menu

“တရုတ်နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ရန်သေချာမှုမရှိသော်လည်း ဖရဲသခွားစိုက်တောင်သူများ တစ်ပိုင်တစ်နိုင် စွန့်စားစိုက်ပျိုးထား”


🍃🍉🍃🍉🍃🍉🍃🍉🍃🍉🍃

✔️တရုတ်နယ်စပ်ကုန်သွယ်မှုဂိတ်များပြန်လည် ဖွင့်လှစ်ရန်သေချာမှုမရှိသော်လည်း ဖရဲသခွားစိုက် တောင်သူများအနေဖြင့် တစ်ပိုင်တစ်နိုင် စွန့်စားစိုက်ပျိုးထားကြောင်း ဖရဲစိုက်တောင်သူများထံမှ သိရသည်။

✔️ပြီးခဲ့သည့်ဖရဲရာသီတွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုများကြောင့် ဖရဲသခွားတင်ပို့ရာတွင် ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပြီး ယခုနှစ်တွင်လည်းအသီးတင်ပို့မှုနယ်စပ်ဂိတ်ပေါက်များ ဖွင့်လှစ်မှုမသေချာသေးသည့် အခြေအနေရှိနေသော်လည်း တောင်သူတစ်ဦးလျှင် အနည်းဆုံး ငါးဧကနှင့် အောက် စွန့်စားစိုက်ပျိုး ထားကြောင်းသိရသည်။ သို့သော် တစ်ဧကစိုက်ပျိုးစရိတ်ကျပ်၂၅သိန်းအထက်ရှိကာ ယခင်နှစ်ထက် ကျပ် ခုနစ်သိန်းမှ ရှစ်သိန်းဝန်းကျင် ပိုမိုကုန်ကျကြောင်း ဖရဲစိုက်တောင်သူများထံမှသိရသည် ။

✔️မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်ရှိ ဖရဲစိုက်တောင်သူများအနေဖြင့်လည်း ယင်းဒေသအနေဖြင့် အခြားပိုမိုကောင်းမွန်သည့်စီးပွားရေးလုပ်ငန်းမရှိခြင်းကြောင့် အဆုံးရှုံးခံရနိုင်သည့်အနေအထားတွင် ဖရဲကိုသာ တစ်ပိုင်တစ်နိုင်စွန့်စားစိုက်ပျိုးထားကြောင်း နှင့် လက်ရှိတွင် တရုတ်ယွမ်ငွေစျေး မြင့်တက်နေခြင်းကြောင့် နယ်စပ်ဂိတ်များပြန်လည်ဖွင့်လှစ်ပါက ပို့ကုန်ဖရဲစျေးကွက်မှာ ကောင်းမွန်နိုင်ကြောင်း ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာမှ ဦးကျော်မိုးနိုင်က ပြောသည်။

✔️“ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာမှာ ဖရဲစိုက်ဧက ၂၀၀ ကျော် စိုက်ပျိုးထားပါတယ်။ တောင်သူတစ်ဦးကို နှစ်ဧက၊သုံးဧက စိုက်ပျိုးထားကြတယ်။ ရာသီချိန်ရောက်တော့ ခြေနိုင်လက်နိုင် စိုက်ပျိုးကြတာများတယ်။ မစိုက်ပျိုးလို့လည်း အခြားစီးပွားရေးမရှိတော့ စွန့်စားစိုက်ပျိုးကြရတာပါ ။ နယ်စပ်စျေးကွက်ပွင့်တာ မပွင့်တာကတော့ ကံတရားပေါ့။ စိုက်ရမယ့်ရာသီဖြစ်တော့စိုက်ပျိုးကြတာပါ။

✔️"နယ်စပ်ဂိတ်က နိုဝင်ဘာလကုန်ပိုင်းလောက်ဖွင့်နိုင်မယ်လို့ မူဆယ်ဖရဲကုန်သည်ကြီးတွေဆီက သတင်းရပါတယ်။ လက်ရှိမှာ တရုတ်ငွေ ယွမ်စျေးကောင်းနေတော့အသီးစျေးတွေလည်း စျေးကောင်းရမယ်လို့မျှော်လင့်ပါတယ်။ ယခင်နှစ်တွေထက်တော့ ထက်ဝက်လောက် လျော့ချ စိုက်ပျိုးထားတာဖြစ်လို အသီးစျေးကောင်းရအောင် တစ်နိုင်တစ်ပိုင် စွန့်စားစိုက်ပျိုးထားတာပါ”ဟု ၎င်းကပြောသည်။ ယခင်နှစ်များက သစ်ကြီးတောကျေးရွာတွင် ဖရဲစိုက်ပျိုးဧက ၄၀၀ မှ ၅၀၀ အထိစိုက်ပျိုးပြီး ယခုနှစ်မှာ တရုတ်နယ်စပ်ဂိတ်ဖွင့်လှစ်မှုမသေချာခြင်းကြောင့် ဧက၂၀၀ခန့် သာ စွန့်စားစိုက်ပျိုးခြင်း ဖြစ်သည်။

