menu

ယခင်ကအဝယ်နည်းသည့် ပဲကြီး၊ ပဲဇီးကွက်နှင့် စွန်တာပြာများ တရုတ်ကဝယ်လာခြင်းကြောင့် ဈေးနှုန်းမြင့်တက်လာ



♦️ယခင်ကအဝယ်နည်းသည့် ပဲကြီး၊ ပဲဇီးကွက်နှင့် စွန်တာပြာများ တရုတ်ကဝယ်လာခြင်းကြောင့် ဈေးနှုန်းမြင့်တက်လာ♦️
 🌿🍃🌿🍃🌿🍃🌿🍃🌿🍃🌿🍃🌿 

 မန္တလေး ပဲမျိုးစုံဈေးကွက်အတွင်း၌ ယခင်က ပြည်ပ တင်ပို့မှုနည်းသည့် ပဲအမျိုးအစားဖြစ်သည့် ပဲကြီး၊ ပဲဇီးကွက် နှင့် စွန်တာပြာတို့ကို တရုတ်နိုင်ငံက ဝယ်ယူလာသည့်အပြင် ပြည်တွင်းဝယ်ယူမှုလည်းရှိသဖြင့် ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။  

ပဲကြီး 

တရုတ်ဝယ်လက်များက ယခုသီတင်းပတ်အတွင်း ဝယ်ယူလာခြင်းနှင့် ပြည်တွင်းစားသုံးကုန် လုပ်ငန်းများကလည်း ပုံမှန်ဝယ်ယူနေခြင်းကြောင့် ဝယ်လက်ဆုံကာ ဈေးတက်လာသည်။ သြဂုတ် ၁ ရက်က သုံးတင်းဝင်တစ်အိတ်လျှင် ကျပ်တစ်သိန်းရှိရာမှ သြဂုတ် ၇ ရက်တွင် ကျပ် ၁၀၅၀၀၀ မှ ကျပ် ၁၀၇၀၀၀ ကြားသို့ မြင့်တက်လာသည်။ တရုတ်နိုင်ငံကဆက်လက်ဝယ်ယူမည့်အခြေအနေကြောင့် ဈေးနှုန်းပြန်လည်ကျဆင်းနိုင်ခြေ နည်းပါးသည်။

ပဲဇီးကွက်

တရုတ်နိုင်ငံက ဝယ်ယူမှုမရှိသလောက် နည်းပါးခဲ့သော်လည်း ယခုလအတွင်း ဝယ်ယူလာခဲ့ခြင်းကြောင့် သြဂုတ် ၁ ရက်ကသုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၅၂၀၀၀ မှ ကျပ် ၅၃၀၀၀ ပေါက်ဈေးရှိရာမှ သြဂုတ် ၇ ရက်တွင် ကျပ် ၅၇၀၀၀ သို့ မြင့်တက်လာသည်။ 

စွန်တာပြာ

ပြည်တွင်းဝယ်လက်များက ပုံမှန်ဝယ်ယူနေသကဲ့သို့ ပြည်ပဝယ်လက်ဖြစ်သည့် တရုတ်နိုင်ငံကလည်း လိုက်လံဝယ်ယူနေသဖြင့် သြဂုတ် ၁ ရက်က စွန်တာပြာပဲ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၅၃၀၀၀ သာရှိရာမှ သြဂုတ် ၇ ရက်တွင် ကျပ် ၅၆၆၀၀ သို့ မြင့်တက်လာသည်။ ယခုသီတင်းပတ်အတွင်း ဈေးနှုန်းအတက်ဘက်သို့ ဦးတည်နေဦးမည်ဖြစ်ကြောင်းကုန်သည်များက သုံးသပ်ထားသည်။  

ပဲစင်းငုံ

အိန္ဒိယနိုင်ငံသို့ တင်ပို့ရန် ပါမစ်ချထားပေးရမည့်ရက်ကျော်လွန်လာသော်လည်း ယခုအချိန်အထိ ချထားပေးခြင်းမရှိပေ။ ဈေးနှုန်းကျဆင်းခြင်း မရှိသော်လည်း အရောင်းအဝယ်အေး နေသည်။ သြဂုတ် ၇ ရက်တွင် ပဲစင်းငုံသုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၇၅၅၀၀ ရှိသည်။ 

ပဲတီစိမ်း

သြဂုတ်ပထမပတ်တွင် တရုတ်နိုင်ငံက ဝယ်ယူမှုများသဖြင့် သုံးတင်းဝင်တစ်အိတ်လျှင် ကျပ်တစ်ထောင်ခန့် မြင့်တက်ခဲ့ပြီးနောက် အဆိုပါဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ တန့်နေသည်။ သြဂုတ် ၇ ရက်တွင် ပဲတီစိမ်းထိပ်စ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၁၀၀၀၀ မှ ကျပ် ၁၁၆၀၀၀ ကြား ပေါက်ဈေးရှိသည်။ 

နှမ်း

စမုန်နှမ်းနက်ကို တရုတ်ဝယ်လက်များက ဝယ်ယူမှုကြောင့် ဇူလိုင်လ နောက်ဆုံးပတ်တွင် သိသိသာသာ ဈေးနှုန်းမြင့်တက်ခဲ့ပြီး လက်ရှိအချိန်အထိ အဆိုပါဈေးနှုန်းအတိုင်း ရပ်တန့်နေသည်။ သြဂုတ် ၇ ရက်တွင် စမုန်နှမ်းနက် (ထိပ်စ) သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၂၁၀၀၀၀ ရှိပြီး အလတ်စမှာ ကျပ် ၁၉၀၀၀၀ ရှိသည်။ ယခုအနေအထားအရ ရက်ပိုင်းအတွင်း ဈေးနှုန်းအပြောင်းအလဲမရှိနိုင်သေးကြောင်း သိရသည်။ 

မတ်ပဲ

ပြည်တွင်းဝယ်လက်သာရှိသော်လည်း ဈေးကွက်အတွင်း မတ်ပဲနည်းလာသဖြင့် ဈေးနှုန်းကျဆင်းခြင်းမရှိပေ။ သြဂုတ် ၇ ရက်က သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၈၅၀၀၀ မှ ကျပ် ၉၇၀၀၀ရှိသည်။ 

ကုလားပဲ

ပြည်တွင်းစားသောက်ကုန်လုပ်ငန်းများ အသုံးပြုရန် ပဲခွဲစက်များက ပုံမှန်ဝယ်ယူနေခြင်းကြောင့် ဈေးနှုန်းအတက်အကျ ပြောင်းလဲမှုမရှိဘဲ တန့်နေသည်။ သြဂုတ် ၇ ရက်က ကုလားပဲ(ဗွီတူး) သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၇၃၀၀၀၊ ကုလားပဲ(နိုင်းတူးနိုင်း)မှာ ကျပ် ၇၂၅၀၀၊ ကုလားပဲ (ထိုင်ဝမ်) မှာ ကျပ် ၆၈၀၀၀ ပေါက်ဈေးရှိသည်။ 

မျိုးသန့် 
မြန်မာတောင်သူကြီးများဂျာနယ် ၂၀၂၀ပြည့်နှစ် ဩဂုတ်လ (၁၀)ရက်။