menu

တစ်ပတ်အတွင်း သီးနှံဈေးနှုန်းသုံးသပ်ချက် (၇.၆.၂၀၂၁ မှ ၁၁.၆.၂၀၂၁) ထိ


🌿🌽🍃🥔🌿🌿🌽🍃🥔🌿

🍃မတ်ပဲ🍃

မတ်ပဲကတော့ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးပြန်တက်လာပြီး ဒီတစ်ပတ်မှာလည်း ဈေးတွေ ထပ် တက်လာပါတယ်။ လာမယ့် ဇွန်လပိုင်းမှာ တန်ချိန် ၈ သောင်းနီးပါ အိန္ဒိယတင်ပို့မှာဖြစ်တဲ့အတွက် ရက်ပိုင်းအတွင်း အဝယ်များပြီးဈေးတက်လာတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအတွင်းမှာတော့ မတ်ပဲဈေးတွေ ကျဆင်းနေတဲ့အတွက် ဈေးကထင်သလောက် တက်တာမျိုးတော့ မရှိပါဘူး။ ရန်ကုန်ဈေးကွက်မှာမတ်ပဲ(FAQ/RC) က တစ်တန်ကို ၁,၁၀၀,၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် ၁၅,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၀၇,၀၀၀ ကနေ ၁၀၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ် ၅,၀၀၀ ကျပ် သာ ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၅,၅၀၀ ပေါက်ဈေးရှိပြီး ၁,၅၀၀ ကျပ်ဈေးတက်လာပါတယ်။ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၆,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၈၀၀ ကျပ်ဈေး တက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၃၅,၆၀၀ ပေါက်ဈေးရှိပြီး ၁,၆၀၀ ကျပ်ဈေးတက်လာပါတယ်။

🍃ပဲစင်းငုံနီ🍃

ပဲစင်းငုံနီကလည်းဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ ပဲစင်းငုံနီကလည်း တင်ပို့မှုရှိတာဖြစ်တဲ့ အတွက်ဈေးတက်နေတာဖြစ်ပါတယ်။ ကုန်သည်များအကြား အရောင်းအဝယ် ရှိနေတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း ပဲစင်းငုံနီ ဈေးတွေကျဆင်း နေတာဖြစ်လို့ အအများကြီးတော့ ဈေးမတက်ပါဘူး။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁,၀၈၂,၅၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၂၅,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၀၁,၀၀၀ ကနေ ၁၀၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၃,၈၀၀ ပေါက်ဈေးရှိပြီး ၁,၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ဈေးကွက်နဲ့အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၄,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။

🍃ပဲကြီး🍃

ပဲကြီးကတော့ နယ်အချို့မှာဈေးဆက်တိုက်ဈေးတက်နေပါတယ်။ ပြည်တွင်း ပြည်ပဝယ်ယူမှုများနေပြီး လက်ကျန်လည်း လျော့နည်းနေတဲ့အတွက်ကြောင့် ဈေးကတက်နေတာဖြစ်ပါတယ်။ အချို့ဒေသတွေမှာ တော့ ပဲမရှိတော့တဲ့အတွက်ဈေးက အကျဈေးနဲ့ ရှိနေပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲကြီး(ရွှေကျွန်း၊ ကုန်း) က တစ်ပိဿာကို၁,၈၂၅ကျပ် ကနေ၂,၁၂၅ကျပ် ပေါက်ဈေးရှိပြီး တစ်ပိဿာကို၅၅ကျပ် ဈေးတက် လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲကြီး က သုံးတင်းဝင် တစ်အိတ်ကို ၉၇,၀၀၀ ကနေ ၁၂၀,၀၀၀ ပေါက်ဈေး ရှိပြီး တစ်အိတ်ကို ၃,၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။ အောင်လံဈေးကွက်မှာလည်း တစ်တင်းကို ၃၄,၀၀၀ ကနေ ၃၈,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ကျပ် ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၀,၀၀၀ ကျပ်ပေါက်ဈေးရှိပြီးဈေးငြိမ်ပါတယ်။

🍃စီပီပြောင်း🍃

စီပီပြောင်းကတော့ ထိုင်းနိုင်ငံရဲ့ ဝယ်ယူမှုကြောင့်ဈေးက ဆက်တိုက်တက်နေခဲ့ပါတယ်။အခြားသီးနှံတွေ တင်ပို့ရောင်းဝယ်မှု ခက်နေပေမယ့် စီပီပြောင်းကတော့ အရင်နှစ်တွေနဲ့ နှိုင်းယှဉ်တဲ့အချိန်မှာ တင်ပို့မှု အများဆုံးဖြစ်နေတယ်လို့လည်းသိရပါတယ်။ မန္တလေးဈေးကွက်မှာ သုံးတင်းဝင် တစ်အိတ်ကို ၃၂,၀၀၀ ကနေ ၃၂,၅၀၀ ပေါက်ဈေးရှိပြီး ၁,၅၀၀ ကျပ်ဈေးတက်လာပါတယ်။

🍃အာလူး🍃

အာလူးကတော့ ဈေးကျဆင်းသွားပါတယ်။ အဝင်များတဲ့အတွက်ဈေးကျဆင်းသွားတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဟဲဟိုး အမျိုးအစားက တစ်ပိဿာကို ၃၃၀ ကနေ ၄၈၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

🍃စားအုန်းဆီ🍃

စားအုန်းဆီကတော့ ပြီးခဲ့တဲ့ မေလ ကတည်းကဆက်တိုက်ကို ဈေးကျဆင်းနေတာဖြစ်ပြီးတော့ ဒီတစ်ပတ်မှလည်း ဈေးကကျဆင်းသွားပါတယ်။ ပဲပုတ်ဆီကြိုပွိုင့်ဈေးကောင်းလာတဲ့အတွက် မလေးရှားစားအုန်းဆီ ဈေးကွက်ကလည်း မြင့်တက်လာပေမယ့် မြန်မာပြည်တွင်းမှာတော့ အရန်စားအုန်းဆီ ရောင်းချမှုကို ဝယ်ယူမယ့်သူမရှိတဲ့အတွက် ဈေးတွေကျဆင်းသွားတာလို့လည်း သုံးသပ်မှုတွေရှိပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ လက်က္ကားဈေးကွက်မှာ တစ်ပိဿာကို ၃,၀၄၀ ကနေ ၃,၀၅၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀ လောက်ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာ တစ်ပိဿာကို ၃,၁၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၄၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်ပိဿာကို ၃,၁၈၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၂၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

Sources : AMIA (Farmer Digital TV)