menu

တစ်ပတ်အတွင်း သီးနှံ‌ဈေးနှုန်း သုံးသပ်ချက်

တစ်ပက်အတွင်း သီးနှံ‌ဈေးနှုန်း သုံးသပ်ချက် 
(၂၀.၄.၂၀၂၀ မှ ၂၄.၄.၂၀၂၀)ထိ

မတ်ပဲ  

သင်္ကြန်ကာလ ဖြစ်တဲ့အပြင် ကိုဗစ်ရောဂါကြောင့် ကုန်စည်ဒိုင် တော်တော်များများပိတ်ပြီး အရောင်းအဝယ်ဈေး ကွက်ကလည်းအေးသွားပါတယ်။ အိန္ဒိယနိုင်ငံကတော့ မတ်ပဲ တင်ပို့မှုကို လာမယ့် မေလ ၁၅ ရက် နောက်ဆုံးထားတင်ပို့ဖို့ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ထပ်ပြီးနောက်မရွှေ့ပေးကြောင်း ဆိုထားပါတယ်။ တောင်သူတွေ လက်ထဲမှာတော့ ပဲတွေက မကျန်တော့ပဲ ကုန်သည်လက်ထဲမှာသာ ကျန်ရှိနေပြီး ပုံမှန် တင်ပို့ရောင်းချမှုများပြုလုပ်နေတယ်လို့သိရပါတယ်။  လက်ရှိ မတ်ပဲက တစ်တန်ကို ၉၇၀၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။ 

ပဲစင်းငုံနီ 

ပဲစင်းငုံနီကတော့ သင်္ကြန် ပြီးတဲ့အချိန်မှာ ဈေးက တက်လာပါတယ်။ ဈေးတက်ပေမယ့် အရောင်းအဝယ်ကလည်း မရှိသလို ပစ္စည်းကလည်း တောင်သူတွေ လက်ထဲမှာ မရှိတော့ပါဘူး။ သင်္ကြန် အပြီး ဈေးဖွင့်ချိန်မှာတော့ တစ်တန်ကို ၈ သိန်းကျော်နဲ့ ဈေးဖွင့်ပါတယ်။

ပဲတီစိမ်း 

ပဲတီစိမ်းကတော့ ပြီးခဲ့တဲ့ ဧပြီလ အစမှာ ပဲရောင်းဝယ်မှုတွေ မရှိပဲ ဈေးကလည်း ကျဆင်းနေခဲ့ပါတယ်။ သင်္ကြန်အပြီး မှာတော့ ရန်ကုန်ဈေးကွက်ထဲကို ပဲတွေ ပြန်ဝင်လာပြီး အတက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်း(ပခုက္ကူ၊ခရမ်းရွှေဝါ၊ပဲခူးရွှေဝါ၊ဝါးခယ်မ)တို့က တစ်ပိဿာကို ၁၆၁၅ ကျပ်ကနေ ၂၁၅၀ ပေါက်ဈေးရှိပါတယ်။ 

ကုလားပဲ 

ကုလားပဲဈေးကတော့ ဆက်တိုက်ကို ကျဆင်းနေခဲ့ပေမယ့် သင်္ကြန်အပြီး မှာတော့ ဈေးက ပြန်တက်လာပါတယ်။ နယ်အများစုမှာ အရောင်းအဝယ်မရှိတာကိုလည်း တွေ့ရပြီး ရန်ကုန်တစ်ခုပဲ အရောင်းအဝယ်ဖြစ်နေပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကုလားပဲဖြူလုံးက တစ်ပိဿာကို ၁၃၈၀ ကနေ ၁၄၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျော်ဈေး တက်လာပါတယ်။ 

ပဲပုတ် 

ပဲပုတ်ကလည်း ရန်ကုန်ဈေးကွက်မှာ ဈေးတက်လာပါတယ်။ နယ်ပေါင်းစုံမှာ အရောင်းအဝယ် မရှိတဲ့အပြင် ဈေးကွက်အတွင်း အဝင်ကလည်း နည်းတဲ့အတွက်ဈေးက တက်လာတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲပုတ် မြစ်ဝကျွန်းပေါ်(သိပ္ပံ နှင့် အထွက်တိုး)က တစ်ပိဿာကို ၁၀၃၀ ကနေ ၁၀၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေးတက်လာပါတယ်။ 

