menu

တစ်ပတ်အတွင်း သီးနှံဈေးနှုန်းသုံးသပ်ချက် (၂၆.၇.၂၀၂၁ မှ ၃၀.၇.၂၀၂၁)


🌾🌿🥔🌿🌾🌾🌿🥔🌿🌾

🌾ဆန်စပါး🌾

 ရန်ကုန်ဈေးကွက်မှာ ဆန်ဈေးတွေကတော့ လက်ရှိမှာဆန်ကောင်းမှ ရောင်းရနေတဲ့အနေအထားရှိပြီး ဈေးတွေကတော့ငြိမ်နေပါတယ်။ကိုဗစ်ကြောင့် ကုန်စည်ဒိုင်အများစု ပိတ်ထားရတဲ့အခြေအနေ လည်းဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ မြောင်းမြပုသိမ်ပေါ်ဆန်းမွှေးက တစ်အိတ်ကို ၃၇,၀၀၀ ကနေ ၄၀,၀၀၀ ကျပ်၊ ဒေးဒရဲကြားပျံရှယ်က တစ်အိတ်ကို ၄၁,၀၀၀ ကနေ ၄၂,၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း နဲ့ ဒေးဒရဲပေါ်ဆန်း တို့က တစ်အိတ်ကို ၃၆,၀၀၀ ကနေ ၃၉,၀၀၀ ကျပ်၊ မြီးဒုံးဆန်က တစ်အိတ်ကို ၃၁,၅၀၀ မှ ၃၃,၀၀၀ ကျပ်၊ ရက် ၉၀ ဆန်ကတစ်အိတ်ကို ၂၅,၀၀၀ မှ ၂၆,၀၀၀ ၊ ငစိန်ဆန်က တစ်အိတ်ကို ၂၁,၅၀၀ ကနေ ၂၂,၅၀၀ ပေါက်ဈေး အသီးသီး ရှိပါတယ်။

 ဧရာဝတီတိုင်းမှာတော့ လက်ရှိ အရောင်းအဝယ်တွေက နားထားပြီး ဈေးတွေကလည်း အပြောင်းအလဲ မရှိဘူးလို့ သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ ပေါ်ဆန်း(ဆန်သား၈၀)က တစ်အိတ်ကို ၃၉,၄၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ကျပ်၊ (ဆန်သား၉၀) က တစ်အိတ်ကို ၄၁,၆၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ်၊ ပေါ်ကျွဲ (ဆန်သား ၈၀ )က တစ်အိတ်ကို ၃၂,၉၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်၊ဆန်သား ၉၀ က တစ်အိတ်ကို ၃၄,၄၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်၊ဧည့်မထ(ဆန်သား ၈၀)က တစ်အိတ်ကို ၂၅,၈၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်၊(ဆန်သား ၉၀) က တစ်အိတ်ကို ၂၇,၈၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။

🌿မတ်ပဲ🌿

 မြန်မာတစ်နိုင်ငံလုံးနီးပါးက ကုန်စည်ဒိုင်တွေအကုန် ကိုဗစ်ကြောင့် ပိတ်ထားရတဲ့အခြေအနေမှာ ဈေးကွက်တစ်ခုလုံးရပ်တန့်လုနီးပါးဖြစ်ခဲ့ပါတယ်။ မတ်ပဲကတော့ လက်ရှိ အရောင်းအဝယ်က မရှိ ပေမယ့် ဈေးတွေကတော့ တက်နေပါတယ်။ ကုန်သည်များအကြား ဖုန်းနဲ့သာ အရောင်းအဝယ် ပြုလုပ်နေရတယ်လို့ သိရပါတယ်။ ဇူလိုင်လအစမှာ အိန္ဒိယက ပဲသိုလှောင်ခွင့်နဲ့ပတ်သတ်ပြီး ကန့်သတ်ခဲ့တဲ့အတွက် မြန်မာ့မတ်ပဲဈေးတွေ က ကျဆင်းသွားခဲ့ပြီး ဇူလိုင်လနောက်ဆုံးအပတ်မှာတော့ ပြန်လည်ဖြေလျော့ပေးခဲ့တဲ့အတွက် ပဲဈေးတွေက ပြန်လည်တက်ခဲ့တာဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက် နဲ့မန္တလေးဈေးကွက်အပါအဝင် မြို့အများစုမှာ ပဲဈေးကွက်မဖွင့်ပေမယ့် မော်လမြိုင် ဈေးကွက်မှာတေ့ာ တစ်တင်းကို ၃၉,၀၀၀ ကျပ်ရှိပြီး တစ်ပတ်အတွင်း တစ်တင်းကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မြန်မာပြည်တွင်းမှာသာ အရောင်းအဝယ်ရပ်တန့်ထားတဲ့အတွက်ကြောင့် ဈေးကွက်ပေါက်ဈေးကို တိတိကျကျမသိရပေမယ့် အိန္ဒိယမှာတော့ မြန်မာမတ်ပဲဈေးတွေ သိသိသာသာဈေးတက်လာပြီးတော့ သင်္ဘောတင် မတ်ပဲ CNF ဈေးတွေက တစ်တန်ကို ၉၀၀ ကနေ ၁,၀၀၀ ကြားထိ ပေါက်ဈေးရှိလာ ခဲ့ပါတယ်။သြဂုတ် ၁ ရက်နေ့ ကုန်စည်ဒိုင်ဈေးတွေပြန်ဖွင့်လာမယ့်အချိန်မှာတော့ မတ်ပဲက အတက်ဈေးနဲ့ ပြန်ဖွင့်နိုင်မယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