✔️တရုတ်မြန်မာ နယ်စပ်ဂိတ်များကို ၂၀၂၀ ဇူလိုင်လဆန်းပိုင်းမှ စတင်ကာ ပိတ်သိမ်းသွားသဖြင့် ၁၄လကျော် ကုန်သွယ်မှု ရပ်ဆိုင်းသွားခဲ့ရပြီး နှစ်နိုင်ငံကုန်သွယ်မှုလျော့ကျ နစ်နာခဲ့ရသလို မြန်မာဘက်မှ လယ်ယာထွက်ကုန်များ တင်ပို့နိုင်ခြင်းမရှိသဖြင့် တောင်သူများအဓိက နစ်နာဆုံးရှုံးခဲ့ရကြောင်း မူဆယ်-နမ်းခမ်း ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဌ ဦးစိုင်းခင်မောင်က ပြောသည်။

✔️“တရုတ်နယ်စပ်ဂိတ်တွေ ပိတ်ခြင်းဖွင့်ခြင်းအပေါ်မှာပဲ စိတ်ဝင်စားနေကြတယ်။ အဲဒီနောက်ကွယ်မှာ အခြားစိုးရိမ်စရာအကြောင်းအရာတွေရှိသေးတယ်။ တောင်သူတွေကိုယ်တိုင်နိုင်သလောက်နဲ့ပဲ စိုက်ပျိုးသင့်တယ်။ အကြွေးတင်နိုင်တဲ့အခြေအနေနဲ့မစိုက်သင့်ပါဘူး။ ပွဲရုံတွေကလည်း အင်နဲ့အားနဲ့ သွင်းအားစုတွေထုတ်မပေးနိုင်ပါဘူး။ လက်ရှိနယ်စပ်မှာ တရုတ်ဘက်ကကုန်သည်တွေကလည်း အရမ်းဖွင့်စေချင်နေပြီ။ တရုတ်သွင်းကုန် ကုန်သည်တွေလည်း ဒုက္ခရောက်နေပြီ။ စက်ရုံထုတ်ပစ္စည်း တွေအတွက် ထွက်ပေါက်လိုအပ်နေပြီ ။ နိုဝင်ဘာ(၂၀)ရက်ကျော်ရင် ဝမ်တိန်-ရွှေလီမှာ လော့ဒေါင်းတွေ ဖြေတော့မှာပါ။ မြန်မာကုန်သွယ်မှုတာဝန်ရှိသူတွေက ကုန်သွယ်မှုမှာတန်းတူညီမျှရှိစေရန် တရုတ်ဘက်က ကားအစီး ၁,၀၀၀ ဝင်ရင် မြန်မာဘက်က ကားအစီး ၁,၀၀၀ ပြန်သွင်းမယ်လို့ မူဝါဒလက်ကိုင်ထားတယ်။ ဒီမူဝါဒက ပြေလည်နိုင်ပါတယ် ။ တန်ဖိုးချင်းမဟုတ်ဘဲ ကားအစီးရေဆိုတော့ အဆင်ပြေလောက်ပါတယ်" ဟု ၎င်းက ပြောသည်။

✔️မူဆယ်တွင်ဖရဲတင်ပို့ပေးနေသောကားမောင်းသူ ကိုစိုင်းက "လက်ရှိကြားနေရတဲ့သတင်းတွေက နယ်စပ်ဂိတ်တွေဖွင့်မှပဲ ဖွင့်တယ်ပြောနိုင်မယ်။ တရုတ်ဘက်က ဖွင့်ဖို့သေသေချာချာ မသိရသေးဘူး။ လက်ရှိမှာ တာချီလိတ်၊ မိုင်းလားဘက်ကဂိတ်ကနေ တစ်သျှူးငှက်ပျောသီးတွေ အအေးခန်းကားတွေနဲ့ ကားခသိန်း၄၀ ပေးပြီး တင်ပို့နေတယ်” ဟု ပြောသည်။ တရုတ် မြန်မာနယ်စပ် ကုန်သွယ်မှုမှာ မြန်မာ့လယ်ယာထွက်ကုန်များ တင်ပို့မှုအတွက် အရေးပါဆုံး နယ်စပ်ပို့ကုန်လမ်းကြောင်းဖြစ်သည်။

✔️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

Sources : ရွှေမန်း