ကြက်သွန်ဖြူ(ကြူကုတ်) နှင့် ကြက်သွန်ဖြူ(ရှမ်း) 

ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ဈေးက ထပ်ပြီး တက်လာပါတယ်။ ပိတ်ရက်အတွင်း အရောင်းအဝယ်ကလည်း ပိတ်ထားတာ ဖြစ်လို့ အရောင်းအဝယ်ပြန်ဖွင့်တဲ့အချိန်မှာ ဝယ်လိုအားမျးပြီးဈေးက တက်လာခဲ့တာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကြူကုတ်က တစ်ပိဿာကို ၃၂၀၀ ကနေ ၃၃၀၀ ပေါက်ဈေးရှိပြီး ၃၅၀ ကျပ်ဈေးတက်လာ ပါတယ်။ ရှမ်းကြက်သွန်ကတော့ တစ်ပိဿာကို ၂၇၀၀ ကနေ ၃၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀၀ လောက် တက်ခဲ့ပေမယ့် ရက်ပိုင်းအတွင်း ဈေးက ပြန်ကျဆင်းသွားပါတယ်။ လက်ရှိ တစ်ပိဿာကို ၂၀၀၀ ကနေ ၂၇၀၀ ပေါက်ဈေးရှိပါတယ်။ 

ကြက်သွန်နီ

ပြီးခဲ့တဲ့ သုံးပတ်အတွင်း ကြက်သွန်နီက ဈေးငြိမ်ခဲ့ပေမယ့် သင်္ကြန်ပြန်ဖွင့်တဲ့အချိန်မှာတော့ ဈေးက ထပ်ပြီး ကျဆင်းသွားပါတယ်။ အဝင်များပြီး ပြည်ပတင်ပို့မှု မရှိတဲ့အတွက်ကြောင့် ဈေးက ကျဆင်းသွားတာဖြစ်ပါတယ်။ လက်ရှိ ကြက်သွန်နီက တစ်ပိဿာကို ၆၀၀ ကနေ ၇၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ လောက်ကျဆင်း သွားပါတယ်။ 

ငရုတ် 

ငရုတ်ကတော့ ဆက်တိုက်ကိ‌ေဈးက တက်နေပါတယ်။ မတ်လ အစပိုင်းကတည်းက တစ်ဖြေးဖြေးတက်လာခဲ့ပြီး မတ်လ တတိယပတ်ကနေ စကာ တရှိန်ထိုး တက်ခဲ့ပါတယ်။ ဝယ်ယူမှုများလာတဲ့အတွက် ဈေးက တက်လာတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ရန်ကုန်ငရုတ်ပွ(ဆင်ဖြူကျွန်း)က တစ်ပိဿာကို ၇၀၀၀ ပေါက်ဈေးရှိပြီးတစ်ပိဿာ ကို ၇၀၀ လောက်ထိ ဈေးက မြင့်တက်လာခဲ့ပါတယ်။ ရက်ပိုင်းအတွင်း အရောင်းအဝယ် ပြန်လည် ပုံမှန် ဖြစ်လာချိန်မှာတော့ တစ်ပိဿာကို ၆၂၀၀ ကနေ ၆၅၀၀ ရှိပြီး တစ်ပိဿာကို ၅၀၀ လောက် ပြန်ကျဆင်းသွားပါတယ်။ 

ရွှေပဲသီး 

ရွှေပဲသီးကလည်း တစ်ပတ်အတွင်းဈေးတက်လာပါတယ်။ အဝင်နည်းပြီး အရောင်းအဝယ်ကလည်း လိုသလောက်သာရှိတဲ့အတွက် ဈေးက တက်နေတာဖြစ်ပါတယ်။ တစ်ပိဿာကို ၂၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၂၀၀ လောက်ဈေးတက်လာပါတယ်။ 

ချင်း 

ချင်းဈေးကလည်း လက်ရှိမှာ တက်သွားပါတယ်။ ချင်းအစိုတွေက အရောင်းအဝယ်ကောင်းနေပြီး ပြည်ပကလည်း ဝယ်ယူမှုများနေတဲ့အတွက်ကြောင့် ဈေးက တက်လာတာဖြစ်ပါတယ်။ တစ်ပိဿာကို ၃၂၀၀ ပေါက်ဈေးရှိပြီး ၇၀၀ လောက်တက်လာပါတယ်။