menu

"၂၀၂၃ ခုနှစ်၊ မေလအတွက် လပတ် မိုးလေဝသခန့်မှန်းချက်"


🌿⛈️🌿⛈️🌿⛈️🌿⛈️🌿⛈️🌿

ဘင်္ဂလားပင်လယ်အော်အခြေအနေ .....

အနောက်တောင်မုတ်သုံလေသည် မေလ (၁၃ - ၁၈) ရက်နေ့အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ လည်းကောင်း၊ မေလ (၁၉ - ၂၄) ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်ဒေသများသို့ လည်းကောင်း၊ မေလ (၂၅ - ၃၁) ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ လည်းကောင်း အသီးသီး ၀င်ရောက်နိုင်ပါသည်။ မေလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း (၂)ကြိမ် ဖြစ်ပေါ် နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါသည်။

မိုးရွာသွန်းနိုင်သည့်အခြေအနေ .....

မိုးရွာသွန်းမှုအခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။ 

မိုးရွာသွန်းနိုင်သည့်ရက်များ .....

မိုးရွာနိုင်သည့်ရက်များမှာ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၁၇)ရက်မှ (၂၂)ရက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်မြောက်ပိုင်း)၊ ချင်းပြည် နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၁၁)ရက်မှ (၁၆)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)တို့တွင် (၅)ရက်မှ (၁၀)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။ 

နေ့အပူချိန် အခြေအနေ .....

နေ့အပူချိန်များမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် မေလ ပျမ်းမျှအပူချိန်၏ (၁.၅)ဒီဂရီစင်တီဂရိတ်နှင့်အထက်ပိုနိုင်ပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မေလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ပါသည်။

Sources : မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန