menu

၂၀၂၁ ခုနှစ်၊ မေလ (၂၆)ရက်နေ့အတွက် မိုးလေဝသသတင်း


🌧🌧🌧🌧🌧🌧🌧🌧🌧🌧

➡️ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ⬅️ 

ယနေ့မြန်မာစံတော်ချိန် နံနက်(၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “ယာစ် (YAAS)”သည် မြောက်/အနောက်မြောက်ဘက်သို့ ရွေ့လျားလာခဲ့ပြီး မြန်မာနိုင်ငံ၊ ပုသိမ်(Pathein)မြို့၏ အနောက်မြောက်ဘက် ရေမိုင် (၄၆၀)မိုင်ခန့်၊ စစ်တွေ(Sittwe)မြို့၏ အနောက်/အနောက်မြာက်ဘက် ရေမိုင် (၃၀၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဒမ်မရာ(Dhamra)မြို့၏ အရှေ့တောင်ဘက် ရေမိုင်(၄၅)မိုင်ခန့်နှင့် ဘလာဆော (Balasore)မြို့၏ တောင်/အရှေ့တောင်ဘက် ရေမိုင်(၇၅)မိုင်ခန့် အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “ယာစ် (YAAS)” သည် မြောက်/အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး၊ နောက်(၁၂)နာရီ အတွင်း အိန္ဒိယနိုင်ငံ မြောက်ပိုင်းကမ်းခြေကို ဒမ်မာရာ(Dhamar)မြို့နှင့် ဘလာဆော (Balasore))မြို့အနီးမှဖြတ်ကျော် ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော် အရှေ့ တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်ထူထပ် နေပါသည်။

➡️ယနေ့ညနေအထိခန့်မှန်းချက်⬅️

ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

➡️မြန်မာ့ပင်လယ်ပြင်အခြေအနေ⬅️

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင် ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ တွင် (၁၃)ပေမှ (၁၇)ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့်ရှိနိုင်ပါသည်။

➡️နောက်(၂)ရက်အတွက်ခန့်မှန်းချက်⬅️

မြစ်ဝကျွန်းပေါ်ဒေသများတွင် ထစ်ချုန်းမည့်အခြေအနေများ ဆက်လက် ဖြစ်ပေါ်နေမည်။ 
➡️နေပြည်တော် နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်မှာနေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိ ခန့်မှန်းချက်မှာ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

Source - မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန