menu

“၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွက် လပတ်မိုးလေဝသခန့်မှန်းချက်”



⛈️⛈️⛈️⛈️⛈️⛈️⛈️⛈️⛈️⛈️

ဘင်္ဂလားပင်လယ်အော် အခြေအနေ
-------------------------------

လာမည့် အောက်တိုဘာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း(၃)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ အနောက်တောင်မုတ်သုံလေသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၃ - ၈) ရက်နေ့အတွင်း မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသများမှလည်းကောင်း၊ အောက်တိုဘာလ(၉ - ၁၄) ရက်နေ့အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးမှလည်းကောင်း ဆုတ်ခွာသွားဖွယ်ရာရှိပါသည်။ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် တိမ်အသင့်အတင့်မှတိမ်ထူထပ်နိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားအနည်းငယ်မှ အားအသင့်အတင့်ရှိနိုင်ပါသည်။ 

မိုးရွာသွန်းနိုင်မှု အခြေအနေ
------------------------

အောက်တိုဘာလအတွင်း မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။ 

မိုးရွာသွန်းနိုင်သည့်ရက်များ
----------------------

လာမည့်လအတွင်း မိုးရွာသွန်းနိုင်သည့်ရက်များမှာ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၁၅)ရက်မှ (၂၀)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၉)ရက်မှ (၁၄)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

Sources : မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန