menu

ငရုတ်အစိုဈေးနှုန်း ယခင်လနှင့် နှိုင်းယှဉ်ပါက ဈေးတက်လာ


🌿🌶🌿🌶🌿🌶🌿🌶🌿🌶🌿

◾️ ပြည်တွင်းပြည်ပ ငရုတ်အစိုဝယ်လိုအားကြောင့် ယခင်လကာလတူနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ် ၂၀၀ ခန့် ဈေးတက်လာကြောင်း ဈေးကွက်အတွင်းမှသိရသည်။

◾️ ယခင်လတတိယပတ်အစက ငရုတ်အမျိုးအစားအလိုက် တစ်ပိဿာလျှင် ကျပ် ၄၀၀မှ ၅၅၀ ကြား ရှိရာမှယခုလ တတိယပတ်အစတွင် တစ်ပိဿာလျှင် ကျပ် ၆၀၀မှ ၆၅၀ ကြား ရှိလာကြောင်းသိရသည်။

◾️ မြဝတီ-မန္တလေး ငရုတ်ကုန်သည် ဦးမောင်မောင်က “ငရုတ်ဈေး အတက်အကျ မမှန်ဘူး ဖြစ်နေတယ်။ ထိုင်းဘက်က ဝယ်လာရင်တော့ အဲ့ဒီအပတ်ကဈေးမာတယ်။ ပြည်တွင်းဈေးကွက် ဆိုရင်တော့ဈေးက အကျဘက်မှာရှိတယ်။ ဒါကြောင့် တောင်သူတွေအနေနဲ့ ကြိုတင်ခူးဆွတ်တာမျိုး မလုပ်သင့်ပါဘူး။ ကုန်သည်က လိုအပ်လို့ ဆက်သွယ်လာမှသာ ခူးဆွတ်ရမှာပါ။ ဈေးကွက်မရှိပဲ ခူးဆွတ်ရင် ပုတ်ကုန်ဖြစ်သွားလိမ့်မယ်။ ဒီကာလမှာ ပုံသေဈေးနှုန်းမျိုး လိုချင်ရင် အပင်မှာပဲ အမှည့်ခံ ထားရင် ပိုကောင်းမယ်”ဟု ပြောသည်။

◾️ လက်ရှိတွင် ငရုတ်အစိုသည် မကွေး၊ မန္တလေး၊နေပြည်တော် တို့တွင်အများဆုံး ထွက်ရှိနေကြောင်း၊ ငရုတ်အစိုသီးမှာ ကြာရှည်အထားမခံ၍ ဈေးကွက် အပေါ်စောင့်ကြည့်ရန် လိုအပ်ကြောင်း၊ တောင်သူများက ဒေသခံကုန်သည်၊ပွဲစားများနှင့် ချိတ်ဆက်၍ ညှိနှိုင်း ဆောင်ရွက်သင့်သည့် ကာလဖြစ်ကြောင်း သိရသည်။

◾️ “ငရုတ်အစိုကို ပိဿာနဲ့ရော တင်းနဲ့ရော ဝယ်ပါတယ်။ တင်းဆိုရင် ၁၆ ပြည်ဆံ့ တင်းနဲ့ တစ်တင်းကို ကျပ် ၆,၀၀၀နဲ့ ၇,၀၀၀ကြား ပေးပါတယ်။ ဘဏ်တွေမဖွင့်သေးခင်စပ်ကြားမှာတော့ ဒီလောက်ဈေးက နှစ်ဖက် အဆင်ပြေနိုင်တာပေါ့။ တောင်သူအနေနဲ့ ပွဲရုံဈေး၊ ပွဲစားဈေးတော့ နည်းနည်း ကွာဟနိုင်တယ်။ ပွဲစားကတော့ကြားထဲက ပွဲခယူဦးမှာပေါ့။ ဒါပေမယ့် ဘယ်နေရာပဲရောင်းရောင်း ဈေးကွက်စောင့်ကြည့် ပြီးမှ လုပ်ကြဖို့ပါ” ဟု မန္တ လေး -ရန်ကုန် ငရုတ်ကုန်သည် ဦးစိုးသူက ပြောသည်။

◾️ လက်ရှိထွက်ရှိနေသည့် ငရုတ်အစိုများမှာ ဖေဖော်ဝါရီလတွင် စတင်စိုက်ပျိုးခဲ့ပြီး မေလနှောင်းပိုင်းတွင် စတင်ခူးဆွတ်ကြကြောင်း၊ ငရုတ်မျိုးအနေဖြင့် အထွက်နှုန်း ကောင်းမွန်သော သာမို ၊ ဒီမွန် ၊ ၆၉၂ မျိုးများ ကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင်ကုန်ကျစရိတ် ကျပ်ငါးသိန်းခန့် ရှိနေကြောင်း သိရသည်။ ဈေးကွက်အတွင်း ငရုတ်အစိုတစ်တင်းလျှင် အများဆုံး ကျပ် ၇,၅၀၀ အထိ လည်းကောင်း၊ အခြောက်တစ်တင်းလျှင် ကျပ် ၅,၅၀၀ မှ ၆,၅၀၀ ကြားရှိနေကြောင်းသိရသည်။

◾️ ငရုတ်စိုက်ပျိုးထွက်ရာ ဒေသများမှာ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်၊ ရမည်းသင်း၊ ပြင်ဦးလွင်၊ မကွေးတိုင်းဒေသကြီး နတ်မောက်နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ တစ်ဆင့် ရန်ကုန်၊ မွန်ပြည်နယ်၊ မုံရွာ၊ ရှမ်းပြည်နယ်ဘက်သို့ ဖြန့်ဖြူး ရောင်းချကြောင်း သိရသည်။

Sources : ဇာလင်းသူ(AMIA)