menu

တရုတ်နယ်စပ်ဂိတ်များ လုံးဝပိတ်သွားသဖြင့် ပြည်တွင်း ပဲ၊ နှမ်းစျေးကွက် ကျဆင်းလာ


🔘အောက်တိုဘာလ ၆ ရက်မှစတင်ကာ တရုတ်နယ်စပ်ဂိတ်များ လုံးဝပိတ်သွားသည့် အခြေအနေကြောင့် ပြည်တွင်းပဲနှမ်းစျေးကွက်ကျဆင်းနေကြောင်းသိရပြီး အိန္ဒိယပို့ကုန်ပဲများဖြစ်သည့် ပဲစင်းငုံ ၊ မတ်ပဲ နှင့် ပဲတီစိမ်းတို့မှာမူ ပြည်တွင်း လက်ကျန်လည်း နည်းပါးနေသဖြင့် ဈေးနှုန်း တည်ငြိမ်နေကြောင်း သိရသည်။ အောက်တိုဘာလဆန်းရက်များတွင် ပုံမှန်အမြင့်စျေးဖြင့် အရောင်းအဝယ်ဖြစ်နေသည့် ပဲ၊ နှမ်းစျေးကွက်မှာ တရုတ်နယ်စပ်ဂိတ်များ အားလုံးပိတ်သွားသည့် အောက်တိုဘာ (၆) ရက်မှစတင်ကာ အမျိုးအစားအလိုက် စျေးကွက်ကျဆင်းသွားပြီး မြေပဲစျေးမှာ တစ်ပိဿာ ကျပ် ၁၀၀ ခန့်နှင့် အခြားပဲနှမ်းများမှာ သုံးတင်းဝင်တစ်အိတ်လျှင် အမျိးအစားအလိုက် ကျပ် ၅,၀၀၀ မှ ၁၀,၀၀၀ အထိ ကျဆင်းသွားကြောင်းနှင့် ဆက်လက်ကျဆင်းနိုင်ကြောင်း ရွှေစင်သိန်းပွဲရုံပိုင် ဦးကျော်သွင်က ပြောသည်။

🔘“တရုတ်နယ်စပ်ဂိတ်တွေ အားလုံးပိတ်တဲ့ သတင်းတွေကြောင့် မန္တလေး ပဲ၊နှမ်းစျေးကွက်ကျဆင်းသွားပါတယ်။ မြန်မာပြည်ကနေ တရုတ်နိုင်ငံကို ပို့ကုန်အားလုံးရပ်နေတာကနေ ပြန်ဖွင့်မလိုနဲ့ အခုတော့ အကုန်ရပ်ကုန်တာဆိုတော့ ဒီနေ့ကစပြီးစျေးကျသွားတာမှာ မြေပဲဆို တစ်ပိဿာ ကျပ် ၁၀၀ လောက် ကျသွားတယ်။ နှမ်းဆို သုံးတင်းဝင်တစ်အိတ် ကျပ် ၅,၀၀၀ လောက်စျေးကျသွားတယ်။ အရင်က တရုတ်ပို့ကုန်လိုင်းကို ပင်လယ်ရေကြောင်းကနေ ပို့တဲ့လမ်းကလည်း ပို့ကုန်သမားတွေ ဒေါ်လာငွေတွေကို တစ်လအတွင်း စာရင်းပြောင်းရမယ်ဆိုတာကလည်း ပို့ကုန်သမားတွေ တုန့်ဆိုင်းသွားတယ်။ ပဲတီစိမ်းကတော့ ကျပ် ၅,၀၀၀ လောက် စျေးကျသွားပေမယ့် လက်ကျန်မရှိတော့ပါဘူး။ ပြည်တွင်းသုံး ပဲမျိုးစုံကတော့ ပုံမှန်စျေးပဲရှိပါတယ်။ မတ်ပဲ ၊ ပဲစင်းငုံကတော့ စျေးတန်းနေပါတယ်" ဟု ၎င်းက ပြောသည်။

မြေပဲ
-----
အောက်တိုဘာ ၆ ရက်၊ မန္တလေးကုန်စည်ဒိုင် ညနေပိုင်း အပိတ်စျေးအဖြစ် မြေပဲဆံမျိုးစုံ တစ်ပိဿာ ကျပ် ၁၀၀ မှ ၂၀၀ ကျော် စျေးနှုန်း ကျဆင်းခဲ့ပြီး အဝယ်လည်း အေးသွားသည်။ မြေပဲလုံးဆံ တစ်ပိဿာ ကျပ်၂၉၀၀-၃၀၀၀ ၊ အနီလုံးဆံ တစ်ပိဿာ ကျပ် ၂၇၀၀-၂၈၅၀ ဈေးရှိခဲ့ပြီး ဆက်လက်ကျဆင်းနိုင်ကြောင်း ပဲ၊နှမ်း ကုန်သည်များက သုံးသပ်ထားသည်။

