menu

“၂၀၂၂ ခုနှစ် မိုးနှောင်းကာလအတွက် မိုးလေဝသခန့်မှန်းချက်”


🌾☁️🌾☁️🌾☁️🌾☁️🌾☁️🌾

၂၀၂၂ ခုနှစ် မိုးနှောင်းကာလ သတ်မှတ်ခြင်း .....

၂၀၂၂ ခုနှစ်၊ မိုးနှောင်းကာလသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တော်သလင်းလဆန်း (၇)ရက်နေ့) မှစ၍ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ ပြန်လည်ဆုတ်ခွာသွားသည့်နေ့အထိ ဖြစ်ပါသည်။

မုတ်သုံလေဆုတ်ခွာနိုင်သည့် အခြေအနေ .....

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအရပ်ရပ်မှ အောက်ပါအတိုင်း ဆုတ်ခွာနိုင်ဖွယ်ရာ ရှိပါသည်။

(က) စက်တင်ဘာလ (၁၃ - ၁၈) ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှလည်းကောင်း

(ခ) စက်တင်ဘာလ (၁၉ - ၂၄) ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ လည်းကောင်း

(ဂ) စက်တင်ဘာလ (၂၅ - ၃၀) ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်ဒေသများမှ လည်းကောင်း

(ဃ) အောက်တိုဘာလ (၁ - ၇) ရက်နေ့အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ လည်းကောင်း ဆုတ်ခွာသွားဖွယ်ရာရှိပါသည်။

ဘင်္ဂလားပင်လယ်အော် အခြေအနေ .....

ဤကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း(၄)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၂)ကြိမ်တွင်ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအနည်းငယ်မှ အားအသင့်အတင့်ရှိနိုင်ပါသည်။

မိုးရွာသွန်းနိုင်မှု အခြေအနေ .....

မိုးရွာသွန်းမှုအခြေအနေမှာ တနင်္သာရီတိုင်းဒေသကြီးတွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

Sources : မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန