀၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ဒေးဒရဲဧည့်မထ စပါးကလည်း တင်း ၁၀၀ ကို ၅၇၀၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၈၀၀၀ ကျပ် ဈေးတက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၂၅၀၀၀ နဲ့ ဈေးငြိမ်နေပါတယ်။  

ဖျာပုံဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၆၁၆၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၈၀၀၀ ကျပ်ဈေးတက်လာ ပါတယ်။ ဆန်ကတေ့ာ တစ်အိတ်ကို ၂၇၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။  

မတ်ပဲ  

မတ်ပဲကို ကုန်သည်အများစုက လာမယ့် ၉ လပိုင်း လောက်မှသာ တက်နိုင်မယ်လို့ ခန့်မှန်းမှုတွေ ရှိပေမယ့် ဒီတစ်ပတ်မှာ မထင်မှတ်အောင် ဈေးက တက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်အထိ ဈေးအတက်အကျ သိပ်မရှိပဲ ဈေးငြိမ်နေခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာ ဝယ်လိုအား များတဲ့ အတွက် ဈေးက တက်လာခဲ့တာဖြစ်ပါတယ်။  

မတ်ပဲ က လက်ရှိတောင်သူတွေ လက်ထဲမှာတော့ မရှိတော့ပဲ ကုန်သည်တွေလက်ထဲမှာပဲ ရှိတဲ့အတွက် ဈေး အတက်ကိုသာ စောင့်နေတယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၀ သိန်းကျော် အထိ ဈေးတက်သွားပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင်တော့ တစ်တန်ကို ၃ သောင်းကျော်ဈေးတက်လာပါတယ်။  

မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၉၃၀၀၀ ကနေ ၉၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ မတ်ပဲက တစ်တင်းကို ၃၀၅၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၀၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။  

ပဲစင်းငုံနီ  

ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာလည်း ဈေးက ငြိမ်နေခဲ့ပါတယ်။ အနည်းငယ်သာ အပြောင်းအလဲ ဖြစ်ပါတယ်။ အဝယ်ပုံမှန်ရှိနေပြီး ဈေးကို ထိန်းထားတဲ့ အနေအထားရှိနေပါတယ်။ ဝယ်လက်ကြီးက အနည်းငယ်သာရှိတဲ့အတွက် အိန္ဒိယမှာ ထူးခြားတဲ့ ပြောင်းလဲမှုမျိုးမရှိရင် မတ်ပဲလောက် အတက်အကျ မကြမ်းတာကိုလည်း တွေ့ရပါတယ်။ 

ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၇၇၆၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် အနည်းငယ်သာ ကွာဟမှုရှိပါတယ်။ 

မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၇၂၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၄၁၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀ လောက်သာ ဈေးကျဆင်းသွား ပါတယ်။ 

ပဲတီစိမ်း 

ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ တရုတ်ဘက်က အဝယ်များလာတဲ့အတွက် ဈေးက တက်လာတာ ဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း (ခရမ်းရွှေဝါ)က တစ်ပိဿာကို ၂၀၈၅ ကနေ ၂၁၃၅ ပေါက်ဈေးရှိပြီး ၅၀ ကျပ်ဈေး တက်လာပါတယ်။ 

ပဲခူးရွှေဝါကတော့ တစ်ပိဿာကို ၁၉၅၀ ကနေ ၂၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ် ၊ဝါးခယ်မကတော့ တစ်ပိဿာကို ၁၇၅၀ ကနေ ၁၈၃၅ ကျပ်ပေါ်ကဈေးရှိပြီး တစ်ပိဿာကို ၃၅ ကျပ် အသီးသီးဈေးတက်လာပါတယ်။ 

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်းကြီး (၁၊၂၊၃) တို့က သုံးတင်းဝင် တစ်အိတ်ကို ၁၀၂၀၀၀ ကနေ ၁၀၇၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ ပဲတီစိမ်းကြီးက တစ်တင်းကို ၃၁၀၀၀ ကနေ ၃၄၅၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ပြည်ဈေးကွက်မှာလည်း တစ်တင်းကို ၃၅၀၀၀ နဲ့ ဈေးငြိမ်ပါတယ်။ 

ကုလားပဲ 

ကုလားပဲကတော့ နှစ်ပတ်ဆက်တိုက်ကို ဈေးတက်လာခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးက အနည်းငယ်ပြန် ကျဆင်းသွားပါတယ်။ အဓိက ဝယ်ယူမှု လျော့တဲ့အတွက်ဈေးက ကျဆင်းသွားတာဖြစ်ပေမယ့် ကုန်သည်တွေကတော့ ပုံမှန်အနေအထားနဲ့ ဈေးငြိမ်မှု ရှိတယ်လို့ ဆိုပါတယ်။ 

ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၁၂၃၀ကနေ ၁၂၈၅ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၁၃၀၀ ကနေ ၁၃၃၅ ပေါက်ဈေးရှိပြီး ၁၅ည ကျပ် ဈေးကျဆင်းသွားပါတယ်။ 

မန္တလေးဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က သုံးတင်းဝင် တစ်အိတ်ကို ၆၇၀၀၀ ကနေ ၆၈၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ၊V2က တစ်အိတ်ကို ၇၂၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ်၊V7ကတော့ တစ်အိတ်ကို ၇၀၀၀၀ ကနေ ၇၁၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။ 

မုံရွာဈေးကွက်မှာတော့ ကုလားပဲ ထိုင်ဝမ်က တစ်တင်းကို ၂၃၃၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်၊၉၂၉ ကတော့ တစ်တင်းကို ၂၄၃၀၀ ကျပ်ရှိပြီး ၂၀၀ ကျပ်၊ကုလားပဲလုံးဖြူကြီးကတော့ တစ်တင်းကို ၂၄၅၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ် ဈေးကျဆင်းသွားခဲ့ပါတယ်။ 

နှမ်းနက်(စမုံ) 

နှမ်းနက်(စမုံ)ကတော့ ပြီးခဲ့တဲ့ အပတ်ကအထိ ဈေးကျဆင်းသွားပေမယ့် ဒီတစ်ပတ်မှာတော့ တရုတ်အဝယ်များ လို့ ဈေးက အနည်းငယ်ပြန်တက်လာခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာ တော့ သုံးတင်းဝင် တစ်အိတ်ကို ၁၆၀၀၀၀ ကနေ ၁၉၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၂၀၀၀ ကျပ်လောက်ဈေးတက်လာပါတယ်။ 

ဆင်ဖြူကျွန်းမှာတော့ တစ်တင်းကို ၆၀၀၀၀ ပေါက်ဈေးရှိပြီး ၇၀၀၀ ကျပ်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်အိတ်ကို ၁၆၀၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။ 

နှမ်းဖြူ 

နှမ်းဖြူကတော့ ဒီတစ်ပတ်မှာ ဈေးက ကျဆင်းသွားခဲ့ပါတယ်။ အဝယ်ကျတဲ့အတွက်ကြောင့် ဈေးကျဆင်းတာလို့သိရပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၁၆၀၀၀ ကနေ ၁၁၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၇၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ 

ဆင်ဖြူကျွန်းမှာတော့ တစ်တင်းကို ၄၀၀၀၀ နဲ့ ဈေးငြိမ်နေပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၆၇၅၀ ပေါက်ဈေးရှိပြီး ၇၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။