menu

တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်

တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက် (၆.၇.၂၀၂၀ မှ ၁၀.၇.၂၀၂၀ )ထိ

ဆန်၊ စပါး  

ရန်ကုန်ဈေးကွက်မှာတော့ ဆန်ဈေးတွေက ငြိမ်နေတာ တစ်လ နီးပါးရှိနေပါတယ်။ နယ်ဈေးကွက်မှာတော့ ဒီတစ်ပတ်မှာ ဆန်ဈေးတွေ စပါးဈေးတွေ ပြန်ကျဆင်းသွားပါတယ်။ စပါးလက်ကျန်တွေလည်း မရှိတော့တဲ့အတွက် အရောင်းအဝယ်မရှိပဲဈေးက ပြန်ကျဆင်းသွားတာလို့ သိရပါတယ်။

ဧရာဝတီတိုင်း ဈေးကွက်မှာ ပြီးခဲ့တဲ့ တစ်လလုံးနီးပါး ဈေးတက်ခဲ့တဲ့ မြောင်းမြ ပေါ်ဆန်း ဧည့်မထ တို့က ဒီတစ်ပတ်မှာတော့ ဈေးက ပြန်ကျဆင်းသွားပါတယ်။  

မြောင်းမြပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၇၈၀၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၇၀၀၀ ကျပ် ဈေးကျဆင်းသွားပြီး ဆန်ကတော့ တစ်အိတ်ကို ၃၇၀၀၀ နဲ့ တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေးကျဆင်းသွား ပါတယ်။ မြောင်းမြဧည့်မထစပါးကတော့ ဈေးငြိမ်ပေမယ့် ဆန်ကတော့ တစ်အိတ်ကို ၂၆၀၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။  

ဒေးဒရဲဧည့်မထ စပါးကတော့ တင်း ၁၀၀ ကို ၅၈၈၀၀၀ ပေါက်ဈေးရှိပြီး ၁၉၀၀၀ ကျပ်ဈေးကျဆင်းသွား ပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၂၅၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ဖျာပုံဧည့်မထ စပါးကတော့ တင်း ၁၀၀ ကို ၆၃၄၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၉၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၂၆၀၀၀ ကျပ် ရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။  

ပဲခူးနတ်တလင်းမှာတော့ တောင်ပျံစပါး အဟောင်းက တင်း ၁၀၀ ကို ၈၅၀၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၄၀၀၀၀လောက်ဈေးကျဆင်းသွားပါတယ်။ရတနာတိုးကတော့ တင်း ၁၀၀ ကို ၆၁၀၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။  

ပေါင်းတည်မှာတာ့ ရတနာတိုးက တင်း ၁၀၀ ကို ၅၃၀၀၀ ကနေ ၅၄၀၀၀၀ ပေါက်ဈေးရှိပြီး တစ်သိန်း၊အင်းလယ်က ၇၀၀၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။

မတ်ပဲ  

မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးက ပြန်ကျဆင်းသွားပါတယ်။ ပဲတွေက တောင်သူတွေ လက်ထဲမှာ မရှိတော့ ပဲ ကုန်သည်ကြီးလက်ထဲမှာသာ ရှိပါတယ်။ ကုန်သည်ကြီးတွေက အိန္ဒိယဝယ်ယူမှုအပေါ် ဈေးကို အတက်အကျ အရမ်းမများအောင် ထိန်းထားတဲ့အခြေအနေပါ။ 

ထို့ပြင်ပြည်တွင်းငွေလဲလှယ်နှုန်းဈေးကလည်း ကျဆင်းနေတာ ဖြစ်လို့ ဈေးကတော့ မငြိမ်ပါဘူး။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၉၈၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၂၅၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။  

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၉၂၀၀၀ ကနေ ၉၃၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၀၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။  

ပဲစင်းငုံနီ  

ပဲစင်းငုံနီက ဒီတစ်ပတ်မှာတော့ ဈေးက ကျဆင်းသွားပါတယ်။ ငွေဈေးအပြောင်းအလဲ ပေါ်မူတည်ပြီး ဈေးက တစ်ဖြေးဖြေး ကျဆင်းသွားတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ တစ်တန်ကို ၈၁၅၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၇၅၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။  

မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၅၂၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ လက်တလော ပဲဈေးကတော့ အတက် သိပ်မရှိနိုင်ပဲ ဈေးက ငြိမ်ဖို့ များတယ်လို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။  

ပဲတီစိမ်း  

ပဲတီစိမ်းက ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ ဈေးမဖွင့်ပါဘူး။ နယ်ဈေးကွက်တွေမှာတော့ ဈေးက ငြိမ်နေပါတယ်။ လက်ကျန်ပဲတွေကိုသာ အရောင်းအဝယ်လုပ်နေတယ်လို့သိရပါတယ်။ မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၉၅၀၀၀ ကနေ ၁၀၆၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။  မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၁၀၀၀ ကနေ ၃၂၅၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ 

ကြက်သွန်ဖြူ 

ကြက်သွန်ဖြူ (ကြူကုတ်)က ဒီတစ်ပတ်မှာတော့ ဈေးအနည်းငယ် တက်လာပါတယ်။ ပြည်တွင်း ဝယ်ယူမှု များတဲ့အတွက် အနည်းငယ်သာ တက်တာ ဖြစ်ပါတယ်။ တစ်ပိဿာကို ၁၃၀၀ ကနေ ၁၃၅၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ်ဈေးတက်လာပါတယ်။ 

ကျွဲကောသီး 

ကျွဲကောသီးကတော့ ဒီတစ်ပတ်မှာ အနည်းငယ်ဈေးကျဆင်းသွားပါတယ်။ ရာသီချိန်ဖြစ်တဲ့အတွက် ဈေးက ကျဆင်းနေတာဖြစ်ပါတယ်။ သီရိမင်္ဂလာဈေးကွက်မှာ တစ်လုံးကို ၅၀၀ ကနေ ၁၃၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ 

ပန်းဂေါ်ဖီ 

ပြီးခဲ့တဲ့ လထိ ဈေးတက်နေခဲ့တဲ့ ပန်းဂေါ်ဖီက ဒီတစ်ပတ်မှာတော့ ဈေးက အနည်းငယ်ကျဆင်းသွား ပါတယ်။ ဈေးကွက်ထဲကို အဝင်များလာတဲ့အတွက်ဈေးက ကျဆင်းသွားတာဖြစ်ပါတယ်။ 

အောင်ပန်းကုန်စည်ဒိုင်မှာတော့ တစ်ပွင့်ကို ၃၅၀ ကျပ်ရှိပြီး ၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ 

သီရီမင်္ဂလာဈေးမှာတော့ တစ်ပွင့်ကို ၅၀၀ ကနေ ၆၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ 

ခရမ်းချဉ်သီး 

ခရမ်းချဉ်သီးကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်တက်လာပါတယ်။ ပစ္စည်းအဝင်မရှိတော့တဲ့အတွက်ဈေးက တက်လာတာဖြစ်ပါတယ်။ သီရီမင်္ဂလာဈေးကွက်မှာ တစ်သေတ္တာကို ၁၅၀၀၀ ကနေ ၂၆၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာ ပါတယ်။ 

အောင်ပန်းမှာတော့ တစ်ပိဿာကို ၇၀၀ ကျပ်ရှိပြီး ဈေးငြိမ်နေပါတယ်။