နှမ်းနက်၊ ပဲတီစိမ်း
---------------
နှမ်းမျိုးစုံ စျေးကွက်မှာလည်း တရုတ်ပို့ကုန်အတွက် အဝယ်အေးသွားကာ အမျိုးအစားနှင့် အရည်အသွေးအလိုက် တစ်အိတ်လျှင် ကျပ် ၅,၀၀၀ မှ ၁၀,၀၀၀ ခန့် စျေးကျဆင်းသွားသည်။ အမြင့်စျေးဖြစ်လာမည့် နှမ်းမျိုးစုံမှာ အောက်တိုဘာလ (၆) ရက် ညနေပိုင်းမှစတင်ကာ စျေးကျဆင်းလာခြင်းဖြစ်ပြီး နှမ်းနက်စမုံမှာ အရည်အသွေးအလိုက် ယခင် တစ်အိတ် ကျပ် ၁၄၀,၀၀၀ မှ ၂၁၀,၀၀၀ ကြားဈေးရှိသော်လည်း လက်ရှိ ၁၃၀,၀၀၀ မှ ၂၀၀,၀၀၀ ကြားသို ကျဆင်းသွားသည်။

အခြား နှမ်းဖြူသစ်များမှာ တစ်အိတ် ကျပ် ၁၅၅,၀၀၀ ၊ နှမ်းဖြူ(ဂျပန်) တစ်အိတ် ကျပ် ၁၆၀,၀၀၀ ၊ နှမ်းညို(သစ်) ကျပ် ၁၂၅,၀၀၀ သို့ အသီးသီးစျေးကျဆင်းသွားသည်။ ပဲတီစိမ်းမှာ လမ်းပဲများ ကျပ် ၁၄၅,၀၀၀ ပေါက်စျေးရှိသော်လည်း တရုတ်နယ်စပ်ဂိတ်ပိတ်သတင်းများကြောင့် ပဲတီစိမ်း( အညာ) မှာ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၃၀,၀၀၀ သာစျေးရှိတော့ပြီး တစ်အိတ်လျှင် ကျပ် ၅,၀၀၀ စျေးကျဆင်းသွားသည်။

ပဲစင်းငုံ ၊မတ်ပဲ
------------
အိန္ဒိယပို့ကုန် ပဲစင်းငုံစျေးမှာ မန္တလေးစျေးကွက်တွင် အရောင်းအဝယ်မရှိတော့ဘဲ မတ်ပဲစျေးနှုန်းမှာ အောက်တိုဘာလ (၆) ရက်တွင် တစ်အိတ်ကျပ် ၁၉၅,၀၀၀ ပေါက်စျေးဖြင့် တည်ငြိမ်နေသည်။ ယင်းပို့ကုန် ပဲနှစ်မျိုးမှာ ဒေါ်လာစျေးကျဆင်းလာသော်လည်း ပြည်တွင်းလက်ကျန် နည်းပါးနေသဖြင့် စျေးကွက်ကျဆင်းမှုနည်းကာ တည်ငြိမ်နေခြင်းဖြစ်သည်။ အောက်တိုဘာလအတွင်း စပါးရိတ်သိမ်းမှုများအပြီး ဒီဇင်ဘာလနှောင်းပိုင်းနှင့် ဇန်နဝါရီလများတွင် မြန်မာနိုင်ငံအောက်ပိုင်းဒေသများ၌ မတ်ပဲစတင်စိုက်ပျိုးသဖြင့် မျိုးစေ့လိုအပ်ချက်များ ရှိလာမည်ဖြစ်သဖြင့် စျေးနှုန်း မကျဆင်းနိုင်ကြောင်း သိရသည်။

🔘တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုမှာ အရေးကြီးကုန်စည်ဖြစ်သည့် ဆေးဝါးများမှလွဲ၍ အခြားပိုကုန်များ သွင်းကုန်များကို နယ်စပ်ဂိတ်အားလုံးမှ တင်ပိုမှုမရှိလုံးဝရပ်နားထားကာ ပြန်လည်ဖွင့်လှစ်ရန် အချိန်ကြာမြင့်နိုင်ကြောင်း တရုတ်နယ်စပ်ကုန်သည်များထံက သိရသည်။

Credit to : ရွှေမန်း (မြန်မာတောင်သူကြီးများဂျာနယ်)