menu

တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်

တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက် (၂၉.၆.၂၀၂၀ မှ ၃.၇.၂၀၂၀ )ထိ

ဆန်၊စပါး

ဒီတစ်ပတ်မှာတော့ ဆန်စပါးဈေးက ထူးထူးခြားခြားပြောင်းလဲတာမျိုးမရှိပဲ ဈေးငြိမ်နေတယ်လို့ ပြောလို့ရပါ တယ်။နယ်ဈေးကွက်မှာတော့ အဟောင်းလက်ကျန် မရှိတော့ပဲ စပါးဈေးက အနည်းငယ်မြင့်နေခဲ့ပါတယ်။ ဧရာဝတီတိုင်းမှာ မြောင်းမြပေါ်ဆန်း နဲ့ ဧည့်မထ တို့ပဲ အဝယ်လိုက်ဈေးတက်နေပြီး အခြား မြို့နယ်က ဆန်တွေကတော့ ဈေးက ငြိမ်ပါတယ်။  

မြောင်းမြပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၇၉၇၀၀၀ ပေါက်ဈေးရှိပြီး ၁၁၀၀၀ ကျပ်ဈေးတက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၃၉၀၀၀ နဲ့ ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။မြောင်းမြဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၆၈၀၀၀၀ ပေါက်ဈေးရှိပြီး ၈၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၂၆၅၀၀ ရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။

မတ်ပဲ

မတ်ပဲကတော့ ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင်တော့ဈေးက အနည်းငယ်ပြန်ကျဆင်းသွားပါတယ်။ အတက်ဈေးနဲ့ အများအပြား ရောင်းကြတဲ့အတွက် ဈေးက ပြန်ကျဆင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ မတ်ပဲက အရမ်းလည်း မတက် အရမ်းလည်း မကျပဲ ပုံမှန်အတိုင်းပဲ သွားနေနိုင်တယ်လို့ ကုန်သည်အချို့ကတော့ သုံးသပ်ထားပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၀၀၅၀၀၀ ကျော်ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၁၅၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ သုံးတင်း ဝင် တစ်အိတ်ကို ၉၁၀၀၀ ကနေ ၉၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။  

မုံရွာဈေးကွက်မှာတော့ မတ်ပဲက တစ်တင်းကို ၃၀၀၀၀ မှ ၃၁၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းသွား ပါတယ်။ အောင်လံဈေးကွက်မှာတော့ ၂၉၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။  

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ရန်ကုန်ဈေးကွက်မှာ ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် ပါးပါးလေး ဈေးတက်လာပါတယ်။ မတ်ပဲလောက် ထူးခြားတဲ့ ပြောင်းလဲမှုမျိုးတော့ မရှိပါဘူး။ ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၈၂၅၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀၀ လောက်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၇၆၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၅၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀ လောက် ဈေးတက်လာ ပါတယ်။  

ပဲတီစိမ်း  

ပဲတီစိမ်းကလည်း ဒီတစ်ပတ်မှာ ဈေးက အနည်းငယ်ကျဆင်းသွားပါတယ်။ဈေးကွက်ထဲ ရောင်းဝယ်မှု များနေတဲ့အတွက်ဈေးက ကျဆင်းသွားတာဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း (ပဲခူးရွှေဝါ၊ခရမ်းရွှေဝါ၊ပခုက္ကူ)တို့က တစ်ပိဿာကို ၁၈၀၀ ကနေ ၂၀၅၀ ပေါက်ဈေးရှိပြီးတစ်ပိဿာကို ၂၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးမှာတော့ ပဲတီစိမ်း (ကြီး) က သုံးတင်းဝင် တစ်အိတ်ကို ၉၄၀၀၀ ကနေ ၁၀၄၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၁၀၀၀ ကနေ ၃၂၅၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ကုလားပဲ  

ကုလားပဲက ဒီတစ်ပတ်မှာတော့ ဈေးက ကျဆင်းသွားပါတယ်။အရောင်းအဝယ်က ပြန်ငြိမ်သွားပြီး ပြည်ပ ရောင်းဝယ်မှုကလည်း ငြိမ်သွားတဲ့အတွက်ဈေးက ကျဆင်းသွားပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၁၂၃၀ ကနေ ၁၂၈၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၁၃၀၀ ကနေ ၁၃၂၀ ပေါက်ဈေးရှိပြီး ၂၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က သုံးတင်းဝင် တစ်အိတ်ကို ၆၉၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ၊V2က တစ်အိတ်ကို ၇၃၀၀၀ ကနေ ၇၃၅၀၀ ပေါက်ဈေးရှိပြီး ၂၅၀၀ ကျပ်၊V7ကတော့ တစ်အိတ်ကို ၇၁၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် အသီးသီး ဈေးကျဆင်းသွားပါတယ်။  

မုံရွာဈေးကွက်မှာတော့ ကုလားပဲ ထိုင်ဝမ်က တစ်တင်းကို ၂၃၃၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်၊၉၂၉ ကတော့ တစ်တင်းကို ၂၄၃၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ်၊ကုလားပဲလုံးဖြူကြီးကတော့ တစ်တင်းကို ၂၄၅၀၀ ပေါက်ဈေးရှိပြီး ၆၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။  

ပဲကြီး

 ပဲကြီးကတော့ဒီတစ်ပတ် ဈေးကျဆင်းသွားပါတယ်။ဈေးကွက်ထဲကို အဝင်များပြီး ဈေးက ကျဆင်းသွားတာဖြစ်ပါတယ်။အချို့နယ်တွေမှာတော့ အရောင်းအဝယ်က သိပ်မရှိတဲ့အတွက် ဈေးက ငြိမ်နေပါတယ်။

 မန္တလေးဈေးကွက်မှာတော့ပဲကြီးက သုံးတင်းဝင် တစ်အိတ်ကို ၆၅၀၀၀ ကနေ ၉၅၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၆၀၀၀ ကနေ ၃၃၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ 

ထောပတ်ပဲ

 ထောပတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးက ကျဆင်းသွားပါတယ်။ ဈေးကွက်ထဲကို အဝင်များပြီး အရောင်းအဝယ်ကတော့ ငြိမ်နေပါတယ်။ မန္တလေးဈေးကွက်မှာ သုံးတင်းဝင် တစ်အိတ်ကို ၅၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။ 

မကွေးဈေးကွက်မှာတော့ တစ်တင်းကို ၁၇၀၀၀ ပေါက်ဈေးရှိပြီး ၁၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၅၃၀၀ ပေါက်ဈေးရှိပြီး ၉၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ 

ပဲလွန်းဖြူ 

ပဲလွန်းဖြူကတော့ ဒီတစ်ပတ်မှာလည်း ဈေးက တက်လာပါတယ်။ဈေးကွက်ထဲကို အဝင်နည်းလာတဲ့ အတွက်ဈေးက တက်လာတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၁၇၈၀ မှာ ၁၈၃၅ ပေါက်ဈေးရှိပြီး ၃၅ ကျပ် ဈေးတက်လာပါတယ်။