🌿ပဲစင်းငုံနီ🌿

 ကုန်စည်ဒိုင်တွေ ပိတ်ထားရတဲ့အတွက် ပဲစင်းငုံနီ အရောင်းအဝယ်ကလည်း မရှိပါဘူး။ ပဲစင်းငုံနီက အကျဈေးနဲ့ပဲ ဈေးကွက်ကပိတ်ထားခဲ့ရပြီး ပိတ်ထားရတဲ့ ၂ ပတ်အတွင်းမှာ ဈေးတွေ အနည်းငယ် ပြန်တက်လာခဲ့ပါတယ်။ အိန္ဒိယရဲ့ ပဲသိုလှောင်ခွင့်ကန့်သတ်ချက်က တန် ၂၀၀ အစား တန် ၅၀၀ လို့ပြောင်းလဲသတ်မှတ်လိုက်တဲ့ အတွက် အိန္ဒိယကုန်သည်တွေ အဝယ်လိုက်လာပြီး ဈေးတက်လာတာဖြစ်ပါတယ်။ ဒါပေမယ့် သိုလှောင်ခွင့်သတ်မှတ်တဲ့အချိန်တုန်းက ပဲအမြောက်အများ သင်္ဘောအဝင်တွေ ရှိနေတာဖြစ်တဲ့အတွက် ပဲစင်းငုံနီက ထင်သလောက်တက်ဖို့ မရှိနိုင်ဘူးလို့ အိန္ဒိယကုန်သည်တွေက သုံးသပ်မှုတွေ ပြုလုပ်ထား ကြောင်း အိန္ဒိယစိုက်ပျိုးရေးသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

 ရန်ကုန် ၊မန္တလေးအပါအဝင်မြို့အများစု ပိတ်ထားရတဲ့အတွက် ပဲစင်းငုံနီ ဈေးကွက်က လတ်တလော မရှိပေမယ့် အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၆,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ လောက် ဈေးတက်လာခဲ့ပါတယ်။ မြန်မာ့ပဲစင်းငုံနီကတော့ လက်တလော ပဲလက်ကျန်ကလည်း မရှိတဲ့အတွက် ဈေးကွက်စဖွင့်တဲ့အချိန် အနည်းငယ်တက်လာနိုင်သေးတယ်လို့ ခန့်မှန်းထားကြပါတယ်။

🥔အာလူး🥔

 အာလူးကလည်း ကုန်စည်ဒိုင်တွေ ပိတ်ထားရတဲ့အတွက်လက်ရှိမှာတော့ ရန်ကုန်ဈေးကွက် ပေါက်ဈေး ကို မသိရပါဘူး။ ဈေးကွက်ဖွင့်ချိန်မှာတော့ အတက်ဈေးနဲ့ပဲ ကုန်စည်ဒိုင်တွေကပိတ်လိုက်တာ ဖြစ်တဲ့အတွက် ဈေးကွက်ပြန်ဖွင့်တဲ့အချိန်မှာတော့အတက်ဈေးနဲ့ပဲ ရှိနေလိမ့်မယ်လို့ ကုန်သည်တွေက ခန့်မှန်းထားပါတယ်။ တရုတ်အာလူးတွေကလည်း ဈေးကွက်ထဲကို မဝင်တဲ့အတွက် ပြည်တွင်း အာလူးဈေးကပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာတောင် တစ်ပိဿာကို ငွေကျပ် ၃၀၀ လောက်အထိ ဈေးတက်လာခဲ့ပြီး တစ်ပိဿာကို ၅၅၀ ကနေ ၁,၀၀၀ အထိ ပေါက်ဈေးရှိခဲ့ပါတယ်။ လက်ရှိ မော်လမြိုင်ဈေးကွက်မှာတော့ အာလူးကတစ်ပိဿာကို ၁,၂၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၅၀ လောက်ဈေးတက်လာခဲ့ပါတယ်။

Sources : AMIA (Farmer Digital TV)